သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ မှာ စောင့်ကြည့်ရမယ့် အထဲ မြန်မာပါဝင်


၂၀၁၇ ခုနှစ်အတွင်း စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခုထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံတကာပဋိပက္ခလေ့လာ စောင့်ကြည့်ရေး အဖွဲ့ ICG အဖွဲ့က ပြောပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့က Foreign Policy အင်တာနက် စာမျက်နှာမှာ ဖော်ပြတဲ့ ICG အဖွဲ့ အကြီးအကဲ Jean-Marie Guehenno ရဲ့ သုံးသပ်ချက်ဆောင်းပါးထဲမှာ မြန်မာနိုင်ငံဟာ ပဋိပက္ခစောင့်ကြည့်ရမယ့် ဆယ်နိုင်ငံစာရင်းထဲက ၈ နိုင်ငံမြောက် အဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေမှုတွေကို ရည်ညွန်းပြီး မြန်မာနိုင်ငံကို ထည့်သွင်း ထားတာဖြစ်ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိပ်ဆုံးဦးစားပေးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ တို့ဟာ တရုတ်-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးဇုန်ကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မူဆလင်အသိုင်းအဝိုင်းရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကို တိုးလာစေ တာကြောင့် မြန်မာနိုင်ငံကို စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခုထဲမှာ ထည့်သွင်းရတာ ဖြစ်တယ်လို့ ICG အဖွဲ့ အကြီးအကဲ က ရေးသားထားပါတယ်။

တခြားပါဝင်တဲ့နိုင်ငံတွေကတော့ ဆီးရီးယား၊ အီရတ်၊ တူရကီနဲ့ ယီမင် နိုင်ငံအပြင် Congo ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေ ပါဝင်သလို ယူကရိန်းနဲ့ မက္ကစီကို နိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကိုတော့ ထိပ်ဆုံးစောင့်ကြည့်ရမယ့်နိုင်ငံတွေ အဖြစ် ဖော်ပြထားပါတယ်။

၂၀၁၇ မှာ စောင့်ကြည့်ရမယ့် အထဲ မြန်မာပါဝင်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG