သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်များ ပြန်ပွင့်


ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်များ ပြန်ပွင့်
ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်များ ပြန်ပွင့်

မြန်မာအစိုးရသစ်အဖွဲ့ဟာ ကာလကြာမြင့်စွာ တားမြစ် ပိတ်ပင်ထားတဲ့ ဗွီအိုအေ အမေရိကန်အသံ၊ ရိုက်တာစ်နဲ့ ဘီဘီစီ သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) အပါအဝင် ဒေသတွင်း သတင်းဌာနကြီး အတော်များများရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကိုပါ ဖွင့်ပေးခဲ့သလို ကွန်ပျူတာ အွန်လိုင်းမှာတင်တဲ့ YouTube ဗွီဒီယိုတွေကိုပါ ပြည်တွင်းမှာ ကြည့်လို့ရပြီ ဖြစ်ပါတယ်။

အခုလို ဖွင့်ပေးလိုက်တဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး တင်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကိုလည်း ပထမဆုံး အကြိမ်အဖြစ် မြန်မာပြည်ထဲက ကြည့်ရှုလို့ ရတော့မှာ ဖြစ်ပါတယ်။

ရိုက်တာစ် အပါအဝင် တခြား သတင်းဌာနကြီးတွေရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုကို ဒီနှစ်အစောပိုင်းကတည်းက နှုတ်ထွက်ပေးခဲ့တဲ့ စစ်အာဏာရှင်တွေက အပြင်းအထန် ချေမှုန်းနေချိန်မှာပဲ ပိတ်ပင်ပစ်တာ ခံခဲ့ရတာပါ။

အခုလို ကွန်ပျူတာ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကို ဖွင့်ပေးခဲ့ပေမဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်တဲ့အပြင် ပြည်တွင်းမှာ နိုင်ငံခြား သတင်းထောက်တွေ သတင်းယူခွင့်ကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ချမှတ်ထားတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ လူထုတရပ်လုံး ကျင်းပခွင့်ကို မြန်မာအစိုးရသစ်က ပထမဆုံး အကြိမ်အဖြစ် ခွင့်ပြုလိုက်တဲ့နေ့မှာပဲ အခုလို သတင်းစာမျက်နှာတွေကိုပါ တင်းကျပ်မှု လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

နေအိမ်အကျယ်ချုပ် ၇ နှစ်ဆက်တိုက် ချထားတာကို ခံခဲ့ရပြီး မနှစ်ကမှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်မှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အတွက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG