သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားရေးရုံး တနှစ်တိုးဖွင့်မည်


လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားရေးရုံး တနှစ်တိုးဖွင့်မည်
လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားရေးရုံး တနှစ်တိုးဖွင့်မည်

မြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်သွားဖို့အတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ လုပ်ငန်းတွေကို နောက်ထပ်တနှစ် ဆက်ပြီးလုပ်သွားဖို့ ILO နဲ့ မြန်မာစစ်အစိုးရတို့အကြား သဘောတူ လက်မှတ်ရေးထိုးလိုက်ပါပြီ။ ILO ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ချောချောမွေ့မွေ့ ရှိနေတယ်လို့ ရန်ကုန်မြို့ ILO ပူးပေါင်းဆောင်ရွက်ရေးရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ILO ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အပြည့်အ၀ မကျေနပ်သူတွေကလည်း ရှိနေတယ်ဆိုတော့ အခြေအနေ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ILO အဖွဲ့ရဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းများဆိုင်ရာ အမှုဆောင် ညွှန်ကြားရေးမှူး ဂိုင်း ရိုက်တာ (Guy Righter) ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပြီး သူတို့တွေ့ဆုံခဲ့တဲ့ အထဲမှာ လူ့အခွင့်အရေး ကော်မတီ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီတို့လည်း ပါဝင်ပြီးတော့ ILO နဲ့ မြန်မာအစိုးရကြား သဘောတူစာချုပ်ကို နောက်တနှစ် သက်တမ်းတိုး ချုပ်ဆိုခဲ့တယ်လို့ ရန်ကုန်မြို့ ILO ပူးပေါင်းဆောင်ရွက်ရေးရုံးက ဒုတိယ ဆက်ဆံရေးအရာရှိ မစ်စ် ပီယာပါလ် ပီချိုင်ဝန်ဂ် (Ms. Piyapal Pichaiwongse) က ဗွီအိုအေကို ပြောပါတယ်။

“အတော်လေးကို အပြုသဘော ဆောင်ပါတယ်။ အစိုးရနဲ့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို နောက်တနှစ်အတွက် ကျမတို့ သက်တမ်းတိုးခဲ့ပြီးပါပြီ။”

အခု မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို သက်တမ်းတိုး ချုပ်ဆိုဖို့ဖြစ်ပြီး တခြား ရည်ရွယ်ချက်တွေကတော့ မြန်မာစစ်အစိုးရ အလုပ်အဖွဲ့နဲ့ ILO တို့အကြား ပူးပေါင်း ဆောင်ရွက်နေတာတွေမှာ တိုးတက်မှုတွေကို သိဖို့ဖြစ်တယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံတွင်း အဓိက လုပ်ငန်းကတော့ အတင်းအဓမ္မ အလုပ်ခိုင်းစေရေးနဲ့ အဲဒါနဲ့ ဆက်စပ်နေတဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုမှု ပပျောက်သွားရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ILO ရဲ့ လုပ်ငန်းလုပ်ဆောင်မှု ပုံသဏ္ဌာန်ကို သတိပြုမိစေချင်ပြီး လူများများ သတိပြုမိလာတာနဲ့အမျှ မိမိတို့လုပ်ငန်းကို သေသေချာချာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သား စုဆောင်းတာတွေနဲ့ ပတ်သက်ပြီး ပညာပေး စာရွက်စာတမ်းတွေကို ILO ကနေ လူထုကြားထဲမှာ စတင် ဖြန့်ဝေပေးနေပြီ ဖြစ်ပါတယ်။ အဲဒီလို ဖြန့်ဝေပြီးတဲ့ နောက်ပိုင်းမှာ လူတွေ ပိုသတိထားမိလာတာကြောင့် တိုင်ကြားတဲ့ အမှုအရေအတွက် တိုးလာပြီး အဲဒီထဲက အမှုအများစုကို အောင်အောင်မြင်မြင်နဲ့ ကူညီ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။

“ဖြစ်ရပ်အများစုကို ပြဿနာ လုံးဝမရှိဘဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျမတို့ဆီကို အမှုရောက်လာပြီးတာကနေ ခန့်မှန်းခြေ နှစ်လခွဲလောက် အတွင်းမှာ ကလေးတယောက်ဟာ အိမ်ပြန်ရောက်နိုင်ပါတယ်။ အဲဒီနေရာမှာ လုပ်ငန်းအဖွဲ့ဆီကနေ မြန်မြန်ဆန်ဆန်နဲ့ အင်မတန် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပါတယ်။”

မစ်စ် ပီယာပါလ်က ဒီလိုဆိုပေမဲ့ ILO အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လာတာ အတော်ကြာပြီဖြစ်တဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကတော့ အားရကျေနပ်မှု မရှိတဲ့ အပိုင်းတွေ ရှိနေသေးပြီး ILO ဘက်က တုံ့ပြန် လုပ်ဆောင်ချက်တွေဟာ နှေးကွေးနေသေးတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့လည်း ILO အဖွဲ့ မြန်မာနိုင်ငံထဲမှာ ဆက်ရှိနေဖို့ အရေးကြီးတယ် ဆိုတာကိုတော့ သူကလက်ခံပါတယ်။

“အခု သုံးပုံတပုံလောက်တော့ ခါတိုင်းထက် တိုးတက်လာတယ်။ ကျနော်တို့က ILO ကို အားမကိုးဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ကျနော်တို့ပြောတာ အားကိုးတယ်၊ သူရှိနေလို့သာ ကျနော်တို့ ပြည်တွင်းကနေ ပံ့ပိုးကူညီလို့ ရတဲ့အတွက် ကလေးတွေကို ကျနော်တို့ လိုက်လံ ထုတ်ပေးနိုင်တယ်။ တချို့ဟာတွေကျတော့ ကြာတယ်။ ဒါပေမဲ့ သူတို့ ရှိနေတဲ့အတွက် ကျနော်တို့ တစိတ်တပိုင်း ကူညီနိုင်တာကိုက ILO ကို ကျေးဇူးတင်ပါတယ်။ ILO ကိုတော့ မရှိလို့ မဖြစ်တဲ့ ဌာနတခုဆိုတာတော့ လေးလေးနက်နက် ခံယူထားတယ်။”

အခုရောက်နေတဲ့ ILO ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ရှိပြီး သောကြာနေ့ ညဘက်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။

XS
SM
MD
LG