လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာအောင် မြန်မာအစိုးရက အားထုတ်ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က အဓမ္မ အလုပ်ခိုင်းစေမှုနဲ့ ကလေးစစ်သားစုဆောင်းမှုတွေ လုပ်နေဆဲပဲလို့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ အဓမ္မလုပ်အားပေးနဲ့ ခေတ်သစ်ကျေးကျွန်သဖွယ် ခိုင်းစေခံနေရမှု တိုက်ဖျက်ရေးဆိုင်ရာ ကြားနာပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို ဆွေးနွေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ Tier 2 စောင့်ကြည့်အဆင့်မှာရှိနေတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတွေအနေနဲ့ တိုးတက်မှု မရှိဘူးဆိုရင် Tier 3 အဆင့်ကို လျှော့ချမယ်လို့ ကြားနာပွဲသဘာပတိကလည်း ပြောကြားသွားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း အဓမ္မလုပ်အားပေးနဲ့ ခေတ်သစ်ကျေးကျွန်သဖွယ် ခိုင်းစေခံနေရမှု တိုက်ဖျက်ရေးဆိုင်ရာ ကြားနာပွဲကို အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။ လူကုန်ကူးမှုဟာ ခေတ်သစ်ကျေးကျွန်အဖြစ် သွတ်သွင်းမှုဖြစ်ပြီး၊ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံနေရတဲ့ အဖြစ်တွေဟာ ကမ္ဘာတဝှမ်းမှာ ဆက်လက်ရှိနေတဲ့အတွက် ဒီလိုဖြစ်နေတာတွေကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ကြားနာပွဲ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Benjamin Cardin က ပြောကြားခဲ့ပါတယ်။
ဒီကြားနာပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel နဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးသံတမန် Luis CdeBaca တို့က လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ တွေ့ရှိချက်တွေကို ထွက်ဆို တင်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့တော့ ရောထွေးနေတာ တွေ့ရတယ်လို့ အထူးသံတမန် CdeBaca က အခုလို ထွက်ဆိုခဲ့ပါတယ်။
“လူကုန်ကူးမှု ပပျောက်ရေး တုံ့ပြန်ဆောင်ရွက်မှုတွေ တိုးတက်မှုရှိဖို့ မြန်မာအစိုးရက အားထုတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိတချို့နဲ့ လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေကို အဓမ္မ အလုပ်ခိုင်းစေတာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာတွေ ဆက်ပြီး ရှိနေဆဲဖြစ်ပါတယ်။ သင်တန်းပေးမှုတွေ၊ ၂ နိုင်ငံ ပူးတွဲ အစီအစဉ်တွေလုပ်ပြီး မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရက အကူအညီ ပေးနေပါတယ်၊” အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ စစ်ဖက် ဆက်ဆံရေးတိုးမြှင့်ဖို့ စဉ်းစားနေချိန်မျိုးမှာ ကလေးစစ်သားတွေကို စစ်တပ်က အသုံးပြုနေဆဲ ပြဿနာကို အမေရိကန်က မြန်မာအစိုးရကို ထောက်ပြ ဆွေးနွေးခဲ့သလား ဆိုတာကိုလည်း ကြားနာပွဲမှာ ဖလော်ရေဒါပြည်နယ် Republican အထက်လွှတ်တော်အမတ် Marco Rubio က မေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel ကတော့ ဒီပြဿနာကို အမေရိကန်က အလေးအနက် ထားတယ်ဆိုတာ အသေအချာသိအောင် ပြောထားပါတယ်လို့ ပြန်လည် ဖြေကြားပါတယ်။
“ကျွန်တော်တို့ ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အားထုတ်တဲ့နေရာမှာ မြန်မာစစ်တပ်ကို ကျနော်တို့ လုပ်စေချင်တာတွေ အများကြီးပါ။ ကလေးစစ်သားအသုံးပြုမှုနဲ့ အဓမ္မ အလုပ်ခိုင်းစေနေတဲ့ ပြဿနာတွေကို အဓိကထားပြီး သူတို့ကို ပြောခဲ့ပါတယ်။ အပြောင်းအလဲတချို့ ရှိလာတာကိုလည်း မြင်ရပါတယ်။ ပြန်လွှတ်ပေးခဲ့တဲ့ ကလေးစစ်သား ရာနဲ့ချီရှိမယ်လို့ ထင်ပါတယ်။ နောက် ဒီကိစ္စနဲ့ပတ်သက်လို့ လိုလိုလားလား ဆွေးနွေးချင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ အများကြီးလုပ်ဖို့ လိုတာတွေ ရှိနေပါသေးတယ်။”
လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး Anthony Crutchfield တို့ မကြာခင်ကပဲ မြန်မာနိုင်ငံမှာ စစ်တပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီအကြောင်းတွေ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာကိုလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marciel က ကြားနာပွဲမှာ ပြောပြသွားပါတယ်။
ကလေးစစ်သားအသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုတွေဟာ အမေရိကန်က အင်မတန် အလေးထားတဲ့ ပြဿနာတွေဖြစ်လို့ ဒီပြဿနာကို ဆက်ပြီး ကိုင်ကွယ်ဖြေရှင်းသွားမယ်ဆိုတာကို မြန်မာစစ်တပ်ကို ရှင်းရှင်းလင်းလင်း အသိပေးထားတယ်လို့ ဆိုပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး အားထုတ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက Tier 2 စောင့်ကြည့်အဆင့်မှာ လောလောဆယ် သတ်မှတ်ထားပါတယ်။ တကယ်လို့ အားထုတ်ဆောင်ရွက်မှုတွေမှာ တိုးတက်မှု မရှိဘူးဆိုရင် Tier 3 အဆင့်ကို လျှော့ချမှာဖြစ်တယ်ဆိုတာကိုလည်း ကြားနာပွဲ သဘာပတိ မယ်ရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Benjamin Cardin က အခုလို ပြောကြားခဲ့ပါတယ်။
“Tier 2 အဆင့်မှာပဲရှိနေပြီး အဆင့်မတက်တဲ့ နိုင်ငံ ၁၀ နိုင်ငံ ရှိပါတယ်။ ဘာတိုးတက်ပြောင်းလဲမှုမှ မရှိပါဘူး။ Tier 2 စောင့်ကြည့်အဆင့်မှာ ရှိနေတဲ့ နိုင်ငံကတော့ ၄ နိုင်ငံ ရှိပါတယ်။ အဲဒါကလဲ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ မြန်မာ၊ ကမ္ဘောဒီးယား၊ Marshall ကျွန်းနိုင်ငံနဲ့ Solomon ကျွန်းနိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအနေနဲ့ နောက်ထပ်တိုးတက်မှုတွေ ရှိမလာဘူးဆိုရင်တော့ ဥပဒေအရ Tier 3 အဆင့်ကို လျှော့ချရမှာ ဖြစ်ပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်တဲ့ ၂၀၀၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံဟာ Tier 3 အဆိုးဆုံးအဆင့်မှာ သတ်မှတ်ခံခဲရပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်ကမှ Tier 2 စောင်ကြည့်ခံအဆင့်ကို တိုးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နီပေါလ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့ အာရှဒေသတွင်းက ဆင်းရဲတဲ့ နိုင်ငံတွေကလူတွေဟာ လစာကောင်းကောင်း ရပါမယ်ဆိုတဲ့ အလိမ်အညာ အာမခံချက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေဆီမှာ ရောင်းစားခံရတာ၊ အလုပ်ရှင်တွေဆီမှာ အကြွေးတွေ နစ်နေတာမျိုးနဲ့ ကြုံကြတာကိုလည်း နေရပ်ပြောင်းရွှေ့မှုနဲ့ လူကုန်ကူးမှုဆိုင်ရာ စင်တာက အကြီးတန်း ကျွမ်းကျင်သူ Neha Misra ကလည်း ကြားနာပွဲမှာ လာရောက် ထွက်ဆိုခဲ့ပါတယ်။
ဒီလိုဖြစ်နေတဲ့ ပြဿနာတွေကို အာဆီယံအသင်းကြီးအနေနဲ့ ပို ဖြေရှင်းနိုင်သလို ဖြေရှင်းဖို့်လည်း သင့်တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel က ပြောပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ဒေသတွင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ စာချုပ်တခုကို အာဆီယံက ရေးဆွဲနေတာမှာ အမေရိကန်အစိုးရက ထောက်ပံ့ကူညီမှုတွေ ပေးနေတယ်လို့လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း အဓမ္မ လုပ်အားပေးနဲ့ ခေတ်သစ်ကျေးကျွန်သဖွယ် ခိုင်းစေခံနေရမှု တိုက်ဖျက်ရေးဆိုင်ရာ ကြားနာပွဲမှာ Mr. Marciel က ပြောကြားသွားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသူပေါင်း ၂၀ ဒဿမ ၉ သန်းရှိတာမှာ အာရှ-ပစိဖိတ်ဒေသက ၁၁ ဒဿမ ၇ သန်းရှိနေပါတယ်။ အခုလို အာရှ-ပစိဖိတ်ဒေသက တဝက်ကျော်ရှိနေတဲ့အတွက် ကမ္ဘာတဝှမ်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရရဲ့ အားထုတ်မှုတွေဟာ ထိရောက်မှု ရှိရဲ့လားဆိုပြီး ဒီကြားနာပွဲမှာ ပြန်လည် သုံးသပ်ခဲ့တာဖြစ်ပါတယ်။