သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Harvey မုန်တိုင်းဘေး မြန်မာတချို့ နေအိမ်မပြန်နိုင်ကြသေး


Harvey မုန်တိုင်းကြောင့် သီတဂူဗုဒ္ဓဝိဟာရမှာ ခိုလှုံနေတဲ့ မြန်မာတချို့ (Ashin Saccanyana)
Harvey မုန်တိုင်းကြောင့် သီတဂူဗုဒ္ဓဝိဟာရမှာ ခိုလှုံနေတဲ့ မြန်မာတချို့ (Ashin Saccanyana)

အမေရိကန်ပြည်ထောင်စုမှာ အင်အားပြင်း Harvey မုန်တိုင်းဒဏ်ခံထားရတဲ့ Texas ပြည်နယ် အရှေ့ပိုင်း Houston မြို့အပါအဝင် နေရာ တော်တော်များများမှာ စံချိန်တင်မိုးရွာသွန်းမှုကြေင့် ရေကြီးနေပါတယ်။ မြစ်ရေချိန်ဟာလည်း စံချိန်တင်အောင်တက်နေတဲ့အတွက် Houston မြို့နားက ရေကာတာ ၂ ခုကို တနင်္လာနေ့က ဖြည်းဖြည်းချင်း ဖွင့်ချခဲ့ရပါတယ်။ ရေဘေးဒုက္ခရောက်နေကြသူ ရာနဲ့ချီကို ကယ်ဆယ်နိုင်ဖို့လည်း ကူညီကယ်ဆယ်ရေးတွေ အစွမ်းကုန်ကြိုးစားနေကြရပါတယ်။ ဒီလိုအခြေအနေမှာ မုန်တိုင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရတဲ့ မြန်မာပြည်သားတွေအပါအဝင် ရေဘေးဒုက္ခသည်တွေအနေနဲ့လည်း ဘယ်တော့မှာ ကိုယ့်အိမ်ရှိရာပြန်နိုင်ကြမယ်ဆိုတာ မသိနိုင်ကြသေးတဲ့ အခြေအနေကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

Texas ပြည်နယ် ကမ်းရိုးတမ်းဒေသဖက်ကနေ အင်အားပြင်းအဆင့် ၄ ဟာရီကိန်းမုန်တိုင်းအဖြစ် သောကြာနေ့က ဝင်ရောက်ခဲ့တဲ့ Harvey မုန်တိုင်းကိုအပူပိုင်းမုန်တိုင်းအဆင့်လျှော့ချခဲ့ပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Houston မြို့နဲ့ အနီးအနားဒေသတော်တော်များများမှာ ရေကြီးနေပါတယ်။ သောကြာနေ့ထဲကစလို့ ရေကြီးမှုဒဏ်ကြောင့် နေအိမ်တွေမှာ သောင်တင်နေကြသူ ၂ ထောင်ထက်မနည်းကို ကယ်တင်ခဲ့ရပြီး နောက်ထပ် ရေဘေးဒုက္ခသည် ရာနဲ့ချီကို အမြန်ဆုံးကယ်ဆယ်နိုင်ဖို့ ကြိုးစားဆောင်ရွက် နေတယ်လို့ Houston မြို့ရဲတပ်ဖွဲ့က တနင်္လာနေ့အစောပိုင်း သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မိုးရေချိန်စံချိန်တင်လောက်အောင် မိုးရွာသွန်းပြီး ရေကြီးနေတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးနေပါတယ်။ တချို့နေရာတွေမှာ ၃ ပေလောက်ရေကြီးနေပြီး တချို့နေရာတွေမှာတော့ နေအိမ်ခေါင်မိုးတွေနားအထိ ရေကြီးနေပါတယ်။ နောက်ထပ်မိုးရွာသွန်းပြီး ရေချိန်မြင့်တက်လာဦးမယ်လို့လည်း သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စတ္ထုထမြောက် လူဦးရေးအထူထပ်ဆုံး Houston မြို့မှာ ရေဘေးဒဏ်သင့်သူ ၃ သောင်းထက် မနည်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တနင်္လာနေ့အစောပိုင်းကတော့ Houston မြို့နားက Barker နဲ့ Addicks ရေကာတာ ၂ ခုကိုဖြည်းဖြည်းချင်းဖွင့်ချပြီး ရေတွေကို ဖောက်ချခဲ့ရပါတယ်။ Harvey မုန်တိုင်းဒဏ်ကြောင့် Texas ပြည်နယ်ထဲမှာ နောက်ထပ်မိုးရွာသွန်းမှုတွေ။ မြစ်ရေမြင့်တက်မှုတွေနဲ့ ရေကြီးမှုတွေဆက်ရှိနေလိမ့်ဦးမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မုန်တိုင်းစဲသွားပေမဲ့ အန္တရာယ်က မလွတ်သေးဘူးလို့ အမိမြေလုံခြုံရေးယာယီဝန်ကြီး Elaine Duke က ခုလိုသတိပေးခဲ့ပါတယ်။

“ဟာရီကိန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေ မရှိတော့ပေမဲ့ ကျွန်မတို့အန္တရာယ်ကနေ မလွတ်သေးဘူးဆိုတာကို အလေးအနက်ပြောချင်ပါတယ်။ အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်တွေအရ Harvey ဟာ အန္တရာယ်ရှိတဲ့ သမိုင်းဝင်မုန်တိုင်းအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်း Houston မြို့တဝိုက်မှာ မိုးရေချိန် ၂ ပေလောက် ရွာသွန်းနိုင်ပြီး Texas ပြည်နယ်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းနေရာတော်တော်များများမှာ အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုတွေဖြစ်နိုင်ပါတယ်။”

ဒီလိုအခြေအနေကြောင့် သောကြာနေ့မုန်တိုင်းမဝင်ခင်ထဲက Texas ပြည်နယ် Austin မြို့မှာရှိတဲ့ သီတဂူဗုဒ္ဓဝိဟာရမှာ ခိုလှုံနေတဲ့ မမူးလိုက သူဘယ်တော့ အိမ်ပြန်နိုင်မလဲ မသိသေးဘူးလို့ VOA မြန်မာပိုင်းကိုပြောပါတယ်။ မမူးလိုတို့မိသားစုက မုန်တိုင်းဝင်ခဲ့တဲ့ Port Lavaca ကမ်းရိုးတမ်းမြို့က ဖြစ်ပါတယ်။

“ဘယ်တော့ပြန်ရမလဲဆိုတာ မသိသေးဘူးလေအခု အမအိမ်လည်းပြိုလားမပြိုလား အမမသိသေးဘူး၊ အမတို့ကလည်း သောကြာနေ့ကလည်း အမဒီမှာရောက်တယ်။ အခုအထိမပြန်ရသေးဘူး။ မုန်တိုင်းကလည်းအများကြီးလာတယ် Port Lavaca မှာ ပင်လယ်နဲ့ နီးတော့ မုန်တိုင်းက အကြီးအကျယ်ပဲ။

မေး။ ။ အဲဒီတော့ အမတို့အိမ်ဘာဖြစ်သွားသလဲဆိုတာ အခုလောလောဆည်မသိသေးဘူးပေါ့။

ဖြေ။ ။ မသိသေးဘူး အခုထိမသိသေးဘူး။အမကလည်း မပြန်သေးဘူးဆိုတော့ မသိသေးဘူး။

မေး။ ။အမ မိသားစုဘယ်နှစ်ယောက်နဲ့ ဘုန်းကြီးကျောင်းမှာ လာခိုလုံနေတာပါလဲ။

ဖြေ။ ။အမတို့မိသားစုကလည်း ၇ ယောက်၊ လူအားလုံးပေါင်းရင်းတော့ ၃၈ ယောက်လောက်ရှိတယ်။

မမူးလိုတို့မိသားစုအပါအဝင် ကရင်မိသားစုဝင် စုစုပေါင်း ၃၈ ယောက်ဟာ သီတဂူဗုဒ္ဓဝိဟာရမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ ဒီမိသားစုတွေအနေနဲ့ နောက်ထပ် ရက်ပိုင်းအထိ နေရပ်ပြန်နိုင်ကြဦးမှာ မဟုတ်ဘူးလို့ သီတဂူဗုဒ္ဓဝီဟာရ ကျောင်းတိုက်က ဆရာတော် ဒေါက်တာဦးသစ္စာဉာဏက မိန့်ပါတယ်။

“ဦးပဉ္စင်းထင်တာကတော့ နောက်ထပ် ၃ ရက်၊ ၄ ရက်လောက်တော့ အနည်းဆုံးတော့ စောင့်ကြည့်ရလိမ့်မယ်။မုန်တိုင်းအခြေအနေက လောလောဆည်မှာတော့ ဒီနေ့အခြေအနေအထားအရဆိုရင်တော့ မိုးလည်းမရွာတော့ဘူး လေလည်းမတိုက်တော့ဘူး။ ဒါပေမယ့်လို့ မုန်တိုင်းတကြော့ပြန်လာဦးမယ်ဆိုတဲ့ သတင်းတွေကလည်းရှိနေတော့ လောလောဆည်တော့ အဲဒီသတင်းတွေအပေါ်မှာပဲ နားထောင်ပြီးတော့ သူတို့ကို ၃ -၄ ရက်လောက်တော့ သူတို့ဒီမှာနေဦးမယ်။

မေး။ ။တခြားမြန်မာတွေရော မုန်တိုင်းလမ်းကြောင်းကျတဲ့နေရာတွေမှာ မြန်မာတွေဘယ်လောက်လောက်ရှိတယ်ဆိုတာ အရှင်ဘုရားတို့သိရသလဲ။

ဖြေ။ ။အဲဒါကတော့ ဘုန်းဘုန်းအတိအကျမသိရဘူး ဒကာမကြီးရေ။”

သီတဂူဗုဒ္ဓဝီဟာရ ကျောင်းတိုက်က ဆရာတော် ဒေါက်တာဦးသစ္စာဉာဏက VOA မြန်မာပိုင်းကို မိန့်ကြားခဲ့ပါတယ်။ Texas ပြည်နယ်ထဲမှာစီးဆင်းနေတဲ့ Colorado မြစ်ရေဟာလည်း နှစ်ပေါင်းများစွာအတွင်း စံချိန်တင်အောင်မြင့်တက်နေတဲ့အတွက် မြစ်ဖြတ်စီးဆင်းနေတဲ့ Austin မြို့ပြင်နားက မြို့တွေမှာ ရေကြီးနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ Texas ပြည်နယ်ထဲမှာ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၈ ယောက်ထက်မနည်းရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် အမျိုးသားအရန်တပ်ဖွဲ့ဝင် ၁ သောင်း ၂ ထောင်ကို Texas ပြည်နယ်မှာ ဖြန့်ချထားလိုက်ပြီလို့ Texas ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကတနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ သမ္မတ Donald Trump လည်း မုန်တိုင်းဒဏ်ခံထားရတဲ့ နေရာတချို့ဆီကို ဒီကနေ့ အင်္ဂါနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ မုန်းတိုင်းဒဏ်ခံထားရတဲ့ Texas နဲ့ Louisiana ပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေ တသားတည်းရှိတယ်လို့ သမ္မတ Trump ကတနင်္လာနေ့က ပြောကြားခဲ့ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG