သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအသင်းရဲ့ အိုလံပစ် ဘောလုံးခြေစစ်ပွဲ


မြန်မာအသင်းရဲ့ အိုလံပစ် ဘောလုံးခြေစစ်ပွဲ
မြန်မာအသင်းရဲ့ အိုလံပစ် ဘောလုံးခြေစစ်ပွဲ

မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ၂၀၁၂ ခုနှစ် အိုလံပစ် ဘောလုံးခြေစစ်ပွဲ ဒုတိယပွဲကို မနက်ဖြန် ရန်ကုန်မှာ ကစားကြဖို့အတွက် အိန္ဒိယ ဘောလုံးအသင်းဟာ မြန်မာနိုင်ငံကို ရောက်နေပြီ ဖြစ်ပါတယ်။ မြန်မာ ဘောလုံးဝါသနာရှင် တွေကတော့ ဒီပွဲမှာ မြန်မာအသင်း နိုင်နိုင်ခြေရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲရဲ့ ဒုတိယပွဲစဉ်ကို မနက်ဖြန်ညနေ ၄ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနဲ့ အိန္ဒိယအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမအဆင့် ခြေစစ်ပွဲ ဖြစ်ပေမဲ့ အိန္ဒိယမှာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းက အိမ်ရှင် အိန္ဒိယအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားပြီး ဖြစ်တာကြောင့် မြန်မာအသင်း ဒီပွဲမှာနိုင်မှ အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ၊ မြန်မာ ဘောလုံးပွဲ အခြေအနေကိုတော့ ဝါရင့် အားကစား ဆောင်းပါးရှင် ခင်မောင်ထွေး (ပျဉ်းမနား) က အခုလို သုံးသပ်ပြပါတယ်။

“ခြေစစ်ပွဲ အောင်ဖို့ဆိုတာ ဝေးသေးတယ်ဗျ။ အခုဟာ AFC ရဲ့ ၂ ဆင့်ပေ့ါဗျာ။ ဒါက ပထမအဆင့် ခြေစစ်ပွဲပါ။ မြန်မာနဲ့ အိန္ဒိယလိုပဲ၊ ၂ သင်းစီ၊ ၂ သင်းစီ၊ ပါကစ္စတန်တို့၊ အသင်းလေးတွေ တာဂျစ်ကစ္စတန်တို့ ဘာတို့ အကုန်လုံး ကစားနေကြပါတယ်။ ကျနော်တို့က အဲဒီအထဲက ၂ သင်း အပါအဝင်ပေါ့။ ကျနော်တို့က ဒီအသင်းမှာ နိုင်ပြီးတော့မှ အကယ်၍ ကျနော်တို့ ရန်ကုန်မှာ ကစားတဲ့ပွဲက၊ ကျနော်တို့က အိန္ဒိယမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့အတွက် အဝေးကွင်း ဂိုးရထားတယ်။

“ဒီမှာ ၁ ဂိုး၊ ဂိုးမရှိတဲ့ ပြန်နိုင်ရင် ကျနော်တို့ Qualify ဖြစ်မယ်ပေါ့။ Qualify ဖြစ်မယ်ဆိုတာ ဒုတိယအဆင့် တက်ဖို့ပဲ။ တိုက်ရိုက် လန်ဒန်ကို Qualify မဖြစ်သေးပါဘူး။ အိန္ဒိယအသင်းက အိန္ဒိယမှာ ကစားတုန်းကတော့ ကျနော်တို့ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတယ်လေ။ မြန်မာပြည်မှာတော့ မြန်မာနည်းပြဆရာက မြန်မာပြည်မှာ ပြန်ပြီး အနိုင်ယူမယ်လို့တော့ ပြောတာပဲ။”

မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ပထမ ခြေစစ်ပွဲကို အိန္ဒိယနိုင်ငံ ပူနေး (Pune) မြို့မှာ ပြီးခဲ့တဲ့လတုန်းက ကစားခဲ့ကြတာပါ။ အခု ရန်ကုန် သုဝဏ္ဏကွင်းမှာ ကစားမယ့် ပွဲမှာတော့ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁ ဂိုး ဂိုးမရှိ၊ ဒါမှမဟုတ်ရင်လည်း ဂိုးအပြတ်အသတ်နဲ့ အနိုင်ရမှသာ ဒုတိယအဆင့် ခြေစစ်ပွဲကို တက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာဘောလုံးပရိသတ်တွေကလည်း ဒီပွဲဟာ အိမ်ကွင်းမှာ ကစားတဲ့ပွဲ ဖြစ်တာကတကြောင်း၊ မြန်မာအသင်းက အနိုင်ရမှ ဖြစ်မယ့် အခြေအနေ ဖြစ်တာက တကြောင်းတို့ကြောင့် ဒီပွဲမှာ မြန်မာအသင်း အနိုင်ရမယ်လို့ တွက်ဆထားတဲ့အကြောင်း ရန်ကုန်မြို့က ဘောလုံး ဝါသနာရှင်တဦးက ပြောပါတယ်။

“အားလုံးတော့ မျှော်လင့်ထားကြတယ်လေ။ ၁း၀ နဲ့ နိုင်ပြီဆိုလည်း ကျနော်တို့အသင်းက တက်မှာဆိုတော့ နိုင်နိုင်ခြေရှိတယ်လို့ ယူဆထားကြပါတယ်။ အခု နိုင်ငံခြား နည်းပြကလည်း တော်တော် တော်တဲ့ အခြေအနေ ရှိတယ်လေ။ အသင်းကလည်း အရင်ကထက်ပိုပြီး Strong ဖြစ်နေတဲ့ အခြေအနေ ရှိတယ်။ သူလည်း တကယ့် Selection တွေ ရေးထားတယ်လို့ စာစောင်ထဲမှာတော့ အဲဒီလိုပဲ ဖတ်ရတယ်။”

မနက်ဖြန် ကစားမယ့် အိုလံပစ် ခြေစစ်ပွဲကို မြန်မာဘောလုံးပရိသတ်တွေက စိတ်ဝင်စားမှု များတဲ့အတွက် လက်မှတ်တွေတောင် အခုချိန်မှာ ဝယ်ရခက်နေပြီလို့လည်း အဲဒီ ဘောလုံးဝါသနာရှင်က ပြောပါတယ်။ မြန်မာအသင်းရဲ့ နည်းပြကတော့ ဆားဗီးယားနိုင်ငံသား မီလန် ဇီဗာဒီနိုဗစ်ချ် (Milan Zivadinovic) ဖြစ်ပါတယ်။

အာရှတိုက်အတွင်း တချိန်က ချန်ပီယံဆုတွေရပြီး အောင်မြင်ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ ၁၉၇၂ ခုနှစ်က ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲအတွက် တကြိမ်သာ ခြေစစ်ပွဲ အောင်ခဲ့ဖူးပြီး အဲဒီပွဲမှာ အသန့်ရှင်းဆုံး အသင်းဆုကို ရခဲ့ဖူးပါတယ်။

အိန္ဒိယအသင်းဟာလည်း မြန်မာအသင်းလိုပဲ တချိန်က ဒေသတွင်း ပွဲစဉ်တွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးမှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တဲ့ ဘောလုံးအသင်း ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်း အိုလံပစ်ပွဲမှာ ဘူလ်ဂေးရီးယား အသင်းကို တတိယနေရာလုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး စတုတ္ထ ရခဲ့ဖူးတဲ့ သာဓက ရှိပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌ ဆက် ဘလက်တာ (Joseph Blatter) ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ဖို့ရှိပြီး စစ်အစိုးရ အရာရှိတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် FIFA ရဲ့ Goal Project အစီအစဉ်နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မန္တလေးမှာ ဖွင့်ထားတဲ့ လူငယ် ဘောလုံးသင်တန်းကျောင်းကိုလည်း ဆက် ဘလက်တာ ကိုယ်တိုင် သွားဖွင့်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG