သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်အောင် လုပ်ပေးဖို့နဲ့ ချိုးဖောက်ခဲ့သူတွေကို အရေးယူပေးဖို့ မြန်မာတပ်မတော် စစ်ဥပဒေချုပ်ထံကို နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က မနေ့တုန်းက စာရေးသား တောင်းဆိုလိုက်ပါတယ်။ စစ်ဥပဒေချုပ် အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံဖို့လည်း ဒီစာထဲမှာ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

လာမယ့် မတ်လ ၂၇ ရက်နေ့ ၆၆ ကြိမ်မြောက် တပ်မတော်နေ့ ကျင်းပဖို့ အချိန်မတိုင်ခင်မှာ အခုလို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီးက စစ်ဥပဒေချုပ် ဗိုလ်ချုပ် ရာပြည့်ထံကို စာပို့လိုက်တာပါ။ မနေ့ ကြာသပတေးနေ့က ထုတ်လိုက်တဲ့ ဒီစာထဲမှာ တပ်မတော်ရဲ့ ဥပဒေဆိုင်ရာ ဦးစီးအရာရှိ ဗိုလ်ချုပ် ရာပြည့် အနေနဲ့ တပ်မတော် အဖွဲ့ဝင်အားလုံး နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာ စောင့်ထိန်းဖို့ လူသိရှင်ကြား အမိန့်ထုတ်ပြန်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ အကြောင်းကတော့ အရပ်သားတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့က မြန်မာစစ်တပ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်ဆင် တိုက်ခိုက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြင်းပြင်းထန်ထန် ကျူးလွန်နေတယ်လို့ ဆိုလိုက်ပါတယ်။ ဒီဒဏ်တွေကို ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသက အရပ်သားတွေပဲ အဓိက ခံစားရတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

ဒီအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းကျင့်မှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနဲ့ အရပ်သားတွေရဲ့ စားစရာနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး လုယူတာတွေလည်း ပါတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

ဒီစာကို လက်မှတ်ရေးထိုးပြီး ပို့ခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ ဥပဒေနဲ့ ပေါ်လစီဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိမ်းစ် ရော့စ် (James Ross) က မြန်မာစစ်တပ်ဟာ တိုးတက်မှုတွေ ရှိလာပြီလို့ ဟန်ဆောင်ပြီးတောင် ပြတာမရှိဘူး၊ ဒီအချက်ကို စစ်တပ်ရဲ့ ဆက်လုပ်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေက သက်သေပြနေတယ်လို့ ဒီစာနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

ဒီစာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရက် အဒမ်စ် (Brad Adams) ကို မေးကြည့်ရာမှာတော့ သူက စစ်ဥပဒေချုပ်ထံ အခုလို ပို့ရတာဟာ ပထမဆုံးဖြစ်တယ်၊ သူ့ဆီပို့ရတာကလည်း ဒီကိစ္စတွေမှာ သူ့မှာ တာဝန်ရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဥပဒေဆိုင်ရာ ကိစ္စတခု ဖြစ်တာမို့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို စနစ်တကျ သင်တန်းပေးထားတဲ့၊ ဒီ့ထက်ပိုပြီး အရေးကြီးတာက တပ်သားတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင် အရေးယူခံရမယ် ဆိုတာကို သေချာအောင် လုပ်ဖို့က သူ့ရဲ့တာဝန် ဖြစ်တယ်လေ။”

ဘာဖြစ်လို့ အခုအချိန်မှာ ပို့ရတာလဲလို့ မေးရာမှာတော့ မစ္စတာ အဒမ်စ်က ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းမှု ကော်မရှင်ဖွဲ့ရေး တောင်းဆိုနေတာမို့ ဒီလုပ်ငန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့ မြန်မာ့ကြည်းတပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ရှိနေတာကို အဆုံးအဖြတ် ပေးနိုင်ဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုမှုရဲ့ အဆင့်တခု အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ် ဆိုတာကို သိနိုင်ဖို့ အကြောင်းကြားတာပါ။”

မစ္စတာ အဒမ်စ်ကပဲ အခုလို တရားဝင် အကြောင်းကြားစာ ပို့တာမို့ မြန်မာအစိုးရ အနေနဲ့ အခုလို ကျူးလွန်မှုတွေ ဖြစ်နေတာကို မသိလိုက်ဘူး၊ တာဝန်မရှိဘူး၊ ဘယ်သူကမှ အကြောင်းမကြားခဲ့ဘူးလို့ နောက်ပိုင်းမှာ ငြင်းလို့မရတော့ဘူးလို့ ဆိုပါတယ်။

အဲဒီတော့ အခုလို ပို့တဲ့အတွက် လက်တွေ့မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ ဆိုတာကိုတော့ မစ္စတာ အဒမ်စ်က အခုလို ဥပမာပေးပြီး ပြောပြပါတယ်။

“ဥပမာဆိုရင် ဘော့စ်နီးယားမှာတုန်းက ဆလိုဘိုဒန် မီလိုဆီဗစ် (Slobodan Milošević) ကို ကျနော်တို့က စာပို့ခဲ့ပါတယ်။ အဲဒီစာကို သူ့ကို အရေးယူတဲ့နေရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီလိုချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာ သူသိခဲ့တယ်ဆိုတာ ပြဖို့လေ။ အဲဒီတော့ သူ အခုလို ဖြစ်တာတွေ မသိခဲ့ဘူးလို့ ငြင်းလို့မရတော့ဘူး။”

မစ္စတာ အဒမ်စ်ကပဲ အခုလို မြန်မာပြည်က စစ်ဥပဒေချုပ်ဆီ ပို့တဲ့စာကြောင့်လည်း ဗိုလ်ချုပ် ရာပြည့် အနေနဲ့ သူ့မှာ တာဝန်ရှိတယ်၊ တချိန် အရေးယူခံရနိုင်တယ် ဆိုတာကို သိသွားပြီး တခုခု လုပ်လာဖို့ မျှော်လင့်ပါတယ်လို့ ဆက်ပြောပါတယ်။ သူကပဲ ဗိုလ်ချုပ် ရာပြည့်ဆီက စာပြန်လာမှာကိုတော့ မမျှော်လင့်ဘူး၊ အရင်တုန်းက အစိုးရထံ ရေးတဲ့စာတွေလည်း ပြန်လာခဲ့တာ မရှိဘူး၊ ဒါပေမဲ့ အခုအချိန်မှာက စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ထောက်ခံတဲ့ နိုင်ငံတွေက တဖြည်းဖြည်း များလာတာမို့ အရင်ထက်တော့ မြန်မာခေါင်းဆောင်တွေ အနေနဲ့ ဒီစာအပေါ် ပိုပြီး ဂရုထားလိမ့်မယ်၊ ဒီချိုးဖောက်မှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ် ဆိုတာကို ပိုသတိပြုလာမိလိမ့်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံမှာ မကြာခင် တပ်မတော်နေ့ ကျင်းပဖို့ ရှိနေချိန်မှာ ဒီစာထွက်လာတာကြောင့် အဲဒီအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးပါသလား ဆိုတာကိုတော့ မစ္စတာ အဒမ်စ်က…

“ဒီနေ့ဟာ စစ်တပ်အနေနဲ့ နေ့ထူးနေ့မြတ်အဖြစ် ကျင်းပတဲ့နေ့ ဖြစ်တယ်လေ။ ဒီလိုနေ့မျိုးမှာ သူတို့အနေနဲ့ ဘယ်လောက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်ဆိုတာ စဉ်းစားမိကြတာ အပြင် တခြားတဘက်မှာလည်း ဒီစွမ်းဆောင်မှု တချို့ကြောင့် အနှိပ်စက်ခံနေရတဲ့သူတွေ ရှိနေပါလား၊ အခုလို မကောင်းတာတွေ ကျူးလွန်မိခဲ့တာတွေ ရှိနေပါလား ဆိုတာကိုလည်း သိမြင်လာစေချင်လို့ပါ။”

မစ္စတာ အဒမ်စ်ကပဲ ဒီ လူ့အခွင့်အရေးအဖွဲ့ အနေနဲ့ ကြိုးစားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ရေး ကိစ္စဟာ အချိန်ယူပြီး စိတ်ရှည်ရှည် ဆက်ကြိုးပမ်းသွားရမယ့်ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG