သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေးဆောင်ရွက်မည်


ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ အစိုးရကို ဦးဆောင်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်တဲ့ အကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စအပါအဝင် အစိုးရသစ် အနေနဲ့ ဆောင်ရွက်မယ့် ကိစ္စတွေကိုပါ ထည့်သွင်း ပြောကြားသွားတဲ့ ၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခန်းအနားအကြောင်းကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာတဲ့အခါမှာ လုပ်ဆောင်ရမယ့် ပထမဦးဆုံး တာဝန်ဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်ပြီး တကယ် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပ သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“နောက်တက်လာမယ့် အစိုးရရဲ့ ပထမဦးဆုံးတာဝန်တခုကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ ဖြစ်တယ်။ တကယ့်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံတခုကြီး ကျင်းပပြီးတော့ ကျမတို့ အခု လက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပိုမိုပြီးတော့ အားလုံးပါဝင်လာနိုင်အောင်လို့ ကျမတို့လုပ်ရမယ်။ ကျမတို့ရဲ့ အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့မူကို အခြေခံတဲ့ အစိုးရဖြစ်ရပါစေမယ်ဆိုတာ၊ ဒီအတိုင်းပဲ ဖြစ်ရပါစေမယ် ဆိုတာလည်း ကျမဒီ ကနေ ထပ်မံပြီးတော့ ပြော ချင်ပါတယ်။”

ပြည်သူ တွေအနေနဲ့ အပြောင်းအလဲကို မစိုးရိမ်ကြဖို့နဲ့ အားလုံးအတွက် အကျိုးဖြစ်စေမယ့် အပြောင်းအလဲမျိုးဖြစ်ဖို့ ကြိုး ပမ်းသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်ပါတယ်။

“အခု အပြောင်းအလဲကြောင့်မို့လို့ စိုးရိမ်တဲ့ ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကျမအနေနဲ့ စကားပါး ပါရစေ။ မစိုးရိမ်ပါနဲ့ ကျမတို့ ဒီအပြောင်းအလဲဟာ အားလုံး အတွက် အကျိုးဖြစ်စေမယ့် အပြောင်းအလဲဖြစ်အောင်လို့ ကျမတို့ အသားကုန် ကြိုးစားမှာပါ။

စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့ အရသာကို ခံစားချင်ရင် ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာ အတွက် နိုင်ငံသားတစ်ဦးချင်း တာဝန်ယူ တတ်ဖို့လိုတယ်လို့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အပါအဝင်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ၊ အခြား နိုင်ငံရေး ပါတီက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားသံရုံးတွေက သံအမတ်တွေလည်း ပါဝင် တက်ရောက် ခဲ့ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေအတိုင်း အားလုံး အတူတကွ လက်တွဲ လုပ်ဆောင်မယ်ဆိုရင် နောင်လာမယ့် လွတ်လပ်ရေးနေ့တွေမှာ တိုင်းပြည်ရဲ့ အခြေအနေ ပိုကောင်းမွန်လာမယ်ဆိုတာ ယုံကြည်တယ်လို့ဆိုပါတယ်။

“ကျမတို့ လွတ်လပ်ရေးဟာ လူထုပေါ်မှာ ရင့်ကျက် လာပါတယ်။ အခုကနေစပြီး ကျမတို့ အားလုံးဟာ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာအတွက် ကိုယ် တာဝန်ယူရမယ့် အချိန်ရောက်နေပြီ ဆိုတာကို သဘောပေါက်သင့်ပါတယ်။ သူများမှာတာဝန်ရှိတယ်၊ သူများမှာ တာဝန်ရှိတယ် ဆိုတဲ့ စိတ်နဲ့ ကျမတို့ ဆက်ပြီးသွားလို့ မဖြစ်ပါဘူး။ လူတိုင်း လူတိုင်းဟာ ကိုယ့်မှာလည်း တာဝန်ရှိတယ်။ ကိုယ့်လူမျိုးတိုင်းဟာ ဒီပြည်ထောင်စုကြီး တိုးတက်ဖို့အတွက်၊ သာယာဖို့အတွက်၊ ငြိမ်းချမ်းဖို့အတွက်၊ ညီညွတ်ဖို့ အတွက် ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆက်ပြီးတော့ လုပ်ရပါလိမ့်မယ်။ တာဝန်မယူချင်လို့ရှိရင် လွတ်လပ်ရေးရဲ့ အရသာကို ခံစားရမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး အရသာတော့ ခံစားချင်တယ်။ တာဝန်တော့ မယူဘူး ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ (၆၈) နှစ်မြောက် လွတ်လပ်ရေး အခမ်းအနားမှာတော့ တိုင်းရင်း သား ပါတီအချို့က သဝဏ်လွှာပေးပို့ခဲ့တာရှိပေမဲ့ ထင်ရှားတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်တာကို မတွေ့ခဲ့ရပါဘူး။

မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီလက်အောက်က လွှတ်မြောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက် ၄ နာရီ ၂၀ မိနစ် အချိန်က နေပြည်တော်မှာ ရှိတဲ့ မြို့တော်ခမ်းမရှေ့နဲ့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အနီးမှာရှိတဲ့ ပြည်သူ့ရင်ပြင်တို့မှာ အလံတင်ပွဲ အခမ်းအနားတွေကိုလည်း ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG