သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာ အသင့်မဖြစ်သေးကြောင်း ကုလပြောဆို


Cox's Bazar ရှိ Nayapara ဒုက္ခသည်စခန်းတွင် သတင်းထောက်များကို ရှင်းလင်းပြောဆိုနေသည့် ဒုက္ခသည် များ။ သြဂုတ် ၂၂၊ ၂၀၁၉။
Cox's Bazar ရှိ Nayapara ဒုက္ခသည်စခန်းတွင် သတင်းထောက်များကို ရှင်းလင်းပြောဆိုနေသည့် ဒုက္ခသည် များ။ သြဂုတ် ၂၂၊ ၂၀၁၉။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ အတွက် မြန်မာနိုင်ငံဘက်က အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အခုသီတင်းပတ်ကစပြီး ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒုက္ခသည်တစ်ယောက်မှ ပြန်လာခြင်းမရှိတဲ့နောက် ကုလသမဂ္ဂ ဘက်က အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့အခွင့်အရေးတွေ အပြည့်အ၀ မရမချင်း မြန်မာနိုင်ငံကို မပြန်ဘူးလို့ ပြောပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကိုအခြေခံပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကြား နောက်ထပ် သဘောတူခဲ့ကြပြီးတဲ့နောက် သြဂုတ်လ ၂၂ ရက်နေ့ကစပြီး အဲဒီဒုက္ခ သည်တွေကို မြန်မာနိုင်ငံ ဘက်က ပြန်ပြီးလက်ခံနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိတော့ ဒုက္ခသည် တစ်ယောက်မှ မြန်မာနိုင်ငံဘက်ကို ပြန်လာခြင်းမရှိသေးသလို မြန်မာနိုင်ငံက အခြေအနေတွေ ကလည်း ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလု့ိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Knut Ostby က ပြောပါတယ်။

“ကျနော်တို့သိရသလောက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေက ဒုက္ခသည်တွေ သိသိသာသာ ပြန်လာနိုင်လောက်တဲ့အထိ အဆင်သင့်မဖြစ်သေးပါဘူး။ ဒုက္ခသည်တွေ ပြန်လာဖို့အတွက် အဆင်ပြေအောင်လုပ်ဖို့လိုပါတယ်။ သူတို့ရဲ့ လုံခြုံရေး၊ ကောင်းမွန်တဲ့ လူမှုဘဝအခြေအနေတွေရနိုင်အောင် လုပ်ရမှာပါ။ ဒါပေမဲ့ အခြေအနေတွေက အဲဒီလောက်ထိ အဆင်သင့်မဖြစ်သေးပါဘူး။”

ဒုက္ခသည်အတော်များများကတော့ သူတို့ရဲ့နေရပ်ကို ပြန်ချင်တယ်လို့ ပြောပေမယ့် နိုင်ငံသား ဖြစ်ခွင့်အပါအဝင် သူတို့ရဲ့ တခြားအခွင့်အရေးတွေကို အပြည့်အဝရမှ ပြန်ချင်တယ်လို့ ပြောနေ ကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေရဖို့ အရေးကြီးတယ်လို့ Knut Ostby က ပြောပါတယ်။

“ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့နေရပ်ကို ပြန်ခွင့်ရှိပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ နေရပ် ဒါမှမဟုတ် သူတို့နေချင်တဲ့နေရာကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ခွင့်ရှိပြီး ပြန်တဲ့အခါမှာလည်း သူတို့အနေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ပုံမှန်အတိုင်း သွားလာနေထိုင်နိုင်တဲ့ အခွင့်အရေး ရှိရပါမယ်။”

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က စာရင်းပေးတင်ပြခဲ့တဲ့ ဒုက္ခသည် ၂၂,၀၀၀ ထဲက ဒုက္ခသည် ၃,၄၅၀ ကို မြန်မာဘက်က စိစစ်အတည်ပြုခဲ့ပြီး ပထမအသုတ်အဖြစ်နဲ့ အခု သီတင်းပတ်မှာ စတင်လက်ခံဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည် မိသားစု ၂၉၅ စုနဲ့ တွေ့ဆုံခဲ့ပါ တယ်။ အဲဒီထဲက မိသားစု တစုကမှ ပြန်ဖို့ ဆန္ဒမရှိကြသလို တချို့ဒုက္ခသည်တွေကတော့ သူတို့ရဲ့ ဆန္ဒ မပါဘဲ အတင်းအကြပ် ပြန်လွှတ်မှာကို စိုးရိမ်နေကြတဲ့အတွက် ဒုက္ခသည် စခန်းတွင်းကနေ ထွက်ပြေးတိမ်းရှောင်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲနဲ့ အတင်းအကြပ် ပြန်ပို့တာတွေမလုပ်သင့်ဘူးလို့ Knut Ostby က ပြောပါတယ်။

“ဒုက္ခသည်တွေပြန်ဖို့အတွက် ဘယ်သူမှ အတင်းအကြပ်မလုပ်သင့်ပါဘူး။ ဒါက သိပ်ကို အရေးကြီးတဲ့ အခြေခံမူပါ။ ပြန်ဖို့ မပြန်ဖို့က သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်သင့်ပါတယ်။”

ပြီးခဲ့ဲတဲ့နှစ်တုန်းကလည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် နှစ်ဘက်အာဏာ ပိုင်တွေ ကြား ပထမအကြိမ် သဘောတူခဲ့ပေမယ့် ဒုက္ခသည်တွေ တစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး။ မြန်မာအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေကို ဒုတိယ အကြိမ်အဖြစ် စတင်လက်ခံနေပေ မယ့်လည်း ဒုက္ခသည်တချို့ကတော့ နောက်ထပ် အကြမ်းဖက်မှုတွေနဲ့ ထပ်ကြုံလာရမှာကို စိုးရိမ် နေတဲ့အတွက် မြန်မာနိုင်ငံကို မပြန်ချင် ဘူးလို့ ဒုက္ခသည်တဦးက ပြောပါတယ်။

“ကျမတို့ ဒီမှာ အဆင်ပြေပါတယ်။ ကျမတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ပါနဲ့။ ကျမတို့ထဲက အတော် များများဟာ အဲဒီမှာ အကျဉ်းစခန်းမှာ နေရသလိုပါပဲ။ ကျမရဲ့ယောက်ျားက မြန်မာနိုင်ငံမှာ ထောင် ၁၆ နှစ် ချခံထားရပြီး ကျမရဲ့သမီးက သူ့အဖေအတွက် စိတ်မကောင်းဖြစ်ပြီး သတိရလို့ ငိုပါတယ်။”

၂၀၁၇ သြဂုတ်လတုန်းက ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်း စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ရာကနေ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည် တွေကို ပြန်လည်စိစစ်လက်ခံဖို့ ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားသလို ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကတော့ နေရပ်ပြန်ရေး အစီအစဉ်တွေ အောင်မြင်ဖို့ မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေရဲ့ ယုံကြည်မှုရအောင် ကြိုးပမ်းဖို့ လိုအပ် ကြောင်းလည်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ကတိပေးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်မပြန်တဲ့ အဓိကအကြောင်းရင်းဟာ ARSA အစွန်း ရောက်အုပ်စုရဲ့ ခြိမ်းခြောက်မှုကြောင့်ဖြစ်ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘော တူညီချက်အရ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လိုခြင်း ရှိမရှိ သဘောထားတွေကို ပုံစံတွေမှာ ကြိုတင်ဖြည့်သွင်းထားရမှာ ဖြစ်ပေမဲ့လည်း အချိန်ကပ်ပြီး မှ သဘောထား ကောက်ယူနေတဲ့အတွက် အစီအစဉ်ကို ထိခိုက်ခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG