သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းချက် မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေထောက်ပြ


ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာအလုပ်သမားများအား ၂၀၁၈၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာအလုပ်သမားများအား ၂၀၁၈၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အဆိုးရွားဆုံးအဆင့် နိုင်ငံအဖြစ် သတ်မှတ်ခံရတာဟာ တရားဥပဒေစိုးမိုးရေး အားနည်းတဲ့အတွက်ကြောင့်ဖြစ်ကြောင်း မြန်မာလူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်နေသူတွေက သုံးသပ်လိုက်ပါတယ်။ နေ့စဉ်ဆိုသလို မြန်မာပြည်က ထွက်လာနေသူတွေဟာ ထိုင်းနိုင်ငံကနေ မလေးနယ်စပ်အထိ လူကုန်ကူးခံံနေရဆဲလို့လည်း ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ်အတွက်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံကို စောင့်ကြည့် အဆင့် Tier 2 ကနေ အဆိုးဝါးဆုံး Tier 3 အဆင့်ကို လျှော့ချ သတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကို အဆင့် လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝ ပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အခုချိန်ထိ မြန်မာ၊ ထိုင်းနဲ့ မလေးနယ်စပ်ထိ လူကုန်ကူးနေကြသူတွေက လူသယ်ဆောင် ရာ လမ်းကြောင်း ဖြစ်တဲ့ မြန်မာ-ကော့သောင်း နယ်စပ် လမ်းတွေကို မြန်မာအစိုးရက ပိတ်ဖို့လိုအပ်နေတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်း အခြေစိုက် ပညာရေးနဲ့ ဖွ့ံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမား ရေးရာတာဝန်ခံ ဦးမင်းဦးက ဆိုပါတယ်။

"ကျနော်တို့ဘက်က ပိတ်ဖို့လိုတယ်ပေါ့ဗျာ။ အဲဒီလမ်းကြောင်းမှာ ဘယ်သူတွေ သယ်နေ တယ်၊ ဘယ်လမ်း ကြောင်းကနေ ထွက်နေသလဲဆိုတာသိမှာပဲလေ။ ဒီလူတွေနယ်က လာတယ်ဆိုရင် နယ်တွေကနေ ရန်ကုန်၊ ရန်ကုန်ကနေ နယ်စပ်ထိလာလုပ်ပေးနေတဲ့ အုပ်စုတွေက အားလုံးချိတ်ဆက်ပြီး လုပ်နေတာပဲ။ ဒါတွေ ရှာရင်တော့ ရနိုင်တာပဲ။ ရဲတွေ၊ အရာရှိတွေက အမှုကိုလိုက်မယ်ဆိုရင် ကိုယ့်ဖာသာရှင်းနေရတယ်။ ဌာနက ဘာမှ မချပေးနိုင်တာ လည်းရှိတယ်။ ကျန်တာကတော့ လာဒ်စားမှုတွေလည်း ရှိမှာပေါ့။ လမ်းကြောင်းကို အသာလေး ဟပေးလိုက်တာတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် လည်း အဲဒါတွေဖြစ်နေတာပေါ့။"

၂၀၁၈ ခုနှစ်ထဲမှာတော့ ၅၀၀ လောက်ထက်မနည်း ရာနဲ့ချီရှိတဲ့ မြန်မာနိုင်ငံသား လူကုန် ကူးခံရသူတွေကို ထိုင်း- မလေး နယ်စပ်လမ်းတွေမှာ ထိုင်းနိုင်ငံဘက်ကဖမ်းဆီးမိခဲ့တာပါ။

နောက်ထပ် လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ လမ်းကြောင်းကတော့ မြဝတီ-မဲဆောက် လမ်းပဲဖြစ်ပါတယ်။ နယ်စပ်ကနေ လူပွဲစားတွေက အလုပ်အကိုင်ရှာဖွေဖို့လာကြသူတွေကို အလုပ်ရမယ်ဆိုတဲ့စကားနဲ့ ဖျားယောင်းပြီး အဆင့်ဆင့်ရောင်းစားကြတာတွေလည်း ရှိပါတယ်။ အဲဒီကနေ ထိုင်းငါးဖမ်းလှေတွေပေါ်ကို ရောက်သွားကြတဲ့မြန်မာတွေလည်း အများအပြားရှိနေတာပါ။ ဒါတွေကို အစိုးရတွေရဲ့ အားနည်းမှုတွေကြောင့် ဆိုပြီး လူကုန် ကူး ခံရသူတွေကိုကယ်ဆယ်ရင်း လူမှောင်ခိုဂိုဏ်းတွေကို ထိုင်း အထူးစုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်းဖော်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်း ကလည်း ဆိုပါတယ်။

"မဲဆောက်တို့၊ ကမ်ဖယ်ဖက်တို့၊ ဘုရားသုံးဆူနယ်စပ်တို့ အတော်များများကြီးကို ရှိတယ်။ အဲဒါကို မြန်မာအစိုးရက စံနစ်တကျနှိမ်နင်းနိုင်ဖို့က အတော်ကိုအားနည်းတယ်။"

အမေရိကန်နိုင်ငံကထုတ်တဲ့အစီရင်ခံစာအရ မြန်မာအစိုးရကလူမှောင်ခို လူကုန်ကူး သူတွေကို ဆက်ပြီး အရေး ယူူ အပြစ်ပေးနေပြီးတော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင်တော့ လူမှောင်ခိုကူးခံရသူအရေအတွက် များများ ဖော်ထုတ် နိုင်တယ်လို့ အသိအမှတ်ပြုထားပါ တယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေး လာကြ သူတွေ ဟာ ဘင်္ဂလားဒေ့ရှ်ဘက်မှာနဲ့ ဒေသတွင်း တခြားနိုင်ငံတွေဆီ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ အတွက် အဲဒီထဲက အများအပြားဟာ လူမှောင်ခိုကူးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြရ တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG