သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ ကယ်တင်ရေး စာပေအနုပညာနဲ့ လူမှုရေး ပညာရှင်တွေ တောင်းဆို


ဧရာဝတီ ကယ်တင်ရေး စာပေအနုပညာနဲ့ လူမှုရေး ပညာရှင်တွေ တောင်းဆို
ဧရာဝတီ ကယ်တင်ရေး စာပေအနုပညာနဲ့ လူမှုရေး ပညာရှင်တွေ တောင်းဆို

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောနိုင်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ ကချင်ပြည်နယ် အတွင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ရွှေတူးဖော်ရေး စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ပျက်သွားမယ့် အန္တရာယ်ကနေ ဝိုင်းဝန်း ကာကွယ်ကြဖို့ မြန်မာနိုင်ငံထဲက ထင်ရှားတဲ့ စာပေ အနုပညာရှင်တွေ အပါအဝင် လူမှုရေး တက်ကြွ လှုပ်ရှားသူတွေက ဒီကနေ့ပဲ သမ္မတဆီ လိပ်မူပြီး တောင်းဆိုစာတွေ ပေးပို့လိုက်ပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လိုက်လျော ဆောင်ရွက်ပေးမယ်လို့လည်း သူတို့ မျှော်လင့်ထားတဲ့အကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူတွေက ပြောပြကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧရာဝတီမြစ်မကြီးရဲ့ မြစ်ရေစီးကြောင်းတွေ ပုံမှန် မဟုတ်တော့တာ၊ နေရာ တော်တော်များများမှာ သဲသောင်ထွန်းတာတွေ အပါအဝင် မြစ်ကမ်းပါးတွေ ပြိုလာတာတွေဟာ အရေးတကြီး အဆင့်မှာ တွေ့နေရတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက အဓိက ထောက်ပြကြပါတယ်။ ဧရာဝတီ မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာ စီမံကိန်းတွေနဲ့အတူ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့်လည်း တွေ့နေရတဲ့ သဘာ၀ ဘေးအန္တရာယ်တွေဟာ ဧရာဝတီမြစ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အတွင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုဆိုးလာနေတာမို့ ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီမြစ် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ လကတည်းက စတင်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံရဲ့ အစိုးရကလည်း ဧရာဝတီမြစ်ကြီးအတွက် ပူးပေါင်းကာကွယ်ဖို့ အစီအစဉ်မှာ ပါဝင်ဖို့ ဆိုပြီးတော့ ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ၊ လူမှုရေး လုပ်ငန်းတွေမှာ ဦးဆောင် လှုပ်ရှားနေသူတွေက သူတို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ လက်မှတ်ပေါင်း ၁,၆၀၀ ကျော်ကို ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ပါတယ်။

အခုလိုမျိုး လူထုရဲ့ ဆန္ဒနဲ့ အသံတွေကို နားထောင်ကာ နိုင်ငံရဲ့ အစိုးရက လိုက်လျော ဆောင်ရွက်ပေးမယ် ဆိုတာကို ယုံကြည်တဲ့အတွက် တောင်းဆိုမှုတွေမှာ ပါဝင် လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ မန္တလေးမြို့က စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

“ဧရာဝတီမြစ်ကြီးပေါ်မှာ ဆည်ကြီးလည်း မဆောက်ရသေးဘူးပေါ့၊ အချိန်မရွေး ဒီဆည်ကြီးကို မဆောက်ဘဲနဲ့ အဲဒီစီမံကိန်းကို ရပ်တန့်လိုက်လို့ ရပါတယ်။ ဒါကြောင့် ဧရာဝတီကို ကယ်တင်မယ့် လှုပ်ရှားမှုဟာ အချိန်မီ လှုပ်ရှားမှုလို့ ကျနော် မြင်ပါတယ်။ တခုပဲရှိတယ်၊ ဆုံးဖြတ်ရမယ့် နိုင်ငံရဲ့ အကြီးအကဲပိုင်းပေါ့၊ တာဝန်ရှိသူပိုင်းကတော့ အချိန်မီ ဆုံးဖြတ်ဖို့တော့ လိုပါတယ်။

“ဒီနေ့ နိုင်ငံကို စီမံခန့်ခွဲနေတဲ့ အစိုးရကလည်း ပြည်သူလူထု သဘောထားကို အလေးအနက် ထားပြီးတော့ နားထောင်လိမ့်မယ်လို့ မျှော်လင့်လို့ အဲဒီ လှုပ်ရှားမှုမှာ ကျနော် ပါဝင်တာပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ အဲဒီဆန္ဒကို သူတို့ လေးလေးစားစားနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်လို့ ကျနော် လက်မှတ်ထိုးတာပါ။”

စာရေးဆရာ ကျော်ရင်မြင့် ပြောပြသွားတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဟာ ဘိုးဘွားဘီဘင်တွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်တာမို့ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ဒီ ရှေးအမွေအနှစ်ကို ကိုယ့်လက်ထက်မှ ပျက်စီးမယ် ဆိုရင်တော့ သမိုင်းမှာ အလွန်ညံ့ရာ ကျနေပြီလို့ စာရေးဆရာ ဦးအောင်သင်းက ဆိုပါတယ်။ ဆရာ ဦးအောင်သင်းဟာလည်း ဒီတောင်းဆိုမှုထဲမှာ လက်မှတ်ရေးထိုး ပါဝင်သူတဦး ဖြစ်ပါတယ်။

“ဘဝရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာ အလွန် လုံလောက်ရမှာဗျ။ ဧရာဝတီမှာ ပါဝင်ခဲ့တာပဲ။ ဒီ့ပြင်တိုင်းပြည်မှာ ဒီမြစ်မျိုး ရှိတာမဟုတ်ဘူး။ အလွန် ရှိဖို့ခက်တယ်။ တကယ်တန်ဖိုးရှိတဲ့ ပစ္စည်းကြီးပါ။ အဲဒါကို မထိန်းသိမ်းတတ်ရင် ကျနော်တို့ ညံ့လို့ပေါ့။ ဟိုးအရင်တုန်းကဆိုရင် မြစ်ရေတင်တဲ့ စိုက်ပျိုးရေး မလုပ်ရဘူးဆိုတာ မြစ်ကို ထိခိုက်မှာစိုးလို့။ နောက်တခုက တံတားတွေဘာတွေ ဆောက်ချင်တိုင်း ဆောက်လို့ မရဘူး။ တံတားရဲ့ တိုင်တွေဘာတွေက သဲတွေကို သောင်တွေဘာတွေ ထွန်းစေတဲ့အတွက် အဲဒါကြောင့် တံတားကို ထိုးချင်တိုင်းထိုးလို့ မရပါဘူး။

“ဒီဘက်မှာတော့ ထိုးချင်တိုင်းထိုး၊ အဲဒီတော့ အားလုံး ပတ်ဝန်းကျင်ကလည်း ဝိုင်းပြီး ပြောကြ ပြုကြ ဘယ်လိုဖြစ်ကုန်မှန်း မသိဘူး။ ကျနော် ဧရာဝတီမြစ်ကို သိပ်တန်ဖိုးထားပါတယ်။ ကျနော့်အသက်ပဲ၊ ကျနော့်သားသမီးတွေရဲ့ အသက်ပဲ၊ ကျနော့် ဘိုးဘွားတွေရဲ့ အသက်ပဲ။ အများကြီး လုပ်ရလိမ့်မယ်။ နောက်ကျတယ်လို့ထင်တယ်။”

စာရေးဆရာ ဦးအောင်သင်း ဧရာဝတီနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားတွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းပေါ်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က အချိန်မီ ပြန်လည် စဉ်းစားရေးအတွက် ဆိုပြီးတော့လည်း ပြီးခဲ့တဲ့လက သမ္မတဆီကို စာရေးသား ပေးပို့ထားပါတယ်။

အခုလိုမျိုး စာရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတင် မကဘဲ ဧရာဝတီမြစ် ဝန်းကျင်မှာ နေထိုင်ကြသူတွေအတွက် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ပညာပေး သင်တန်းတွေနဲ့ပါ သူတို့ရဲ့ လှုပ်ရှားမှုကို စတင်နေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူက ပြောပါတယ်။

“လောလောဆယ်တော့ အစိုးရဘက်က တုံ့ပြန်တာ တစုံတရာ မတွေ့ရသေးပါဘူး။ လက်မှတ်တွေ တင်တာတင် မဟုတ်ဘဲနဲ့ ပြည်သူလူထုကလည်း ဒီမြစ်ကြီးပေါ်မှာ အာရုံစိုက်မှု ပိုများလာအောင်၊ နောက် ဒီမြစ်ကြီးရဲ့ Effect က ပြည်သူလူထုအပေါ်မှာ ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိအောင် ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ပြည်သူလူထုကို ပိုပြီးတော့ အသိပညာပေးတဲ့ လုပ်ငန်းတွေ၊ ကျနော်တို့ လူငယ်တွေနဲ့ ထိတွေ့တာတွေ၊ ပြောဆို စည်းရုံးတာတွေ၊ ဒါမျိုးတွေ ရှိပါတယ်။”

ဧရာဝတီ ထာဝရ ရှင်သန်လိုသူများ လှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ကိုမြတ်သူ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီမြစ်ဆုံ စီမံကိန်းတွေကနေ နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်မှာ ဖြစ်သလို ဒီစီမံကိန်းတွေကနေ မြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ မထိခိုက်တဲ့အကြောင်း အစိုးရ သတင်းစာတွေကနေ ရေးသားပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း နိုင်ငံတော် အစိုးရဟာ ဧရာဝတီမြစ်ကို ချစ်သလို တန်ဖိုးထားပါတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဧရာဝတီမြစ်မှာ စနစ်တကျ စီမံကိန်းတွေ ရှိဖို့နဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက် လိုက်နာမှုတွေနဲ့အတူ ဒီမြစ်ကြောင်းကြီးကို အားလုံး ပူးပေါင်း ကာကွယ်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လက ပန်ကြားချက်တစောင် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG