သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်


တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်
တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်

ဂျပန်နိုင်ငံမှာ နျူကလီးယား အကျပ်အတည်း ဆိုးဝါးလာပေမဲ့ နျူကလီးယား အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဇုန်အပြင်ဘက် ကင်းလွတ်ဇုန်တွေထဲမှာ ရှိနေသူတွေ အတွက်တော့ ရေဒီယို သတ္တိကြွမှု အန္တရာယ် မရှိပါဘူးလို့ ဂျပန်အစိုးရကတော့ အာမခံနေပါတယ်။ ဒါပေမဲ့ ယုံယုံကြည်ကြည် လက်ခံသူ မရှိသလောက်ပါပဲ။ မြို့တော် တိုကျိုကနေ နျူကလီးယား စိုးရိမ်ချက်ကြောင့် နိုင်ငံခြားသားတွေရော ဂျပန်တချို့ပါ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပါတယ်။ မြန်မာနိုင်ငံသား အချို့လည်း ဒီအထဲမှာ အပါအဝင် ဖြစ်ပါတယ်။ တိုကျိုမှာ ကျန်နေသူတွေ အဖို့တော့ နျူကလီးယား စိုးရိမ်ချက်အပြင် စားရေးသောက်ရေး ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အိပ်ရာထချိန်မှာ ဂျပန်လူမျိုးတွေဟာ ပိုပြီးဆိုးဝါးတဲ့ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် ထိခိုက်ခဲ့ဲတဲ့ နျူကလီးယားစက်ရုံမှာ ရေဒီယို ဓာတ်သတ္တိကြွမှု တိုးမြင့်လာနေသလို ဓာတ်ပေါင်းဖို အဆောက်အဦး တခုကနေ အဖြူရောင် မီးခိုးမှုန်တွေ အုံမှိုင်းထွက်နေတာကို မြင်ခဲ့ကြရတယ်လို့ တိုကျိုကနေ ဗွီအိုအေ သတင်းထောက် မာတင် ဝီလီယမ်စ် (Martyn Williams) က သတင်းပေးပို့ခဲ့ပါတယ်။

ဒီအတွက် လူအချို့ကတော့ အတော့်ကို စိုးရိမ်ပူပန်နေကြပါတယ်။ တိုကျို မီးရထားဘူတာမှာတော့ လူအုပ်အချို့ကို တွေ့ရပြီး သူတို့ဟာ မြို့တော် တိုကျိုနဲ့ နျူကလီးယားစက်ရုံရှိရာ ဒေသတွေကနေ ဝေးရာ အနောက်ဘက်ခြမ်းကို ကျည်ဆံအမြန်ရထားတွေနဲ့ ခရီးသွားနေကြပါတယ်။ ဒီအထဲမှာ ဆာတိုရှီ မာကီရှီမာ (Satoshi Makishima) လည်း အပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဖြစ်သူ၊ နောက် သူမရဲ့ ကြောင်လေးနဲ့အတူ သူတို့သုံးဦးဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အိုဆာကာဘက်ကို သွားနေတာပါ။

နျူကလီးယား ပြဿနာတွေကြောင့် အလွန်တရာ စိတ်လှုပ်ရှား ပူပန်နေကြောင်းနဲ့ အစိုးရရော အဲဒီ နျူကလီးယားစက်ရုံရဲ့ စွမ်းအင်ကုမ္ပဏီကပါ ပြောနေတဲ့ အခြေအနေတွေဟာ လက်တွေ့ဖြစ်ရပ်ရဲ့ ၈၀% လောက်ပဲ အမှန်ပြောနေတာလို့ သူက ပြောသွားပါတယ်။

တိုကျိုမှာနေတဲ့ နိုင်ငံခြားသားတွေ အတော်များများလည်း တိုင်းပြည်က ထွက်ခွာနေကြပါပြီ။ ဥရောပ နိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေပါ သက်ဆိုင်ရာနိုင်ငံ သံရုံးအကူအညီတွေနဲ့ ပြန်ကုန်ကြပါပြီ။ တိုကျိုမှာရှိတဲ့ နိုင်ငံခြားသံရုံး အတော်များများကတော့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဂျပန်အာဏာပိုင်တွေရဲ့ အရေးယူ ကိုင်တွယ်မှုတွေ၊ သတိပေးချက်တွေဟာ မှန်ကန်တိကျပါတယ်လို့ ကျွမ်းကျင်သူတွေက ယူဆတယ်လို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ကတော့ ပြောနေပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်တွေမှာ ကျန်ခဲ့တဲ့ မိသားစုတွေကတော့ စိုးရိမ်နေကြပါတယ်။

တိုကျိုမှာရှိတဲ့ အမေရိကန်သံရုံးဆီကို ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေရော အဝေးက သူတို့မိသားစုတွေကပါ ဖုန်းဆက် မေးမြန်းတာတွေကို ကိုင်တွယ်နေရတယ်လို့ အမေရိကန် သံမှူးကြီး ပေါလ် ဖစ်ဇ်ဂျရယ်လ်ဒ် (Paul Fitzgerald) က ပြောပါတယ်။

“လူတွေက သူတို့ စိုးရိမ်ချက်တွေနဲ့ ဖုန်းတွေခေါ်ကြပါတယ်။ ဒီအခြေအနေမှာတော့ စိုးရိမ်စရာရှိတယ် ဆိုတာပဲ ပြောနိုင်ပါတယ်။ ဒီထက်ဆိုးလာတဲ့ အခြေအနေတော့ မတွေ့ရသေးပါဘူး။”

လက်ရှိ အခြေအနေ အပေါ်မှာတော့ နိုင်ငံတွေရဲ့ တွက်ချက်မှုက မတူညီပါဘူး။ ပြင်သစ်နိုင်ငံက သူ့နိုင်ငံသားတွေ ကယ်ထုတ်ဖို့ လေယဉ် လွှတ်လိုက်ပါတယ်။ သြစတြေးလျ နိုင်ငံကတော့ သူ့နိုင်ငံသားတွေကို မလိုအပ်ရင် တိုကျိုဧရိယာကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လည်း ဒါဟာ နျူကလီးယား စိုးရိမ်ချက်ကြောင့်တော့ မဟုတ်ဘဲ အပျက်အစီးတွေနဲ့ နောက်ထပ် ငလျင် စိုးရိမ်ရတာကြောင့် ဖြစ်တယ်လို့ သြစတြေးလျက ပြောပါတယ်။

တိုကျိုမှာရှိတဲ့ မြန်မာနိုင်ငံသားအချို့ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိတယ်လို့ သိရသလို မပြန်လိုသူ အချို့ကတော့ တိုကျိုကနေ အခြား ဂျပန်နိုင်ငံတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့
တိုကျိုမှာရှိတဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“အိုဆာကာဘက်ကို နည်းနည်းရှောင်ကြတယ်။ အိုဆာကာတို့၊ နာဂိုယာတို့ဘက်၊ ငလျင် နည်းနည်းလွတ်တဲ့ နေရာတွေကို။ တချို့မြန်မာတွေဆိုရင် မနေ့က ကျနော်သိရသလောက် စင်ကာပူတို့၊ မကာအိုဘက်တို့ ရှောင်ကြတယ်။ ဘန်ကောက်တို့ ဘာတို့လည်း ထွက်ကြတယ်လို့ ပြောတယ်ဗျ။ ဒီနျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်နေတဲ့ဟာကလည်း နံပါတ် ၄ ဓာတ်ပေါင်းဖိုက မီးလောင်တာ မငြှိမ်းနိုင်သေးဘူးဆိုတော့ အဲဒီအတွက်ကြောင့်လည်း လူတွေက တော်တော် စိတ်လှုပ်ရှားနေကြတယ်။ ပြီးတော့ မနေ့ညက ငလျင်တခါလှုပ်တယ်၊ ညသန်းခေါင်က တခါလှုပ်တယ်ဆိုတော့ မနေ့ကညနေ ကျနော် ကိစ္စတခုနဲ့ အပြင်ထွက်ကြည့်တဲ့ အချိန်မှာ လူတွေ တော်တော်နည်းသွားတာ တွေ့ရတယ်။”

အဲဒီတော့ အရေးပေါ် အခြေအနေ တခုခု ဖြစ်လာရင်ရော ကိုဘုန်းမြင့်ထွန်းတို့ရော တခြား မြန်မာတွေရော ဘယ်လို စဉ်းစားမိကြလဲ၊ အခြေအနေက၊ တိုကျိုကနေ ထွက်ဖို့။

“ကျနော်တို့က တိုကျိုကနေထွက်ဖို့ လဝကမှာ နိုင်ငံကို ပြန်ဝင်ဖို့ ဗီဇာလျှောက်ရတဲ့ နေရာမှာ တော်တော်လေးကို ခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုရင် လဝကမှာ ည ၁၁ နာရီလောက် ကတည်းက လူအယောက် ၅၀ လောက် တန်းစီနေတာ တွေ့ရတော့၊ မနက် ၉ နာရီမှဖွင့်မယ့် လဝကမှာ ည ၁၁ နာရီကတည်းက လူအယောက် ၅၀ လောက် တန်းစီနေတယ်ဆိုတော့ မနက်ကျရင် ဘယ်လောက်တောင် ဖြစ်မလဲဆိုတာ တွက်ကြည့်ရင် တော်တော်လေးတော့ ခက်ခဲနေတယ်ပေါ့။ ဂျပန်ပြည်က ထွက်ဖို့တောင်မှ။”

ဒါက ပြန်ဝင်ဖို့အတွက် တန်းစီကြတာပေါ့၊ Re-entry ဆိုတာက။ အကယ်၍ ဒီအတိုင်း ထွက်သွားရင်ရော ထွက်လို့ရလား။

“ဒီအတိုင်းထွက်သွားရင်တော့ ထွက်လို့ရတယ်။ ဒါပေမဲ့ ပြန်ဝင်လာဖို့ အတွက်ကိုတော့ တော်တော် ခက်ခဲသွားလိမ့်မယ်၊ ထွက်သွားလို့ရှိရင်။”

အစိုးရကတော့ လူတွေကို အစားအစာတွေ၊ ဓာတ်ဆီတွေ အလုံအလောက် ရှိတဲ့အတွက် အလုအယက် ဝယ်ယူစုဆောင်းတာမျိုး မလုပ်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း ကုန်တိုက်တွေမှာတော့ စားစရာတွေ ရောက်လာတာနဲ့ ချက်ချင်း ဝယ်ယူကြတာကြောင့်ရော သယ်ယူပို့ဆောင်ရေး ခက်တာကြောင့်ရော စားစရာတွေ ပြတ်လပ်နေပါတယ်။ ဓာတ်ဆီဆိုင်တွေမှာလည်း ဓာတ်ဆီဝယ်ဖို့ တန်းစီနေရပါတယ်။

အခြေအနေတွေဟာ စိုးရိမ်စရာမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြဖို့ အာဏာပိုင်တွေဘက်က သတိပေးနေပေမဲ့လည်း လူအတော်များများကတော့ အာဏာပိုင်တွေဘက်က သတင်းအပြည့်အစုံ မဖော်ပြဘဲ အမှောင်ချထားတယ်လို့ မြင်တဲ့သူကလည်း မြင်နေကြပါတယ်။ နိုင်ငံရပ်ခြားတွေကလည်း သူတို့နိုင်ငံသားတွေကို အရေးပေါ် ကယ်ထုတ်နိုင်ဖို့ စီမံနေကြပါတယ်။ ဒါကြောင့်လည်း တိုကျိုမှာ စိုးရိမ်မှုတွေက ပိုကြီးကြီးလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG