သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်


ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်
ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်

လွန်ခဲ့တဲ့ ၆၃ နှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အခုချိန်ထိ နှစ်တွေ ကြာလာခဲ့ပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံကို မတည်ထောင်နိုင်ခဲ့ဘူးလို့ ပြည်တွင်းက နိုင်ငံရေးသမား တချို့က သုံးသပ်ကြပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက အဆင့်ဆင့် ပြောင်းလဲလာတဲ့ အစိုးရလက်ထက် တလျှောက်လုံးမှာ ပင်လုံစိတ်ဓာတ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်တာ မရှိသေးသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း အပြောသာရှိခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး အဓွန့်ရှည်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အရေးကြီးတယ်လို့ မနေ့က ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုလိုက်တဲ့အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေက ဝေဖန်ခဲ့တာပါ။ လွတ်လပ်ရေးရဲ့ အခြေခံ ပင်လုံစိတ်ဓာတ်ကို တန်ဖိုးထားတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ချင်တယ်ဆိုရင် အခု တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာ ရှိမှာမဟုတ်ဘူးလို့ ထောက်ပြကြသလို မြန်မာစစ်အစိုးရဟာ အပြောသာဖြစ်ပြီး လက်တွေ့ဖော်ဆောင်တာ ဘာမှမရှိဘူးလို့ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်က ဆိုပါတယ်။

“တကယ်လို့များ ပြည်ထောင်စုကို တည်တံ့ခိုင်မြဲဖို့၊ တကယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အရေးကြီးတယ်လို့ ယုံကြည်တယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုရအောင် သူတို့က စည်းရုံးရေးကို တကယ်လုပ်သလား ဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အဲဒါကြောင့် ဒီဥစ္စာတွေ မလုပ်ဘဲနဲ့ နှုတ်လောက်နဲ့ပဲ ပြောတာက မလုံလောက်ပါဘူး။

“ပင်လုံစိတ်ဓာတ်ကို ကျနော်တို့ ဒီအချိန်မှာ မရဘူးဆိုရင် ဒီဥစ္စာက ကျနော်တို့ စည်းရုံးရေး လုပ်ပါတယ်၊ အဲဒီလိုဖြစ်ဖို့ အခု အောင်မြင်နေပါတယ် ဆိုတဲ့ သဘောမျိုးနဲ့ ပြောနေတဲ့ ဟာတွေကတော့ အမှန်တရား မဟုတ်ဘူး။ တကယ်လုပ်ဆောင်တာလည်း မဟုတ်ဘူး။ တကယ်လိုအပ်နေတာကို သိလျက်သားနဲ့ လုပ်တဲ့နေရာမှာ ဒီအတိုင်း မလုပ်ရင်တော့ ပြောတာသက်သက်ပဲ ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ် ဆိုတာကိုလည်း အစိုးရ အမျိုးမျိုး ပြောင်းလဲ အုပ်ချုပ်လာခဲ့ပေမဲ့ လက်ရှိ အခုချိန်ထိ ပြဋ္ဌာန်း ဖော်ဆောင်တာ မရှိဘူးလို့ နောက်ထပ် တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ထောက်ပြပါတယ်။

“ပထစခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ အခု နဝတ၊ နအဖ ခေတ်အဆက်ဆက်သာ ပြောင်းခဲ့တယ်၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးတာ မရှိတဲ့အတွက်ကြောင့် ဒီနေ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း မချုပ်ငြိမ်းသေးသလို တိုင်းရင်းသားများရဲ့ ရည်မှန်းချက်တွေကိုလည်း မဖော်ဆောင်ပေးနိုင်တဲ့ အတွက်ကြောင့် အခုလို ပြဿနာတွေ ဖြစ်နေတာ။ ဒီစာချုပ်ပါ အချက်အလက်အပြင် တိုင်းရင်းသားများနဲ့ သဘောတူခဲ့တဲ့ သဘောတူညီချက်တွေလည်း ရှိပါတယ်။ အပြောသက်သက်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မရနိုင်ဘူး ဆိုတာ သက်သေပြနေတာပဲ။

“ဒါကြောင့် တကယ့် တိုင်းရင်းသား စည်းလုံးမှုကို ဖော်ဆောင်ဖို့ဆိုရင် ပင်လုံသဘောတူညီချက်ကို လက်တွေ့အားဖြင့် အကောင်အထည်ဖော်ဖို့ လိုမယ်၊ အဲဒီ သဘောတူညီချက်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းမှသာလျှင် တကယ် လက်တွေ့ အကောင်အထည် ဖော်ရာလည်း ရောက်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။”

မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်ရဲ့ တိုင်းရင်းသားတွေ သဘောတူညီချက်ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ အခုချိန်ထိ တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အခု လတ်တလောမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် နအဖက တိုက်တွန်းပေမဲ့ တိုင်းရင်းသားတွေက ဒီနယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို လက်မခံဘူးလေ။ ဘာကြောင့် လက်မခံလဲ ဆိုတော့ နဝတ၊ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း တိုင်းရင်းသားများက လက်မခံသလို ဖွဲ့စည်းပုံမှာလည်း တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးထားတာ မရှိတဲ့အတွက်ကြောင့် အခုထက်ထိ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ် သို့မဟုတ် လက်နက် ဖြုတ်သိမ်းဖို့ကို တိုင်းရင်းသားများက လက်မခံတာ ဖြစ်ပါတယ်။

“တိုင်းရင်းသားများနဲ့ တကယ် ပြေလည်ဖို့၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ဆိုရင် တကယ့် ပင်လုံ သဘောတူညီချက်ကို အကောင်အထည် ဖော်မှသာလျှင် ရနိုင်မယ်လို့ ကျနော့်အနေနဲ့ကတော့ ယုံကြည်တယ်။”

CRPP အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်လာဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာဖြစ်ပြီး ဒါကိုလည်း တိုင်းရင်းသား အဖွဲ့တွေက ကြိုဆို ထောက်ခံထားပါတယ်။

XS
SM
MD
LG