သုံးရလွယ်ကူစေသည့် Link များ

မြန်မာကိစ္စ ပင်ညဲရိုးနဲ့ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို


မြန်မာကိစ္စ ပင်ညဲရိုးနဲ့ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို
မြန်မာကိစ္စ ပင်ညဲရိုးနဲ့ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို

မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အထူးကော်မရှင်တခု ဖွဲ့စည်းရေးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ၂ ဦးက ထောက်ခံတဲ့အပေါ် လက်ရှိ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ကြိုဆိုလိုက်ပါတယ်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာသစ် တစောင်ကို အောက်တိုဘာလ တတိယပတ်တွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြဖို့ရှိပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ တုံ့ပြန်မှုကို ရယူဖို့ ရှိပါတယ်။ ဒီအထူးကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းရေးကိစ္စက လက်တွေ့ဖြစ်လာဖို့ ဘယ်လောက် နီးစပ်နေပါပြီလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်မရောက် ကုလသမဂ္ဂက ဦးစီးပြီး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို လက်ရှိ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက သူ့ရဲ့ တတိယမြောက် မြန်မာပြည် ခရီးစဉ်ကအပြန် ပြီးခဲ့တဲ့ မတ်လတွင်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ EU တခုလုံး အနေနဲ့ တလုံးတဝတည်း ထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အဆိုတင်သွင်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေအဖြစ် အမှုထမ်းခဲ့ဖူးတဲ့ မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) နဲ့ မစ္စတာ ယိုဇို ယိုကိုတာ (Mr. Yozo Yokota) တို့က EU နဲ့ အာရှခေါင်းဆောင်တွေ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံနေကြတဲ့ အချိန်နဲ့ကိုက်ပြီး EU နိုင်ငံခြားရေး အကြီးအကဲ မစ်စ် ကက်သရင်း အက်ရှ်တန် (Ms. Catherin Ashton) ကို စာရေး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ တိုက်တွန်းစာထဲမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပြင်းထန်လွန်းတယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်၊ စီမံကိန်းကျကျနဲ့ အရပ်သားတွေကို ပစ်မှတ်ထားနေတာကြောင့် ဒီလို နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို နိုင်ငံတကာက ဒီအတိုင်း ရပ်ကြည့်မနေဘူးဆိုတာ၊ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်ဒဏ်မပေးဘဲ မသိကျိုးကျွံ ပြုနေတာတွေကို လက်မခံနိုင်ဘူး ဆိုတာကို ပြသတဲ့ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို EU အနေနဲ့ ထောက်ခံကြောင်း စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အတိအလင်း ထုတ်ဖော်ပြောကြားဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အခုလို တိုက်တွန်းလိုက်တာကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

မစ္စတာ ကင်တားနား ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် ပိုမိုခိုင်မာတဲ့ အထောက်အထားအဖြစ် အစီရင်ခံစာသစ် တစောင်ကို ခုလာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့ နယူးယောက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တင်ပြမယ့် အစီရင်ခံစာသစ်ထဲမှာ မြန်မာပြည် ရွေးကောက်ပွဲ အကြိုကာလ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဖွဲ့စည်းပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေအပြင် ပြီးခဲ့တဲ့ မတ်လက ကျနော့် အစီရင်ခံစာထဲမှာ ပါဝင်တဲ့ တရားမျှတမှု၊ တာဝန်ခံမှု ကိစ္စတွေကိုလည်း ထည့်သွင်းထားပါတယ်။ ဒီအစီရင်ခံစာကနေ တဆင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေနဲ့အတူ အပြန်အလှန် ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခုလောလောဆယ် ဒီအစီရင်ခံစာကို လူသိရှင်ကြား မထုတ်ပြန်ရသေးပေမဲ့ မကြာမီ ထုတ်ပြန်နိုင်လိမ့်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စဟာ တကယ်ဖြစ်လာဖို့ ဘယ်လောက် နီးကပ်လာပြီလဲ ဆိုတာကတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သူ့အစီရင်ခံစာသစ်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုအပေါ် မူတည်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ဒီကိစ္စဟာ အထွေထွေ ညီလာခံမှာ မဖြစ်မနေ ဆွေးနွေးရမယ့် အကြောင်းအရာတခု ဖြစ်လာပြီလို့ ကျနော် ယုံကြည်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ အထွေထွေ ညီလာခံမှာ ကျနော် အစီရင်ခံ တင်ပြမယ်။ အဲဒီနောက် အထွေထွေ ညီလာခံက လေးနက်တဲ့ ဆုံးဖြတ်ချက် တခုခုတော့ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီထဲမှာ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ ပါလာမလား ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါဘူး။

“ကျနော်ရဲ့ အစီရင်ခံစာကို မြန်မာစစ်အစိုးရ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘယ်လို အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံကြမလဲ ဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ အင်အားကြီးတဲ့ နိုင်ငံတွေက ထောက်ခံတယ်ဆိုရင် တခြားနိုင်ငံငယ်တွေက လိုက်လာနိုင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG