သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို


မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို
မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

UPR လုပ်ငန်းစဉ်လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှု ဆွေးနွေးပွဲမှာ ဒီကနေ့ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပါတယ်။ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ လူမှု လူ့အဖွဲ့အစည်းတွေကတော့ လက်ရှိ UPR လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေဆိုးတွေကို ဟန့်တားနိုင်ဖို့ ထိရောက်မှု မရှိဘူးလို့ သုံးသပ်ပြီး မြန်မာ့အရေးအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ရေးကိုသာ တညီတည်း တောင်းဆိုခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးတဲ့ အဖွဲ့ဝင်နိုင်ငံ အတော်များများကတော့ မြန်မာအစိုးရသစ်ဟာ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းမှု ရှိနေတယ်လို့ အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ အတွင်းမှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်က UPR အကြံပြုချက်တွေအပေါ် တုံ့ပြန်ဆွေးနွေးတာတွေနဲ့ အစိုးရသစ်ရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကတိကဝတ်တွေကို အချိန်အများစုယူပြီး ဆွေးနွေးသွားပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ လူမှု လူထုအဖွဲ့အစည်း ၁၀ ဖွဲ့လုံးကတော့ မြန်မာအစိုးရရဲ့ လက်တွေ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး မြန်မာအစိုးရကို အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း လက်တွေ့ဆန်တဲ့ အရေးယူမှုကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

“မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်တွေ ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တရပ်ကို အမြန်ဆုံးဖွဲ့စည်းဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေနဲ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။”

Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကိုယ်စားလှယ်က ပြောဆိုသွားတာပါ။

HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကလည်း မြန်မာအစိုးရဟာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်နေတုန်းပဲလို့ ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆန်နေတုန်းပဲဆိုတာ အခု UPR သုံးသပ်ဆွေးနွေးပွဲမှာ အထင်အရှား တွေ့နိုင်ပါတယ်။ မရိုးသားမှုတွေ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ စုရုံးခွင့်တွေ မရှိဘူး ဆိုတာကိုပါ ငြင်းဆန်နေပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ မရှိဘူး၊ အဖမ်းခံရသူတွေဟာ ရာဇဝတ် ပြစ်မှုတွေကို ချိုးဖောက် ကျူးလွန်သူတွေ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မြန်မာအစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင် လက်တွေ့ ဆောင်ရွက်နေပြီး အစိုးရသစ်ရဲ့ သက်တမ်း နုနယ်သေးတာကြောင့် စိတ်ရှည်ဖို့သဘော ပြောခဲ့ပါတယ်။

“မြန်မာအစိုးရရဲ့ သက်တမ်းဟာ အခုမှ ၆၉ ရက်သားပဲ ရှိပါသေးတယ်။ အင်မတန် နုနယ်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေ ပြောသလိုပါပဲ၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးအတွက် စိတ်ဆန္ဒ အပြည့်ရှိပါတယ်။ ဒီလို စိတ်ဆန္ဒတွေကြောင့်ပဲ အစိုးရရဲ့ အခုလို နုနယ်တဲ့ သက်တမ်းအတွင်းမှာ ဥပဒေတွေနဲ့ လက်တွေ့ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ တွေ့ရပါမယ်။ ဒီအထဲမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တာလည်း ပါဝင်ပါတယ်။” ဆိုပြီး မြန်မာနိုင်ငံ ပြည်ထောင်စု ရှေနေချုပ် ဒေါက်တာထွန်းရှင်က ဆွေးနွေးပွဲအတွင်း ပြောသွားတာပါ။

အာရှနိုင်ငံအများစု အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့ UPR လုပ်ငန်းစဉ်အပေါ် အပြုသဘော ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။ တရုတ်နိုင်ငံကတော့ တည်ငြိမ်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုလားတယ်လို့ သူ့ဆန္ဒကို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူမှုတည်ငြိမ်ရေး ရှိနေဖို့နဲ့ ဒီမိုကရေစီ တိုးတက်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်သွားနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး ကိစ္စမှာ မြန်မာနိုင်ငံ အခြေအနေနဲ့အညီ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး ဆောင်ရွက်မှု အပေါ်မှာ နိုင်ငံတကာ အနေနဲ့ လေးစား လက်ခံလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။”

အခုဆွေးနွေးပွဲမှာ အချိန်အများစုကို မြန်မာအစိုးရနဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေက ပြောဆိုသွားလို့ မြန်မာ့ဒီမိုကရေစီရေး ဝေဖန်လေ့ရှိတဲ့ အနောက်နိုင်ငံတွေက ပြောဆိုခွင့် မသာခဲ့ဘူးလို့ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဂျပန်အစိုးရ ကိုယ်စားလှယ်ကတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ အပေါ်မှာ အသိအမှတ်ပြု ပြောသွားပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ်ဆိုတာ သိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နောက်ထပ် အပြုသဘော ဆောင်ရွက်မှုတွေ တုံ့ပြန်လာလိမ့်မယ်လို့ အတော်လေး မျှော်လင့်ထားပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့၊ နောက် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ စသဖြင့်ပါ။”

ဆွေးနွေးပွဲအတွင်း လူမှု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တဦး အနေနဲ့ ပါဝင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းကတော့ လူမှု လူ့အဖွဲ့အစည်းတွေဘက်က တညီတည်း တောင်းဆိုမှုဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“လူထု လူ့အဖွဲ့အစည်းတွေ အားလုံးကတော့ UPR လုပ်ငန်းစဉ်လောက်နဲ့တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ထိထိရောက်ရောက် ကြပ်မတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့ လူ့အခွင့်အရေး စုံစမ်းရေးဆိုင်ရာ ကော်မရှင် တရပ်ကို ကုလသမဂ္ဂ ဖွဲ့စည်းဖို့ဆိုတာ တညီတညွတ်တည်း ပြောသွားတယ်။ Council အစည်းအဝေးခန်းမ တခုလုံးဟာ လူထု လူ့အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို သတိမပြုဘဲ နေလို့မရအောင်ကို လူထု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တညီတညွတ်တည်း တောင်းဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ကိစ္စတွေကိုလည်း လူမှု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တင်ပြ ဆွေးနွေးသွားကြပါတယ်။ အခုလို အဖွဲ့ဝင်နိုင်ငံ အစိုးရတွေနဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးချက်ကိုတော့ UPR သုံးသပ်ချက်မှာ မှတ်တမ်းတင်ထားမှာ ဖြစ်ပေမဲ့ အစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မထုတ်ပေးနိုင်ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကိုယ်တိုင်ကလည်း UPR လုပ်ငန်းစဉ်ဟာ ပုံစံအသစ် ဖြစ်လေတော့ ဒီလုပ်ငန်းစဉ်ရဲ့ ထိရောက်မှု၊ လက်တွေ့ အကောင်အထည် ဖော်မှုပိုင်း အားနည်းမှု ရှိနေသေးတာတွေကို ဗွီအိုအေ မြန်မာပိုင်းကို မနေ့က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG