သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်တက်ပြီး ကင်တားနား မြန်မာပြည်သွားမည်


အစိုးရသစ်တက်ပြီး ကင်တားနား မြန်မာပြည်သွားမည်
အစိုးရသစ်တက်ပြီး ကင်တားနား မြန်မာပြည်သွားမည်

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ နိုင်ငံတကာ တောင်းဆိုချက်တွေအပေါ် မြန်မာအစိုးရဘက်က ကိုင်တွယ်မှုတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ မညီတဲ့အတွက် လွတ်လပ်မျှတတဲ့ စုံစမ်းမှုတွေ ပြန်လုပ်ဖို့ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာပိုင်တွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေကို အဆုံးသတ်ဖို့လိုပြီး မြန်မာအစိုးရဘက်က ဒါကိုပျက်ကွက်ရင် နိုင်ငံတကာက အရေးယူ ကိုင်တွယ် စဉ်းစားရမယ့် အခြေအနေလည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခုလက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံကနေ လာမယ့် မတ်လ ၂၄ ရက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ရှိပြီး လက်ရှိ ဆုံးဖြတ်ချက် မူကြမ်းမှာတော့ လာမယ့် အစိုးရသစ် အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း ဝင်ရောက်စစ်ဆေး လေ့လာခွင့်ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာပိုင် တာဝန်ရှိသူတွေကို ဖော်ထုတ်ပေးဖို့ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ
တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။

“အခု ဆုံးဖြတ်ချက် မူကြမ်းထဲမှာတော့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေဟာ ကျနော့် အစီရင်ခံစာပါ အချက်အလက်တွေကို ထောက်ပြပြီး လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ပြန်လည်ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။ အခြေခံအားဖြင့်တော့ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့်ကို မကြာခင် အချိန်အတွင်းမှာ မြန်မာနိုင်ငံထဲ သွားရောက် လေ့လာခွင့်ပေးဖို့ တောင်းဆိုတာပါ။

“ကျနော့်အနေနဲ့ မြန်မာနိုင်ငံကို နောက်ဆုံးသွားနိုင်ခဲ့တာက ၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တရားမျှတမှု ပြန်လည်ဖော်ထုတ်ဖို့နဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်ပေးဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။”

မြန်မာအစိုးရဘက်က လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်ဘူး ဆိုရင်တော့ နိုင်ငံတကာ အနေနဲ့ ဒါကို ကိုင်တွယ်ရမှာဖြစ်ပြီး အခုလာမယ့် ၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက ဘယ်လို ကိုင်တွယ်ကြမလဲဆိုတဲ့ အရေးကြီးတဲ့နှစ် ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ တာဝန်ရှိသူတွေ ကင်းလွတ်ခွင့် ရနေတဲ့ကိစ္စ Impunity ဆိုတာ အဆုံးသတ်ဖို့အတွက် အစိုးရမှာ အရေးတကြီး တာဝန်ရှိတယ် ဆိုတာကိုလည်း ထောက်ပြထားပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဒီတာဝန်ကို အလျှင်အမြန် မကိုင်တွယ်နိုင်ဘူး ဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ဟာ နိုင်ငံတကာရဲ့ တာဝန်တရပ်လည်း ဖြစ်တယ်ဆိုတာကို ဒီ ဆုံးဖြတ်ချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒီအတွက် နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေထဲက တခုအနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး ဆိုတာကို ထည့်ထားပါတယ်။”

မြန်မာအစိုးရဘက်ကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာပဲ သူတို့အနေနဲ့ သူတို့နည်း သူတို့ဟန်နဲ့ စုံစမ်းမှုတွေ လုပ်ခဲ့တယ်၊ အရေးယူမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံတကာကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီစုံစမ်းမှုတွေရဲ့ လွတ်လပ်မှုနဲ့ မျှတမှုအပေါ် မစ္စတာ ကင်တားနားက သံသယရှိပါတယ်။

အခု လတ်တလော လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းမှာတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာ စံနှုန်းအတိုင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားသလို အဲဒီဖြစ်ထွန်းမှု အခြေအနေတွေကို စောင့်ကြည့်ပြီး ဒီနှစ်အတွင်းမှာပဲ လူ့အခွင့်အရေးကောင်စီကို ပြန်အစီရင်ခံဖို့ အထူးကိုယ်စားလှယ်ကိုလည်း အကြံပြုထားတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ပြဿနာကတော့ အစိုးရက ဒီလို စုံစမ်းစစ်ဆေးတယ်ဆိုတာ ကျနော်တို့ကို အကြောင်းမကြားတဲ့အပြင် ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ ညီရဲ့လား၊ လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းရဲ့လားဆိုတဲ့ မေးခွန်းရှိပါတယ်။ ဒါကြောင့် ဒါတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ နိုင်ငံတကာက မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့အညီ ဆန်းစစ်နိုင်ဖို့ အခုတက်လာမယ့် အစိုးရအသစ် အနေနဲ့ ဒီစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ အသိပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

“ဒါတွေကို မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်တာ မရှိဘူး ဆိုရင်တော့ အခုလာမယ့် ဇွန်လ လူ့အခွင့်အရေးကောင်စီနဲ့ အောက်တိုဘာလ အထွေထွေ ညီလာခံတွေမှာ အသေးစိတ်ကို ထပ်ပြီး ဆွေးနွေးကြမှာပါ။”

အခု လူ့အခွင့်အရေးကောင်စီ အစည်းအဝေး အတွင်းမှာပဲ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့် ပေးပါ့မယ်လို့ မြန်မာကိုယ်စားလှယ်ဘက်က တရားဝင် ကတိစကားကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လာမယ့် အစိုးရသစ် တရားဝင် ဖြစ်တဲ့အထိ စောင့်ဆိုင်းပြီး အစိုးရသစ် တက်လာတဲ့အချိန် သူ့ခန့်မှန်းချက်အရ အခု ဒီလအကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံကို လာရောက်လေ့လာခွင့် အာဏာပိုင်တွေကို တောင်းဆို တင်ပြမယ်လို့ ပြောပါတယ်။

အခု ဆုံးဖြတ်ချက် မူကြမ်းထဲမှာတော့ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြန်လည်ဖော်ထုတ်ဖို့အပြင် လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ တရားရေးစနစ်နဲ့ ဥပဒေပိုင်းတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံသား အားလုံးရဲ့ လွတ်လပ်မှုနဲ့ ဘေးကင်းလုံခြုံမှုကို အစိုးရက အာမခံဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG