သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင်


မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင်
မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ပုံမှန်သုံးသပ်မှု အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကြံပြုချက်တွေကို အစိုးရက ဘယ်လောက်အထိ လိုက်နာဆောင်ရွက်သလဲ ဆိုတဲ့ သုံးသပ်မှုကို မနက်ဖြန် ဂျီနီဗာ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ကျွမ်းကျင်သူတွေကတော့ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး အကြံပြုချက်တွေကို အကောင်အထည်ဖော် လိုက်နာဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုသုံးသပ်မှုက တဆင့် မြန်မာအာဏာပိုင်တွေကို လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက လက်တွေ့ အရေးယူနိုင်မယ့် အခြေအနေ ဖြစ်လာဖို့ အဆင့်တဆင့် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လေးနှစ်တကြိမ် ကျင်းပတဲ့ UPR လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှုဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ ပါဝင်ဆွေးနွေး အစီရင်ခံစာ တင်ခွင့်ပြုထားပါတယ်။ အခုတကြိမ် ကျင်းပမယ့် မြန်မာနိုင်ငံ ကိစ္စကတော့ ပြီးခဲ့တဲ့ UPR အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ဘယ်လောက် လိုက်နာသလဲ ဆိုတာကို အနှစ်ချုပ် သုံးသပ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကနေ အစိုးရကို မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုး ပေးနိုင်တာတော့ မဟုတ်ပါဘူး။ သုံးသပ်ချက် ဆိုတာနဲ့ မှတ်တမ်းထုတ်မှာပါ။ ဒါပေမဲ့လည်း ဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကို နိုင်ငံတကာ အာရုံစိုက်လာဖို့ အခြေအနေတရပ် ဖြစ်စေတယ်လို့ အခု အစည်းအဝေးကို တက်ရောက်ဖို့ ဂျီနီဗာမြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာသောင်းထွန်းက ယူဆပါတယ်။ ဒီကနေပြီးတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ နိုင်ငံတကာက စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကြိုးပမ်းနေမှု အပေါ်မှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ သူက ယူဆပါတယ်။

“လာမယ့် စက်တင်ဘာ လူ့အခွင့်အရေးကောင်စီ ရှိတယ်။ အထွေထွေ ညီလာခံရှိတယ်။ အစည်းအဝေးတွေမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေးကိစ္စဟာ တဖြည်းဖြည်းနဲ့တော့ အရှိန်မြင့်လာတယ်။ ဒီ UPR Process ကလည်း အဲဒီ အရှိန်မြှင့်တဲ့ နေရာမှာ အဆင့်တခု ဖြစ်တယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံတွင်းက အခြေအနေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေသတွေကို ချိုးဖောက်မှု ရှိမရှိ စစ်ဆေးရေး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ အဆိုကိုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို အဆိုပြုထားတာပါ။ အခု UPR လုပ်ငန်းစဉ်ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့မတူ သီးခြား မြန်မာ့အရေးကိစ္စ ကိုင်တွယ်မှု ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါပေမဲ့ UPR လုပ်ငန်းစဉ်နဲ့ သူ့လုပ်ငန်းအကြားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တူညီတဲ့ အကြံပြုချက်တွေ ရှိတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေး ကိစ္စကို ထောက်ပြပါတယ်။ ဒါပေမဲ့လည်း UPR လုပ်ငန်းစဉ်ဟာ အသစ်ဖြစ်လေတော့ အကောင်အထည် ဖော်ရေးပိုင်းမှာ အားနည်းမှုတွေတော့ ရှိနိုင်တယ်လို့ မစ္စတာ ကင်တားနားက ယူဆပါတယ်။

“UPR လုပ်ငန်းစဉ် ဆိုတာဟာ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ငန်းဖော်ဆောင်မှုအသစ် ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ ဒီလုပ်ငန်းဟာ တစုံတရာ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ UPR မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံအလိုက် နိုင်ငံတွင်း ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ အားလုံးကို ကိုင်တွယ်စစ်ဆေးခွင့် ရလို့ပါပဲ။

“ဒါပေမဲ့ ဒီလုပ်ငန်းစဉ် တွေ့ရှိချက်တွေကို အကောင်အထည်ဖော်ရေး အပိုင်းမှာတော့ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဒါကြောင့် UPR လုပ်ငန်းစဉ်က တွေ့ရှိ အကြံပြုချက်တွေကို မြန်မာအစိုးရပိုင်းက ဘယ်လောက် အကောင်အထည်ဖော် လိုက်နာမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

မနက်ဖြန်လုပ်မယ့် UPR အစည်းအဝေးမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ UPR ရဲ့ အကြံပြုချက်တွေကို ဘယ်လောက် အကောင်အထည်ဖော် လိုက်နာသလဲ ဆိုတာကိုတော့ မြန်မာအစိုးရ ကိုယ်စားလှယ်က တုံ့ပြန်သွားဖို့ ရှိပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရဟာ ကုလသမဂ္ဂရဲ့ အကြံပြုချက်၊ တိုက်တွန်းချက်တွေကို လျစ်လျူပြုခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ ကင်တားနားကတော့ မြန်မာအစိုးရ အနေနဲ့ တကယ်တမ်း အသေးစိတ် လုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်လာဖို့၊ လူ့အခွင့်အရေး ခံစားခွင့်တွေ ရလာစေဖို့ မြန်မာအစိုးရ အနေနဲ့ အသေးစိတ် အခိုင်အမာ လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို ရည်ညွှန်း ပြောဆိုသွားတဲ့ သမ္မတသစ်ရဲ့ ပထမဆုံး မိန့်ခွန်းပြောပြီး နောက်ပိုင်းမှာတော့ အစိုးရ အာဏာပိုင်တွေ အနေနဲ့ ဒီအပြောအတိုင်း လိုက်ပါ ဆောင်ရွက်လာမယ်လို့တော့ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့ပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရေး အပါအဝင် လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး တိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ နိုင်ငံတကာရော၊ ကျွမ်းကျင်သူတွေကပါ မျှော်လင့်ထားကြတာပါ။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရကို လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ အခု လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံကို လာခွင့်မပေးတဲ့ ကိစ္စကို ထောက်ပြပါတယ်။

အခု UPR အစည်းအဝေး အတွင်းကို မစ္စတာ ကင်တားနား အနေနဲ့ ကိုယ်တိုင်တက်ရောက်မှာ မဟုတ်ပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို သူတင်ပြခဲ့တဲ့ အစီရင်ခံစာ အကြံပြုချက်ကို UPR ဆွေးနွေးပွဲမှာ ထည့်သွင်းသုံးသပ်ဖို့ ရှိမယ်လို့ သိရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက် စစ်ဆေးနိုင်ရေး ကိစ္စကိုလည်း UPR ရဲ့ သုံးသပ် အကြံပြုချက်မှာ ထည့်သွင်းလိမ့်မယ်လို့ မစ္စတာ ကင်တားနားကတော့ မျှော်လင့်ထားပါတယ်။

XS
SM
MD
LG