သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

LDC ၄၇ နိုင်ငံစာရင်းမှာ မြန်မာ ဆက်လက်ပါဝင်


ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တနေရာ
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တနေရာ

၂၀၁၈ LDC ခေါ် ကမ္ဘာ့ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံများဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို UNCTAD ခေါ် ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က နိုဝင်ဘာလ (၂၀)ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း (၄၇)နိုင်ငံအနက် မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယားတို့ အပြင် ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နဲ့ နီပေါလ် နိုင်ငံတို့ ပါဝင်ကြတာတွေ့ရပါတယ်။

ECOSOC လို့ခေါ်တဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီထံကို သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ တင်သွင်းတဲ့ အစီရင်ခံစာတွေပေါ်မူတည်ပြီး Committee for Development Policy ဖွံဖြိုးမှု ပေါ်လစီ ချမှတ်ရေးကော်မတီက သုံးနှစ်တကြိမ် LDC စာရင်းကို ပြန်လည် လေ့လာသုံးသပ်တာဖြစ်ပါတယ်။ ကော်မတီအနေနဲ့ သုံးသပ်ရာမှာ နိုင်ငံတွေကို LDC စာရင်းမှာ ထပ်ထည့်နိုင်သလို၊ LDC စာရင်းကနေလည်း ပယ်ဖျက်ပေးနိုင်ပါတယ်။

ကော်မတီအနေနဲ့ တဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာ စတဲ့ အချက်သုံးချက်ပေါ်မူတည်ပြီး အကဲဖြတ်သုံးသပ်တာဖြစ်ပါတယ်။ ၂၀၁၈ မတ်လမှာ ပြန်လည်ပြီး နောက်ဆုံးသုံးသပ်ထုတ်ပြန်ခဲ့တဲ့ ဒီအစီအရင်ခံစာထဲမှာ တဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာစတာတွေကို အဓိကထားပြီး သတ်မှတ်ခဲ့တာဖြစ်တယ်လို့ UNCTAD ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ဒီသုံးချက်အပြင် နိုင်ငံအနေနဲ့ လူဦးရေ (၇၅)သန်းကနေ မကျော်လွန်ဖို့လည်း လိုအပ်ပါတယ်။

နိုင်ငံတခုဟာ တဦးချင်းဝင်ငွေ အနည်းဆုံးနှစ်ဆ တိုးလာပြီး တနှစ်ကို ဒေါ်လာ ၂၄၆၀ ရှိလာပြီး၊ ဒီအတိုင်း ဆက်လက်တည်တံမယ့် အခြေအနေရှိမယ်ဆိုရင်တော့ ကျန်တဲ့ နှစ်ချက်ကို မကြည့်တော့ပဲ အဲဒီနိုင်ငံကို LDC စာရင်းက ဖယ်ထုတ်လိုက်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

LDC စာရင်းကနေ တဖြေးဖြေးချင်း ဖယ်ထုတ်ပေးနိုင်မယ့် အလားအလာရှိတဲ့ သုံးနိုင်ငံတို့ကတော့- မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအို နိုင်ငံတို့ဖြစ်ကြပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ အပြည့်အဝဖယ်ထုတ်ပေးနိုင်မယ့် အခြေအနေရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၇ခုနှစ် ကတည်းက စတင်ပြီး LDC စာရင်းမှာ တင်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ ဒီစာရင်းကနေ ပယ်ဖျက်ခွင့် ရရှိနိုင်အောင် ကော်မတီဖွဲ့ပြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG