သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှု မျိုးစုံအောက်က သတင်းသမားဆု မြန်မာရရှိ


ခြိမ်းခြောက်မှု မျိုးစုံအောက်က သတင်းသမားဆု မြန်မာရရှိ
ခြိမ်းခြောက်မှု မျိုးစုံအောက်က သတင်းသမားဆု မြန်မာရရှိ

ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက မြန်မာနိုင်ငံက အလွတ်သတင်းထောက် သတင်းသမားတွေ အားလုံးအတွက် ရည်ရွယ်ပြီး Journalism under threat ခြိမ်းခြောက်မှုမျိုးစုံ အောက်က သတင်းသမားများဆုကို ချီးမြှင့်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိဆုံးနဲ့ သတင်း အမှောင်ချလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းနေချိန် ဒီလို အရေးကြီးတဲ့ ကာလမှာ နိုင်ငံတကာ သတင်းလောကသားတွေ အားလုံး မြန်မာသတင်းသမားတွေရဲ့ အရေးကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို ဆုချီးမြှင့်တာလို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဟာ မြန်မာနိုင်ငံတွင်းက သတင်းသမားတွေရဲ့ အခြေအနေကို မပြတ် လေ့လာနေတာမို့ သူတို့ဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုကို ကြံ့ကြံ့ခံနိုင်ပြီး အန္တရာယ်ကို မမှုဘဲ သတ္တိရှိရှိနဲ့ ပြည်တွင်းက သတင်းမှန်တွေ ကမ္ဘာကသိအောင် ပြောပြနိုင်တဲ့သူတွေမို့ အခုလို ဂုဏ်ပြုတာလို့ ဗြိတိန်အခြေစိုက် AI အဖွဲ့ရဲ့ မြန်မာ့အရေး တာဝန်ခံ ဘာရက်တီကွာက ပြောပါတယ်။

“မြန်မာနိုင်ငံထဲက သတင်းသမားတွေဟာ နေ့တိုင်းလိုလိုပဲ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်တမမနဲ့ စိုးရိမ်ကြောက်လန့်နေရတဲ့ ကြားကပဲ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ပြောပြဖို့ သတ္တိရှိရှိ ကြိုးစားနေကြတာကို ကျမတို့က ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်တာပါ။”

သတင်းမှန် ထုတ်ဖော် ရေးသားမိသူတွေဟာ ထောင်ဒဏ်နှစ်ရှည် ကျခံရတာမျိုး ရှိသလို ပုံစံမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ခံနေရပြီး မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် ဆုံးပါးနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေတာကို အားလုံးက သတိပြုလာစေချင်တယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ရှိနေပြီး အဲဒီထဲမှာ သတင်းသမားက ၄၀ ရှိနေပါတယ်။ သူတို့ဟာ သတင်းထုတ်ပြန်မှုကြောင့် ငြိုးတေးတာ ခံရပြီး လွတ်မယ့်ရက်ကိုလည်း အာမခံနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘဲ ထုတ်ပြောခဲ့ရင် အပြစ်ပေးတာ ခံရတဲ့ အခြေအနေပါ။”

ဒီအခြေအနေမျိုး ရှိနေတဲ့ သတင်းအမှောင်ချလေ့ရှိတဲ့ နိုင်ငံမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်နေတာမို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတုန်းကလို၊ နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ အချိန်တုန်းကလို သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ကြုံနေရတာကို ကမ္ဘာက သိစေချင်တာမို့ မြန်မာသတင်းသမားတွေကို အခုလို ဆုချီးမြှင့် ဂုဏ်ပြုတာလို့လည်း ပြောပါတယ်။

“ဒါဟာ အန္တရာယ်ကြားက သတင်းသမားတွေရဲ့ သတ္တိရှိမှုကို ပုံစံအသစ်နဲ့ Amnesty International က ဂုဏ်ပြုတာမျိုးပါ။ ဒီအချိန်ဟာ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတဲ့ အချိန်မို့လည်း သိပ်ကို အရေးကြီးတဲ့ အချိန်ပါ။ ဒါကြောင့် ဒီနေ့ ဆုပေးပွဲကို တက်ရောက်လာသူတွေနဲ့တကွ သတင်းသမားတွေ အားလုံး မြန်မာနိုင်ငံတွင်းက သတင်းသမားတွေကို အာရုံစိုက်လာစေဖို့အတွက် အချိန်တန်ပြီလို့ ကျမတို့ ယူဆပါတယ်။ မြန်မာနိုင်ငံတွင်းက လူထုအနေနဲ့လည်း ကျမတို့ သူတို့နဲ့အတူ ရပ်တည်နေပါတယ် ဆိုတာကို သိစေချင်ပါတယ်။”

ခြိမ်းခြောက်မှုမျိုးစုံအောက်က သတင်းသမားများဆု ချီးမြှင့်ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇွန်လ ၁ ရက်နေ့ညက ကျင်းပခဲ့ပြီး ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ် အပါအဝင် ဧည့်သည်တော် ၄၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် သတင်းသမားများ ကိုယ်စား ဆုတက်ရောက်ယူခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်းဌာနက ဒေါ်နီတာမေကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“သတင်းသမားတွေ အနေနဲ့ သူတို့ သတင်းပို့ပေးတာတွေ၊ သူတို့ သတင်း ဖြန့်နေတာတွေကို အစိုးရ အာဏာပိုင်တွေ သိရင် သူတို့ကို ဖမ်းချုပ်တာတွေ၊ နှိပ်စက် ညှဉ်းပန်းတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေကို ချပစ်တယ်။ ဒီလောက် အန္တရာယ်တွေ များတဲ့ ကြားထဲကနေ သတင်းကို ဖြန့်ဖြူးရမယ်၊ သတင်း အမှောင်ချထားတာတွေကို တွန်းလှန်ရမယ်ဆိုတာ သတင်းသမားတွေရဲ့ ခံယူချက်ပဲ။

“ဒါတွေကို ဖြန့်ဖြူးပေးနိုင်အောင် သူတို့က သူတို့ဘဝတွေကို အနစ်နာခံတယ်၊ သူတို့မိသားစုတွေကို အဆုံးရှုံးခံပြီးတော့ သတင်းတွေ ပေးပို့ကြတယ်၊ သတင်းတွေ ဖြန့်ကြတယ်။ အဲဒီလူတွေကို အခုလို Amnesty International အဖွဲ့ကြီးကနေ အသိအမှတ်ပြုတယ်ဆိုတာ ကျမ အရမ်းကို ဂုဏ်ယူပါတယ်။ နောက်ထပ် သတင်းသမား အသစ်တွေ အများကြီး ပေါ်လာနိုင်မယ်လို့လည်း မျှော်လင့်တယ်။ ဒီဆုကိုလည်း မြန်မာနိုင်ငံက သတင်းထောက်တွေ ကိုယ်စား တက်ယူခွင့် ရတဲ့အတွက်လည်း ကျမ ဂုဏ်ယူလို့ မဆုံးပါဘူးရှင်။”

မြန်မာနိုင်ငံက သတင်းထောက်တွေလို့ ပြောတော့ ဘယ်လို သတင်းထောက်မျိုးကို သူတို့ ရည်ရွယ်ပြီးတော့ ဒီဆုကို ပေးတာပါလဲ။

“တချို့သတင်းသမားတွေကျတော့ ပြည်တွင်းမှာ တကယ် ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ဥပမာ ဗုံးပေါက်တာတွေ၊ မီးလောင်တဲ့ ကိစ္စတွေ၊ အခု ရေရှားပါးတဲ့ ကိစ္စတွေ၊ ဒီသတင်းကို လိုက်ပြီးတော့ သူတို့က ပြင်ပ သတင်းဌာနတွေကို ပေးပို့ကြတယ်။ တချို့သတင်းထောက်တွေဆိုရင် သတင်းထောက်နာမည် မခံပါဘူး။ ဗွီအိုအေကို ပို့တယ်၊ အာအက်ဖ်အေကို ပို့တယ်၊ ဘီဘီစီကို ပို့တယ်၊ ဒီဗွီဘီကို ပို့တယ်။ ဒီသတင်းထောက်တွေက သူတို့ဟာ သူတို့ သတင်းသမား ဖြစ်လို့ဖြစ်မှန်းတောင် မသိကြဘူး။ ဒီကြားထဲကနေ သူတို့ဘဝတွေကို အနစ်နာခံပြီးတော့ ကမ္ဘာက သိပါစေ၊ ပြည်သူတွေ သိကြပါစေဆိုပြီး၊ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပ သတင်းဌာနတွေကလည်း ဒီသတင်းတွေကို မြန်မာနိုင်ငံတွင်းကိုပဲ ပြန်ပြီး လွှင့်ထုတ်ပေးတာလေ။

“အဲဒီအခါမှာ အော် ငါတို့တိုင်းပြည်မှာ ဒါတွေ ဖြစ်နေပါလား၊ သတင်းစာထဲမှာ မပါပါလား၊ သူတို့ သိခွင့်တွေ ရသွားပါတယ်။ အဲဒီ အလွတ် သတင်းထောက်တွေ၊ သတင်းသမားမှန်း မသိတဲ့ သတင်းသမားတွေကိုလည်း ဂုဏ်ပြုတဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။ အဲဒါကြောင့် Amnesty International အနေနဲ့ တဦးချင်းရယ်လို့ မသတ်မှတ်တော့ဘဲနဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ၊ သတင်းထောက်တွေ ဆိုပြီးတော့ အားပေးတဲ့ အနေနဲ့၊ အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်တာပါ။”

ဒေါ်နီတာမေ ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG