သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၁ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေး ပြည်ပရောက်တိုင်းရင်းသားတွေ အမြင်


၇၁ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ (ဓါတ်ပုံ-phyo min thein)
၇၁ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ (ဓါတ်ပုံ-phyo min thein)

မြန်မာနိုင်ငံမှာ ၇၁ နှစ် ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပနေပြီဖြစ်ပါတယ်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ အခြေအနေတွေအထိ ပြည့်မလာ သေးပေမယ့် တိုးတက်ပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံ ဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးရအောင် လုပ်ဖို့လိုအပ်တယ်လို့ တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဒါကတော့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီမနက်အစောပိုင်းက လွပ်လပ်ရေးအခန်းအနား ကျင်းပနေတာဖြစ်ပြီး အဲဒီမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ လက်ရှိနေထိုင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မိုင်းရှုးမြို့နယ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) SNLD ပါတီကိုယ်စားလှယ် စိုင်းဝင်းဖေကတော့ သာယာဝပြောတဲ့ မြန်မာနိုင်ငံဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

"ကျနော်တို့ မိဘဘိုးဘွားလက်ထက်တွေက ကြိုးစားခဲ့တာတွေက လိုချင်တဲ့ပန်းတိုင်ကိုတော့ မရောက်သေးဘူးလို့တော့ ကျနော်ပြောရမှာပေါ့လေ။ သာယာဝပြောတဲ့ပြည်ထောင်စုကြီးပေါ့လေ အဲဒါရောက်ဖို့ဆိုရင် ပထမဆုံးအဆင့်ကတော့ ငြိမ်းချမ်းရေးရှိဖို့လိုတယ်။ ငြိမ်းချမ်းရေးရှိမှ ကျန်တာတွေဆက်လုပ်လို့ရမယ် အဲဒီတော့ ငြိမ်းချမ်းရေးရှိဖို့အတွက်ကလည်း အစိုးရအပါအဝင် အဖွဲ့အစည်းတိုင်း တခုချို့တဲ့နေတယ်လို့ထင်တယ်။ အဲဒါကတော့ ရိုးသားမှုလို့တော့ထင်တယ်။ သမိုင်းအမြင်လည်း မြင်ဖို့လိုတယ် ၊ အမှန်မြင်နေရဲ့သားနဲ့ သမိုင်းမှာရှိခဲ့တဲ့အတိုင်း လက်မခံပဲနဲ့ နောက်မှ ဝါဒဖြန့်ယူတဲ့ လမ်းကြောင်းကိုလိုက်နေတာမျိုးကို ကျနော်မရိုးသားဘူးလို့မြင်တယ်။"

လွတ်လပ်ရေးရဲ့အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးရအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်မှာ ခေတ္တနေထိုင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးရဲ့ ဒုက္ကဌ(၁) ဦးထန်နန်လျန်းထန်က ပြောပါတယ်။

"ကျနော်တို့ ၇၁ နှစ်ပြည့်ပြီဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်အရ မျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အဆင့်ကို အပြည့်အ၀ မရောက်သေးဘူးလို့ ကျနော်ပြောချင်ပါတယ်။ ဒီလိုမရောက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဖွဲ့စည်းပုံထဲမှာ အာမခံချက်ပေးထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်တဲ့အတွက်ကြောင့် ဒီနေ့အထိ ကျနော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို မရောက်သေးဘူးလို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ ခေါင်းဆောင်ကြီးများရဲ့ မျိုးဆက်သားသမီးများကို အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အပါအဝင် နိုင်ငံတော်ရဲ့ အခန်းကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အတွကေ်ကြာင့် ကျနော်တို့ ခေါင်းဆောင်ကြီးများ မျှော်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တစိုက်မတ်မတ်အားလုံးကဝိုင်းဝန်းလုပ်နေကြတယ်လို့ ဒါပေမယ့် ကျနော်တို့ရဲ့ အခက်အခဲကတော့ တဦးနဲ့တဦးနားလည်မှုအပြည့်ရှိဖို့နဲ့ ယုံကြည်မှုအပြည့်ရှိမှ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်ရောက်မယ်လို့ ယုံကြည်ပါတယ်။"

တချိန်က မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်ခဲ့ရပြီး၊ လွတ်လပ်ရေးရလာပြီး အခုခေတ်ကာလမှာ အဲဒီအခြေအနေမျိုး ပြန်မရောက်ဖို့ လိုတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ (Kachin Alliance) ဥက္ကဌ ဦးဂွမ်ဆန်က တိုက်တွန်းပါတယ်။

"နာမည်အရ လွတ်လပ်ရေးရတာကတော့ ၇၁ နှစ်ပြည့်ပါပြီ။ ဒါပေမယ့် စိတ်ဓါတ် တန်းတူညီတူအခွင့်အရေး ပြည်ထောင်စုအတွက်ကတော့ လွတ်လပ်ရေးကတော့ ဒီနေ့အထိ မရသေးပါဘူး။ အင်္ဂလိပ် ကျွန်ဘဝကနေ နောက်ကျွန်ဘဝကို ပြောင်းလဲသလိုပဲ ကျနော်တို့ တိုင်းရင်းသားတွေက ဒီလိုပဲ ခံစားရပါတယ်။ ဆိုတော့ ကျနော်တို့လိုအပ်တာက တပြည်လုံး ငြိမ်းချမ်းရေး ကျနော်တို့လိုအပ်တယ်။ နောက်တခုကတော့ တန်းတူညီတူအခွင့်အရေးလိုအပ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေအကုန်လုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ အခွင့်အရေးရှိရမယ်။ အဲဒါအားလုံးကတော့ တိုင်းရင်းသားတွေအခွင့်အရေးအပြည့်အ၀ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်ပေါ့။ ငြိမ်းချမ်းရေး ရမယ်ဆိုရင် နိုင်ငံရေးကို ဆက်လက်ဆွေးနွေးလို့ရလာပါလိမ့်မယ်။ ကျနော်တို့ ပင်လုံမှာ ကတိကဝတ်ပြုခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်လို့ရပါလိမ့်မယ်။

၁၈၈၆ ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီလက်အောက်ရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ပြန်ပြီး လွတ်လပ်ရေးရခဲ့တာကြောင့် အခုဆိုရင် ၇၁ နှစ်ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG