သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆုံးဖြတ်ချက် မူကြမ်း သောကြာနေ့ အတည်ပြုမည်


မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆုံးဖြတ်ချက် မူကြမ်း သောကြာနေ့ အတည်ပြုမည်
မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆုံးဖြတ်ချက် မူကြမ်း သောကြာနေ့ အတည်ပြုမည်

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထပ်မံ တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်အောင် လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဆက်လက် ညှိနှိုင်းနေဆဲမို့ မတ်လ ၂၅ ရက်၊ သောကြာနေ့မှာ ဆွေးနွေး အတည်ပြုဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၂၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ရုံးချုပ်မှာ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေက ဆက်လက်ညှိနှိုင်းဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မနှစ်ကထက် ပိုမို ပြည့်စုံမှာဖြစ်ပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ဖို့အတွက် တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းဟာ အရင်ကနဲ့ ဆင်တူပါတယ်။ အခြေခံအားဖြင့် ပိုရှည်ပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို အဆုံးသတ်ပေးဖို့ ယေဘုယျအားဖြင့် တောင်းဆိုထားတာပါ။ အသေးစိတ် အချက်အလက်တွေအနက် ကျနော့်ရဲ့ လုပ်ပိုင်ခွင့် အာဏာအရ လုပ်ဆောင်ပေးဖို့၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကျနော့်ကို မြန်မာပြည် နောက်တခါ လာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။”

မစ္စတာ ကင်တားနားဟာ ၂၀၁၀ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးခဲ့ပါတယ်။ မတ်လထဲမှာ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ တောင်းဆိုခဲ့တဲ့နောက်ပိုင်း မြန်မာအာဏာပိုင်တွေက အခုထိ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် မပြုသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂရဲ့ အကြံပြုချက်တွေကို မြန်မာစစ်အစိုးရဘက်က လုပ်ဆောင်မှု သေသေချာချာ မရှိသေးဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆိုးဆိုးဝါးဝါး ရှိနေသေးတာမို့ မြန်မာနိုင်ငံထဲမှာ ကိုယ်တိုင် သွားရောက်ပြီး ထပ်မံ စစ်ဆေးခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“ကျနော့်အတွက် နောက်ထပ် အရေးကြီးတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ပါပဲ။ လူ့အခွင့်အရေးကောင်စီ အနေနဲ့ တိုက်တွန်းထားတာက ဘက်မလိုက်ဘဲ လေးလေးနက်နက်ရှိမယ့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးဖို့ပါပဲ။ ဒီတောင်းဆိုချက်ကို အစိုးရဘက်က လိုက်လျောခြင်း မရှိဘူးဆိုရင် နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကြားဝင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဆုံးဖြတ်ချက်မှာ အဓိကပါ။”

မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံသား အားလုံးအတွက် နှိပ်စက် စော်ကားမှုတွေ မခံရအောင် ကာကွယ် စောင့်ရှောက်ပေးဖို့၊ အခြေခံ ရပိုင်ခွင့်တွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့လည်း ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဦးရေဟာ ၂,၂၀၀ လောက် ရှိနေပြီး ရွေးကောက်ပွဲလို မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ လုပ်ငန်းစဉ်တွေအတွက် သူတို့ကို ပါဝင်ခွင့် ပေးရမှာ ဖြစ်ပေမဲ့ အခုထိ မပေးသေးဘဲ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာမို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒါဟာ သိပ်ကို အရေးကြီးတဲ့ အကြံပြုချက်ပါပဲ။ လူ့အခွင့်အရေး ကိုယ်စားလှယ် အတွက်ရော လူ့အခွင့်အရေးကောင်စီ အတွက်ရောပါ မြန်မာစစ်အစိုးရ အနေနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ပါပဲ။ အစိုးရသစ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လျှော့ရက်နဲ့ လွှတ်ပေးဖို့၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ဥပဒေအရ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒီအချက်ကို လူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂ၊ ဒေသတွင်း အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံတကာကလည်း တောင်းဆိုနေတာပါ။”

အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အပါအဝင် တခြား ရှင်းလင်းပြတ်သားတဲ့ တောင်းဆိုမှုတွေအတွက် မြန်မာစစ်အစိုးရသစ် အနေနဲ့ လေးစား လိုက်နာဖို့နဲ့ သေသေချာချာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG