သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ပဲရစ်ရောက် မြန်မာတို့ အတွေ့အကြုံ


IS အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာလိုက်တာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ François Hollande က ပြောကြားလိုက်ချိန်မှာပဲ အကြမ်းဖက်သမားတွေ ရန်ကနေ ဝိုင်းဝန်းကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ပြင်သစ်ရောက် မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။

သောကြာနေ့ညက ပဲရစ်မြို့လယ် လူစည်းကားတဲ့နေရာ (၆) နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပဲရစ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာတချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပဲရစ်မြို့မှာ IS အကြမ်းဖက်သမားတွေ အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပြင်သစ်လူငယ်တွေ အသွားအလာ အများဆုံးနေရာ ဖြစ်တယ်လို့ ပဲရစ်မြို့မှာနေထိုင်တဲ့ ကိုထွေးက ပြောပါတယ်။

“ဘောလုံးကွင်းရှိတဲ့နေရာကို တိုက်တာကတော့ ရှင်းတယ်လေ။ အဲဒီမှာ François Hollande ရှိနေတယ်။ အဲဒီ ဘောလုံးပွဲကြည့်နေလို့ တိုက်တာပေါ့။ ကျန်တဲ့နေရာက အကုန်လုံးက ပြင်သစ်လူငယ်လေးတွေပဲ။ စတိတ်ရှိုးတခုမှာ တိုက်လိုက်တာ။ အဲဒီရပ်ကွက်ဟာ ပြင်သစ်ရပ်ကွက်၊ ပြင်သစ်ချာတိတ်တွေပဲ သွားတဲ့ရပ်ကွက်။ သူတို့ အဲဒီနေရာကို တမင် ရွေးတိုက်တာ။”

အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး စနေနေ့က လမ်းတွေပေါ်မှာ လူအသွားအလာ နည်းပါးခဲ့တယ်လို့လည်း ကိုထွေးက ပြောပါတယ်။

“လုံခြုံရေးကတော့ နေရာအနှံ့ပါပဲ။ ရဲတွေက ချထားတယ်လေ။ အခု ကျနော်က မနက် အလုပ်သွားတာပေါ့။ အလုပ်သွားတော့ လူတွေက အရမ်းကို ရှင်းနေတယ်။ မနက်ပိုင်းအလုပ်ကနေ ညနေပိုင်း အလုပ်ကူးတော့လည်း လူက သိပ်မရှိဘူး။ အရေးပေါ် လုံခြုံရေးအခြေအနေ ထုတ်ပြန်ထားတဲ့ အခါကျတော့ လူတွေကို အိမ်ထဲမှာပဲ နေခိုင်းထားတယ် အဲဒါကြောင့်။”

မေး - အကြမ်းဖက် တိုက်ခိုက်မှုတွေက ခဏခဏ ဖြစ်နေတဲ့အပေါ်မှာ ပြင်သစ်နိုင်ငံသားတွေပေါ့နော် ကိုထွေးတို့ကို ဘယ်လို ယူဆသလဲရှင့်။

ဖြေ - “ပြင်သစ်ကလေ ဥရောပမှာ ဂျူးတွေ အများဆုံး ခိုလှုံတဲ့ နိုင်ငံလည်းဖြစ်တယ်။ မူဆလင်တွေ အများဆုံးနေတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်တခုက ပြင်သစ်က နိုင်ငံတကာရေးရာ ဝင်ရောက် စွက်ဖက်တဲ့အခါကျတော့ ဒီလိုမျိုး တုံ့ပြန်မှုတွေကတော့ ခံရတာပဲ။ နည်းနည်းတော့ စိတ်ပျက်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံခြားသားတွေပဲလေ။ နည်းနည်း အနေရ ကျပ်တယ်။”

အခုလို IS စစ်သွေးကြွအဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသူတွေကို ပဲရစ်မြို့သူမြိုသားတွေက ဝိုင်းဝန်ကူညီနေကြတဲ့အပြင် အကြမ်းဖက်အန္တရာယ်ကို ဝိုင်းဝန်ကာကွယ်ဖို့ နိုးကြားမှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က Science Po တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကိုအောင်ခန့်က ပြောပါတယ်။

“ပြင်သစ်က ကြောက်လို့ရှိရင် ဒါ ရှုံးတယ်ဆိုပြီးတော့ မကြောက်ဘူး ဆိုပြီးတော့ အပြင်ထွက်ကြ၊ ကိုယ် လုပ်စရာရှိတာ လုပ်ကြ၊ အကူအညီပေးကြသူတွေကတော့ အကုန်လုံး ရှိပါတယ်။ ဆေးရုံက မနိုင်လောက်တဲ့အထိတောင် သွေးအလှူရှင်တွေ အများကြီး ရောက်ကြတယ်လို့ ကြားတယ်။”

လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တာကတော့ ညဖက်လူစည်းကားတဲ့နေရာဖြစ်တဲ့ ဘာတာကလန် ဂီတ ဖျော်ဖြေပွဲ ခန်းမထဲမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မနီးမဝေးမှာနေထိုင်တဲ့ ကိုအောင်ခန့် အခုလိုပြောပြပါတယ်။

“ဒီတီးဝိုင်းက ည ၈ နာရီလောက်ကတည်းက စတယ်ပေါ့။ အဲဒီမှာ လူတွေက အထဲမှာ ကျင်းပတဲ့အခန်းက လူ အယောက် ၅၀၀ လောက် ဆံ့တယ်။ ရှင်တဲ့လူတွေက ပြန်ပြောတာပေါ့နော်။ အဲဒီကို လူ ၄ ယောက်လောက် ဝင်လာတယ်တဲ့။ AK-47 တွေနဲ့ အကုန်ဝင်လာတာတဲ့။ ဘာမှ စကားလည်း မပြောဘူး။ အော်တာဟစ်တာလည်း ဘာမှ မကြားရဘူး။ ဒီအတိုင်းပဲ ပစ်ချလိုက်တာပဲလို့ ကျနော် ကြားတယ်။ တချို့လူတွေဆိုရင် အထဲမှာ ပိတ်မိပြီးတော့ ထွက်တောင် ထွက်လို့မရဘူးတဲ့။ ဘာလို့လဲဆိုရင် လူ အသေအရမ်းများလို့ တံခါးပေါက်ကိုတောင် မရောက်နိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာ ခဏပုန်းနေရတယ်တဲ့။ နောက် ရဲတွေက ချက်ခြင်း ဝင်လာတော့ ရဲတွေကိုလည်း ထပ် ပစ်တယ်လို့ ကျနော် ကြားတယ်။”

လွန်ခဲ့တဲ့ (၁၀) လလောက်ကလည်း ပြင်သစ်နိုင်ငံမှာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက်အပါအဝင် ဂျူး လူမျိုးပိုင်ကုန်စုံဆိုင်တခုမှာလည်း အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာပါ။ ပြင်သစ်နိုင်ငံဟာ လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် အကြမ်းဖက်သမားတွေက ဒီအပေါ်မှာ အသုံးချနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ အခုလို ထိတ်လန့်စရာ အခြေအနေတွေ ရှိနေပေမဲ့လည်း ပဲရစ်မြို့သူမြို့သားတွေကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို သူတို့အနေနဲ့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်ရှင်။

XS
SM
MD
LG