ဒီနေ့ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာ ဘောလုံးအသင်းတို့ရဲ့ ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် ဘောလုံးခြေစစ်ပွဲဟာ ၁ ဂိုးသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ မြန်မာအသင်းက အိန္ဒိယအသင်းကို ဒီနေ့ အနိုင်မကစားနိုင်ခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ် အိုလံပစ် ဘောလုံးပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ဒီနေ့ သုဝဏ္ဏကွင်းမှာ ကစားခဲ့ကြတဲ့ အခြေအနေတွေကို ဘန်ကောက်မြို့ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
“မြန်မာ ၁ ဂိုး၊ အိန္ဒိယ ၁ ဂိုးပေါ့။”
ပထမပိုင်းမှာ ကစားခဲ့တဲ့ အခြေအနေက ဘယ်လိုရှိလဲခင်ဗျ။
“ပထမပိုင်းမှာ ကစားတာက မြန်မာ သာတယ်ဗျာ၊ မြန်မာက ကစားကွက် အသာနဲ့ ကစားတယ်။ ဒုတိယပိုင်း ၁၅ မိနစ်မှာ နံပါတ် ၁၉ ကျော်ကိုကိုက သွင်းတယ်။ ဂိုးသွင်းပြီးတော့ ပရိသတ်ကို အင်္ကျီချွတ်ပြီး သွားနှုတ်ဆက်လိုက်တယ်ဗျ။ အင်္ကျီချွတ်ပြီး ပရိသတ်ဆီကို ပြေးသွားဆိုတော့ ဂိုးသွင်းပြီးပြီးချင်း နောက်ထပ်တ၀ါနဲ့ ထွက်သွားရတယ်။
“သူက ဂိုးသွင်းပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ အင်္ကျီချွတ်ပြီး ပရိသတ်ဆီ သွားတာကိုး။ ပရိသတ်ဆီ ပြေးသွားတော့၊ ပထမတ၀ါထိထားတော့ ၂ ၀ါနဲ့ အထုတ်ခံလိုက်ရတယ်။ ဂိုးသွင်းပြီးပြီးချင်းပဲ အထုတ်ခံလိုက်ရတယ်။ အဲတော့ မြန်မာအသင်းက ၁၀ ယောက်၊ ဟိုက ၁၁ ယောက်ပေါ့၊ အဲဒီလို ဖြစ်သွားတယ်။”
ဒိုင်က ဘယ်ကလဲခင်ဗျ။
“ဒိုင်လူကြီးက ဂျပန်လို့ ပြောတယ်ဗျ။”
ကျော်ကိုကို အထုတ်ခံလိုက်ရပြီး နောက်ပိုင်းမှာ ဘောလုံးပွဲ အခြေအနေက ဘယ်လိုဖြစ်သွားလဲခင်ဗျ။
“ဘောလုံးပွဲ အခြေအနေ အိန္ဒိယက ဖိလာတာပေါ့။ မြန်မာက ခံစစ်ဖြစ်သွားတာပေါ့။”
ကျော်ကိုကို အထုတ်ခံလိုက်ရပြီး နောက် ဘယ်နှစ်မိနစ်အကြာမှာ အိန္ဒိယဘက်က ချေပဂိုး သွင်းတာပါလဲ။
“အိန္ဒိယက ၈၉ မိနစ်မှာ သွင်းတယ်။ ဒုတိယပိုင်း ပြီးခါနီး ၅ မိနစ်လောက် အလိုမှာ သွင်းလိုက်တာ။”
ပွဲစဉ်တလျှောက်လုံးကို ကြည့်မယ်ဆိုရင် ဘယ်အသင်းက ခြေသာခဲ့တယ်လို့ ပြောလို့ရမလဲခင်ဗျ။
“မြန်မာက သာတယ်၊ မြန်မာက အများကြီး ဖိထားတာ။ ပထမပိုင်း မိနစ် ၃၀ လောက်၊ ဒုတိယပိုင်း တော်တော်များများလည်း မြန်မာက ဖိထားတယ်။ မြန်မာက ခြေရော ကစားကွက်ရော အကုန်သာတယ်။”
ပရိသတ်ရဲ့ အားပေးမှု အနေအထားကိုရော ဘယ်လိုတွေ့ရပါလဲ။
“ပရိသတ်က မြန်မာဘက်ကို အားပေးတယ်ပေါ့ဗျာ။ နောက် အားမလို အားမရ ဖြစ်ပြီးတော့ ပရိသတ်တွေက ရေသန့်ဘူးနဲ့ပေါက်၊ ဖိနပ်တွေနဲ့ပစ်တာ ရှိတော့ ဒုတိယပိုင်းမှာ လုံခြုံရေးတောင် ချရတယ်။ ကွင်းထဲမှာ ရဲတွေကာပြီး ချထားရတယ်။”
အိန္ဒိယမှာ ကန်တုန်းက မြန်မာက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးတယ်။ အခု ကိုယ့်ကွင်းမှာ ၁ ဂိုးစီ သရေဆိုတော့ ဘာဆက်ဖြစ်မလဲခင်ဗျ၊ နောက်ဆိုရင်။
“မြန်မာထွက်မှာပေါ့။ ခြေစစ်ပွဲ မအောင်တော့ဘူး ဖြစ်သွားတာပေါ့။”
အကိုရော ပရိသတ်တယောက် အနေနဲ့ အခုလို မြန်မာအသင်း ပထမ ကိုယ်က အရင် ဂိုးသွင်းပြီးတော့မှ ၁၀ ယောက်၊ ၁၁ ယောက်နဲ့ အရေးနိမ့် ရှုံးသွားတဲ့ အပေါ်မှာ ဘယ်လိုခံစားရလဲ။
“ဒါကတော့ မြန်မာအသင်းက ပုဂ္ဂိုလ်တွေက စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းလို့ ဖြစ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရွေးစင် ဘောလုံးသမားတယောက် အနေနဲ့ အဲဒီစည်းကမ်းကို သူ နားလည်ရမယ်လေ။ အဲဒီစည်းကမ်း နားမလည်လို့ တသင်းလုံး နစ်နာသွားတာပေါ့။ သူ ၁ ဂိုး သွင်းသွားတာတော့ မှန်တယ်။ ဒါပေမဲ့ တသင်းလုံး နစ်နာတာပေါ့။ အခု နောက်ဆုံးအဆင့် သရေဖြစ်ပြီး ထွက်သွားတဲ့အဆင့် ဖြစ်သွားတာပေါ့။”