သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း


မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း
မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း

တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့က အခုကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားအချို့ စာရင်းလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ ဘယ်လို သတ်မှတ်ချက်မျိုး၊ ဘယ်လို အခြေအနေမျိုးကြောင့် ဒီစာရင်းထဲမှာ တချို့ပဲ ပါဝင်နေသလဲ ဆိုတာကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ နိုင်ငံပေါင်း ၂၃ နိုင်ငံက တရားမဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူ ၉၈ ဦးကို စာရင်းပြုစု တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ၅ ဦး ပါဝင်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၉၀ ခုနှစ် ရွေးကောက်ခံအမတ် ၂ ဦးဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်နဲ့ ဦးညီပု၊ အမေရိကန် နိုင်ငံသား ကျော်ဇောလွင် ခေါ် ကိုညီညီအောင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ဖြစ်ကြပါတယ်။ ၉၈ ဦး စာရင်းထဲက ၃ ဦး လွတ်မြောက်လာခဲ့တယ်လို့ တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ အလုပ်အဖွဲ့ ခေါင်းဆောင် အယ်လ် ဟတ်ဒ်ဂျီ မာလစ်ခ် ဆိုး (El Hadji Malikc Sow) က လူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့ပါတယ်။

“ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အလုပ်အဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ စာရင်းထဲက ၃ ဦး လွတ်မြောက်ခဲ့တဲ့ အပေါ်မှာတော့ ကြိုဆိုပါတယ်။ အီသီယိုးပီးယားနိုင်ငံက မဒမ် ဘာတူကန် မီဒက်ဆာ (Birtukan Mideksa)၊ မစ္စတာ သေဒီယို ငုယန် ဗန် လေး (Thadeus Nguyen Ven Lay) နဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြပါတယ်။”

တရားဥပဒေနဲ့ မညီညွတ်ဘဲ အတင်းအကျပ် ချုပ်နှောင်ခံရတဲ့ စာရင်းကို ပြုစုရာမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တရားစီရင်ရေးစနစ် လွတ်လပ်မှု ဘယ်လောက်ရှိမရှိကိုလည်း ဆန်းစစ်ထားပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ အခု အစီရင်ခံစာထဲမှာ ၅ ဦးပဲ ပါဝင်တဲ့ ကိစ္စကတော့ တရားရုံးဆိုင်ရာ လိုအပ်တဲ့ အထောက်အထားတွေနဲ့ မိသားစုဝင်တွေရဲ့ စနစ်တကျ တိုင်ကြားမှု အားနည်းတာကြောင့်လို့ ALRC အာရှဒေသ ဥပဒေရေးရာအဖွဲ့က မြန်မာရှေ့နေ ကိုမင်းလွင်ဦးက ရှင်းပြပါတယ်။

“အဓိကထားကြည့်တာကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ်ပေးတာမှာ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဥပဒေနဲ့ မညီဘဲ စစ်ဆေး စီရင်ပြီးတော့ ပြစ်ဒဏ်တွေ ပေးထားတယ် ဆိုရင်တော့ သူတို့က Arbitrary Detention လို့ သတ်မှတ်ပြီးတော့ အရေးယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ဒီလူတွေ ကြည့်တဲ့အခါမှာ ပြည်တွင်းဥပဒေအရ ဥပဒေနဲ့ ညီညွတ်တယ်ဆိုပြီးတော့ အစိုးရက အမိန့်ချခဲ့တာ မဟုတ်ဘူးလားခင်ဗျ။

“စစ်အစိုးရကတော့ ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက်လို့ အရေးယူ အပြစ်ပေးထားရတယ်လို့ သူတို့အနေနဲ့ အမြဲတမ်း နိုင်ငံတကာကို ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။ သို့သော်လည်း ဒီအမှုတွေကို စစ်ဆေး စီရင်တဲ့အခါမှာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ စစ်ဆေးစီရင်ခြင်း ရှိမရှိ ဆိုတာကိုတော့ သူတို့အနေနဲ့ ထုတ်ပြန် ပြဋ္ဌာန်းခြင်း မရှိဘူး။

“ဒီအမှုတွေမှာ ဥပဒေနဲ့မညီ စစ်ရေး စီရင်ထားတယ် ဆိုတာတွေကို စီရင်ချက်တွေအရ၊ အမိန့်တွေအရ ပြစ်ဒဏ်တွေ ပေးထားတဲ့ဟာကို သူတို့ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ သုံးသပ်ပြီးတဲ့ အခါမှာ သူတို့တွေ့ရှိတဲ့ တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သူတို့အနေနဲ့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပါတယ်။”

အခု ဥပဒေမဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး ချုပ်နှောင်ခံရတဲ့လူတွေ စာရင်းကို ထုတ်ပြန်ရာမှာ နိုင်ငံရေး အကျဉ်းသား တော်တော်များများ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ တကယ်ဆို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိပါတယ်။ အခုက သူတို့စာရင်းအရဆိုရင် ဆယ်ဂဏန်းလောက်ပဲ ရှိတဲ့အခါကျတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။

“တရားရုံးတွေရဲ့ မိတ္တူတွေ ရဖို့လိုတယ်။ ပြီးတော့ ကာယကံရှင် ကိုယ်တိုင်ကသော်လည်းကောင်း၊ ဒါမှမဟုတ် မိသားစုဝင်ကသော်လည်းကောင်း တင်ပြ တိုင်တန်းတာတွေ ရှိမှသာ ဒါတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ကျနော်တို့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေထဲက တချို့ပါတယ်၊ တချို့မပါဘူးဆိုတဲ့ ကိစ္စမှာလည်း ကိုမြအေးကတော့ သမီးဖြစ်သူက နေပြီးတော့ ဦးစီးဦးဆောင် လုပ်ပြီးတော့ တိုင်ကြားထားတဲ့အတွက် အခုလို ပါလာရတာ ဖြစ်တယ်။ ကျန်တဲ့ ရှစ်လေးလုံး ခေါင်းဆောင်တွေ ရှိပါသေးတယ်။ သူတို့ရဲ့ အမှုတွဲတွေက အမိန့်စီရင်ချက်နဲ့တကွ ရရှိလာခြင်း မရှိတဲ့အတွက် တင်ပြနိုင်ခြင်း မရှိသေးပါဘူး။”

ALRC က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ALRC အနေနဲ့လည်း မနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို တင်ပြတဲ့အထဲ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့မှာ ရှိနေတဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ လူ့အခွင့်အရေး ကျူးလွန်တဲ့ အာဏာပိုင်အချို့ ဥပဒေ ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG