မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံက တာတာကားကုမ္ပဏီကို ဒီကနေ့ သွားရောက်လည်ပတ်ပြီး သူ့ရဲ့ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ တာတာကားကုမ္ပဏီရှိရာ ဂျမ်းရှက်ပူး (Jamshedpur) မြို့ကို ဒီကနေ့ သွားရောက်လည်ပတ်ပြီး ကိုလ်ကတ္တား (Kolkata) မြို့ကတဆင့် မြန်မာပြည်ကို ဒီကနေ့ ပြန်မှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အစိုးရ ၀န်ကြီးတွေ စုစုပေါင်း ၂၀ လောက် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယနိုင်ငံက တာတာ (Tata) မော်တော်ကား ကုမ္ပဏီကြီးကို ဒီကနေ့ နေ့လယ်ပိုင်းက သွားရောက် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တာတာကားကုမ္ပဏီက ထုတ်တဲ့ ထရပ်ကားနဲ့ ကမ္ဘာမှာ ဈေးအသက်သာဆုံး Nano (နာနို) ကားလေးတွေကို စိတ်ဝင်တစား မေးခဲ့တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ကို ဒီကနေ့ လိုက်လံပြသခဲ့တဲ့ တာတာ ကားစက်ရုံက စက်ရုံမှူး အက်စ်.ဘီ ဘော်ဝန်ကာ (S. B. Borwankar) က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
“သူတို့အနေနဲ့ ထရပ်ကားနဲ့ နာနိုကားတွေကို စိတ်ဝင်စားတဲ့အကြောင်း ပြောပါတယ်။ နာနိုကားတွေကို ၀ယ်ချင်တဲ့အကြောင်း ပြောပါတယ်။ နောက် ဈေးသက်သာတဲ့ နည်းလမ်းကို ရှာတဲ့အနေနဲ့ အနာဂတ်မှာ အဲဒီ နာနိုကားတွေကို မြန်မာပြည်မှာ ပြန်တပ်ဆင် ရောင်းချဖို့ အစီအစဉ် ရှိတယ်လို့လည်း မြန်မာ စက်မှုဝန်ကြီးက ကျနော်တို့ကို ပြောပါတယ်။”
မြန်မာစစ်အစိုးရ အနေနဲ့ တာတာကားစက်ရုံခွဲ မကွေးမြို့မှာ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့လည်း သူ့ကို ပြောတဲ့အကြောင်း မစ္စတာ ဘော်ဝန်ကာက ဆက်ပြောပြပါတယ်။
“သူတို့အနေနဲ့ မကွေးမြို့မှာ စက်ရုံ တည်ဆောက်လိုတဲ့အကြောင်း ကျနော်တို့ကို ပြောပါတယ်။ နောက် မြန်မာပြည်မှာ ပြန်တပ်ဆင်ဖို့ ကျနော်တို့ဆီက ပစ္စည်းတွေ မှာမယ်လို့ ပြောပါတယ်။ မြန်မာပြည်မှာ စက်ရုံ တည်ဆောက်ဖို့အတွက် အပြန်အလှန် နားလည်မှု စာချွန်လွှာကို မကြာခင်မှာ လက်မှတ်ထိုးပြီးကြရင် မြန်မာနိုင်ငံက လူတွေကို အိန္ဒိယက တာတာကုမ္ပဏီမှာ သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။”
တာတာကားကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဂျားခန်း (Jarkhand) ပြည်နယ်အတွင်းက ဂျမ်းရှက်ပူးမြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။
မနေ့ညကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဇနီးတို့ကို အန်ဒရာ ပရာဒက်ရှ် (Andhra Pradesh) ပြည်နယ် အုပ်ချုပ်ရေးမှူး အီး အက်စ် အယ်လ် နာရာစင်မ်ဟန် (E S L Narasimhan) က ဟိုက်ဒြာဘတ် (Hyderabad) မြို့က ဂျူဗလီခန်းမမှာ ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ နောက်လိုက် ၈၀ ကျော် ပါသွားတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ဟာ မနေ့တုန်းက ဆာလာ ဂျူးန် (Salar Jung) ပြတိုက်၊ ဘာရတ် ဘိုင်အိုတက်ခ် (Barat Biotech) ဇီဝနည်းပညာ ကုမ္ပဏီနဲ့ IT နည်းပညာ မြို့တော်တွေဆီ ဗုဒ္ဓဟူးနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနဲ့ နောက်လိုက်တွေဟာ အိန္ဒိယနိုင်ငံ ဘီဟာ (Bihar) ပြည်နယ်က ဗုဒ္ဓဂါယာကို ဇူလိုင်လ ၂၅ ရက်နေ့က ရောက်ခဲ့ကြတာဖြစ်ပြီး အဲဒီကမှ နယူးဒေလီမြို့ကို သွားပြီး အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ် (Pratibhal Patil) နဲ့ ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) တို့ အပါအ၀င် အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်တလျှောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ဖိဖိစီးစီး တိုက်တွန်း ပြောကြားသင့်တဲ့ အကြောင်းလည်း တောင်းဆိုခဲ့ကြပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်နဲ့ နယူးဒေလီမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့ တွေ့တုန်းကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကျယ်ပြန့်တဲ့ အခြေခံ ချမှတ်ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးတဲ့အကြောင်း အိန္ဒိယ အစိုးရက အလေးအနက် တိုက်တွန်းကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားခဲ့တယ်လို့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။