သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ တိုးတက်မှု အင်ဒိုနီးရှားကို သမ္မတ ဦးသိန်းစိန် ရှင်းပြ


မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲ) အင်ဒိုနီးရှား သမ္မတနှင့် တွေ့ဆုံစဉ်။ မေ ၅၊ ၂၀၁၁။
မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲ) အင်ဒိုနီးရှား သမ္မတနှင့် တွေ့ဆုံစဉ်။ မေ ၅၊ ၂၀၁၁။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရောက်ရှိနေပြီး အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ သမ္မတရာထူး စတင် ရယူခဲ့ကတည်းက သမ္မတ ဦးသိန်းစိန် ဒါဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ အပါအဝင် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

အင်ဒိုနီးရှား သမ္မတ အိမ်တော်မှာ တွေ့ဆုံကြတဲ့ပွဲမှာ ဘာတွေ ဆွေးနွေး ပြောကြားခဲ့သလဲ ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အင်ဒိုနီးရှား ဘာသာစကားနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံထဲက တိုးတက်မှု အခြေအနေ တချို့ကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံအတိုင်း တိုးတက်မှု ဘာတွေရှိခဲ့တယ် ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေထဲမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာလည်း ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့တွေလည်း ပါဝင်တယ်လို့ အင်ဒိုနီးရှား သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဂျကာတာပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံနဲ့ စတုတ္ထအများဆုံး ကုန်သွယ်မှုလုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကုန်ပစ္စည်း ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုးကို မြန်မာနိုင်ငံကို တင်ပို့နေသလို မြန်မာဘက်ကလည်း အင်ဒိုနီးရှားကို ဒေါ်လာ ၃၆ သန်းဖိုး တင်ပို့နေတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ စနေ၊ တနင်္ဂနွေမှာ ကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံကို အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ဖို့ ဖြစ်နိုင်ခြေတွေကိုတော့ အာဆီယံ ဝန်ကြီးများ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG