သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့


အပြည်အပြည်ဆိုင်ရာ အမျိုးသမီးမျာနေ့အခမ်းအနားကို WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံက ကမကထ လုပ်ပြီး ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်မှာ ကျင်းပခဲ့။

မြန်မာနိုင်ငံလူဦးရေထက်ဝက်ရှိတဲ့အမျိုးသမီးထုရဲ့ အခွင့်အရေး၊ ကျား/မတန်းတူညီမျှရေး၊ နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိတဲ့ အခန်းကဏ္ဍကပါဝင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ အတွက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအတွက်လည်း ဥပဒေတွေ အမြန်ဆုံး အတည်ပြုပြဌာန်းနိုင်ရေးအတွက်လည်း အမျိုးသမီးရေး လှုပ်ရှားသူတွေကတိုက်တွန်းလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ွပွဲထက်စာရင် ၂၀၁၅ ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ ပိုမိုအရွေးခံခဲ့ရပေမယ့် လူဦးရေအချိုးနဲ့ မညီဘဲ လွှတ်တော်တွင်း မှာ ၁၃ ရာခိုင်နှုံန်းသာ ပါဝင်ခွင့် ရရှိတာဖြစ်လို့ ရွေးကောက်ပွဲ စည်းမျဉ်းသတ်မှတ်ချက်ကို ဖြည့်စွက်သင့်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အကြံပေးအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က သုံးသပ်လိုက်ပါတယ်။

“ရွေးကောက်ပွဲ ဥပဒေအရဆိုရင် တကယ့် ဥပဒေအရ မလိုက်နာဘဲ မနေရဆိုတဲ့ စည်းမျဉ်းတခုက ရွေးကောက်ပွဲဝင်မယ့် ပါတီ တွေအနေနဲ့ ဒီလိုမျိုးပေါ့ ကျား/မ အချိုးကျ ညီမျှအောင်လို့ အနည်းဆုံး အမျိုးသမီးတွေလည်း ပါဝင်မှုက ဘယ်လောက်ရာခိုင်နှုန်း သတ်မှတ်ပေးဖို့ လိုအပ်ချက် တခုနဲ့ စည်းမျဉ်းအရ သတ်မှတ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုလို့ရှိရင် မလိုက်နာတဲ့ နိုင်ငံရေးပါတီက ရွေးကောက်ပွဲမှာ ပြိုင်လို့ မရတော့ဘူးဖြစ်သွား မှာပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုး စည်းမျဉ်းလေးတွေ မြင်ချင် ပါတယ်။ နောက်ရွေးကောက်ပွဲတွေကျလို့ရှိရင်ပေါ့နော်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်လို့ မကြာခင်အုပ်ချုပ်ရေးတာဝန်ယူတော့မယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့အတွက် အမိုးသမီးအခွင့်အရေး ပညာပေးနေတဲ့ အခရာအမျိုးသမီးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါ်ပပ က တိုက်တွန်းလိုက်ပါတယ်။

“ကျမကတော့ အခုတက်လာတဲ့ အစိုးရကိုလည်း ကျမတို့ အားကိုးပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ ကျမတို့ရဲ့ ပြည်သူ့အသံတွေကို ကျမတို့လွှတ်တော်ထဲရောက်ဖို့ အစီအစဉ်ရှိတယ်။ တင်ဖို့အစီအစဉ်ရှိတယ်။တကယ့် Community ကအသံတွေကို။ အဲခါကျလို့ရှိရင် အတည်ပြုပြီးတော့ ကျမတို့ကို စည်းစားပြီးတော့ ကျမတို့အတွက် အကောင်းဆုံးသော ဥပဒေတွေ ပေါ်ပေါက်လာနိုင်ဖို့ ၊ အခုဆွဲပြီးသားဥပဒေတွေကိုလည်း အတည်ပြုပေးနိုင်ဖို့အတွက် ကျမအရမ်းမျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ ကျားမတန်းတူအခွင့်အရေးရှိပေမယ့် လူမှုအသိုင်းအဝိုင်းရဲ့ အစဉ်အလာ၊ ဓလေ့ထုံတမ်းတွေအရ ခွဲခြားမှုတွေရှိနေဆဲဖြစ်တာကြောင့် လူထုအတွင်း အသိပညာပေးဖို့လိုအပ်သလို၊ စိန်ခေါ်မှုတွေကို အစိုးရက ကိုင်တွယ်မှသာ ထိရောက်မှာဖြစ်တယ်လို့ အမျိုးသမီးများကွန်ယက်၊ ပဲ့ကိုင်ကော်မတီဝင် မခင်လေးကအကြံပြုပါတယ်။

“ကျမတို့လုပ်နိုင်အောင်အတွက် လာမယ့်အစိုးရသစ်ကိုလည်း ကျမတို့အမျိုးသမီးအဖွဲ့တွေ ကျား/မ တန်းတူညီမျှမှုဖြစ်ဖို့အတွက် ဆောင်ရွက်နေတဲ့အဖွဲ့တွေကလည်း တိုက်တွန်း နိုးဆော်မှုတွေ ကျမတို့လုပ်ရမယ့် ဟာတွေရှိတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြောသလိုပေါ့ အခြေခံအဆင့် လူတွေကိုလည်း အသိပညာပေးရမလို၊ လွှတ်တော်နဲ့ တကယ့် policy ပြုပြင်ပြောင်းလဲမှု လုပ်တဲ့လူတွေကို ကျမတို့သွားပြီး တိုက်တွန်းနိုးဆော်မှုလုပ်ဖို့လိုပါတယ်။ လုပ်စရာအလုပ်တွေက ကျမတို့ အများကြီးရှိနေပါသေးတယ်။”

ဒီကနေ့ကျရောက်တဲ့ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးမျာနေ့အခမ်းအနားကို WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံက ကမကထ လုပ်ပြီး ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်မှာ ကျင်းပခဲ့တာပါ။ ကျား/မ တန်းတူညီမျှဖို့ အားလုံးလက်တွဲဆောင်ရွက်စို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီအခမ်းအနားကို အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လူမှုရေးအဖွဲ့တွေ၊ သံတမန်တွေပါ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG