သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း


စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း
စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတချို့ ရှိနေပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် စစ်ပွဲတွေ အတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရား ပြုမှုတွေ ဆက်ပြီးတော့ ရှိနေတာကြောင့် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဖိဖိစီးစီး ဆောင်ရွက်ပေးဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးက စုပေါင်း တောင်းဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက် မမြောက် စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့ရေးကိစ္စကို အခု ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းမှာ ပါဝင်စေရေး အားစိုက်ဆောင်ရွက်ဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Hillary Clinton) ကို စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းဖို့ တောင်းဆိုပါသည်ဆိုတဲ့ စကားရပ် အဲဒီဆုံးဖြတ်ချက်မှာ ပါလာစေဖို့ အမေရိကန် အနေနဲ့ အခြား အစိုးရတွေနဲ့ ဆွေးနွေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာပါ။

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ရှိပေမဲ့ ဒီအပြောင်းအလဲတွေဟာ လူ့အခွင့်အရေးအတွက် တကယ့် တိုးတက်မှုတွေလို့ ယူဆလို့ မရတဲ့အကြောင်း Nobel Women's Initiative အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်များ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒိုင်ယာနာ ဆာရိုဆီ (Diana Sarosi) က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲ ကျင်းပတာ၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာ စတဲ့ အပြောင်းအလဲအချို့ ရှိလာပေမဲ့လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် တကယ့် တိုးတက်မှုတွေ ဖြစ်လာပြီလို့ ယူဆလို့ မရပါဘူး။ နေ့စဉ်လိုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲပါ။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုမှုတွေ ဆက်ရှိနေတုန်းပဲလို့ အမျိုးသမီး အဖွဲ့အစည်းတွေက ထုတ်ပြန်နေတုန်းပါ။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို စစ်ဆင်တဲ့ နေရာမှာ တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုနေတာတွေကို စစ်လက်နက်သဖွယ် အသုံးပြုနေတုန်းပဲဆိုတာ ရှင်းနေပါတယ်။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကနဦးအားဖြင့် မြန်မာအစိုးရက လုပ်ဖို့၊ မြန်မာအစိုးရဘက်က ဒါကို ပျက်ကွက်လာရင် နိုင်ငံတကာမှာ တာဝန်ရှိတယ်၊ နိုင်ငံတကာက အရေးယူပြီး စုံစမ်းရေး ကော်မတီဖွဲ့ဖို့ မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Tomas Ojea Quintana) က တိုက်တွန်းထားတာပါ။

မြန်မာအစိုးရကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လွတ်လပ်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆိုတာကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ အာဏာပိုင်ဘက်ကလူတွေ ပါဝင်နေတယ်လို့ Nobel Women Initiative က ယူဆပါတယ်။

“ပြောရရင်တော့ အာဏာပိုင်တွေဘက်က ထပ်ပါနေတဲ့ သဘောပါ။ လူ့အခွင့်အရေး အခြေအနေတွေကို ပြည့်ပြည့်စုံစုံ မျှမျှတတဖြစ်အောင် စုံစမ်းစစ်ဆေးနိုင်တဲ့ အခြေအနေ အားနည်းပါတယ်။ ကျမတို့ အမြင်ကတော့ တိုးတက်လာတဲ့ အခြေအနေတွေကို တိုင်းတာမယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွတ်လာမလား ကြည့်ရပါမယ်။ သူတို့တွေ ထောင်ထဲမှာ ရှိနေသ၍တော့ မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာပြီလို့ မပြောနိုင်သေးပါဘူး။”

မြန်မာ့အရေး အထွေထွေ ညီလာခံက ဆုံးဖြတ်ရမယ့် မူကြမ်းကိုတော့ အခုလက်ရှိ EU ဥရောပသမဂ္ဂက ရေးဆွဲ တင်ပြမယ်လို့ သိရပါတယ်။ ဒါပေမဲ့ EU ထဲမှာပဲ မြန်မာ့အရေး စုံစမ်းရေး ကော်မတီဖွဲ့ဖို့ ကိစ္စက သဘောကွဲလွဲတာတွေ ကြားနေရပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ EU ထဲမှာ အဓိက အတိုက်အခံ ဖြစ်နေတဲ့ ဂျာမဏီနိုင်ငံကို စည်းရုံးနိုင်မယ်လို့ ဒိုင်ယာနာ ဆာရိုဆီက ယူဆပါတယ်။

“အဓိက အတိုက်အခံ လုပ်နေတဲ့ နိုင်ငံကတော့ ဂျာမဏီနိုင်ငံပါ။ ဒါကြောင့် ဂျာမဏီအနေနဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီဖွဲ့ဖို့ လိုအပ်တယ် ဆိုတာကို လက်ခံလာအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖျောင်းဖျ စည်းရုံးနိုင်မယ်လို့ ယူဆပါတယ်။”

စစ်ဆင်ရေးတွေအတွင်း မြန်မာအစိုးရ တပ်တွေဘက်က ဒေသခံ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတရားပြုမှုတွေ ရှိနေတုန်းပဲဆိုတာ KWAT ကချင်အမျိုးသမီး အဖွဲ့နဲ့ SWAN ရှမ်းအမျိုးသမီးရေးရာ ကွန်ရက်တို့က သတင်းအချက်အလက်တွေ ဆက်ပြီး စုဆောင်းရရှိနေသေးတယ်လို့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးရဲ့ စာထဲမှာ ဖော်ပြပါတယ်။

ပေးပို့သူ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးကတော့ မရိဒ် မက်ဂွိုင်းယား (Mairead Maguire)၊ ရီဂိုဘာတာ မန်ချူ တမ် (Rigoberta Menchu Tum)၊ ဂျိုဒီ ဝီလီယံစ် (Jody Williams)၊ ရှီရင် အီဘာဒီ (Shirin Ebadi)၊ ဝန်ဂါရီ မာတိုင်း (Wangari Maathai) တို့ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အပြင် အမေရိကန် နိုင်ငံခြားရေးဌာနက အကြီးတန်းအရာရှိ အချို့ကိုလည်း ပူးတွဲစာ ပေးပို့ထားပါတယ်။

XS
SM
MD
LG