သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကိစ္စ မီဒီယာဥပဒေအရ ဖြေရှင်းဖို့ MPC လိုလား


ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရထားပြီး တပတ်အကြာမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာဥပဒေဘောင်အတွင်း ဖြေရှင်းခွင့်ရရင် ဖြေရှင်းပေးလို ကြောင်း ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သဘောထား ထုတ်ပြန်လိုက်ပါ တယ်။ မြန်မာ သတင်းမီဒီယာသမားတွေကတော့ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ဟာ အားရစရာမရှိဘူးလို့ ဝေဖန်နေကြတာပါ။ သတင်း အပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရတဲ့ ကိစ္စတဲ့ ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေဘောင်အတွင်း ဖြေရှင်ပေးဖို့ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ဒီကနေ့ ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သဘောထားထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း သတင်းမီဒီယာ ဥပဒေအရ ပဲ ဖြေရှင်းဆောင်ရွက်ဖို့ အစိုးရကို သေချာတိုက်တွန်း ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့ကိစ္စကြောင့် နိုင်ငံတကာ မျက်စာနှာမှာ တိုင်းပြည်ရဲ့ ပုံရိပ်ထိခိုက်တာကြောင့် သတင်းမီဒီယာကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ အသင့်တော်ဆုံး ဖြစ်မယ် ဆိုတာ ယုံကြည်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါ တယ်။

“နံပါတ် ၁ အချက်ကတော့ ဒီအမှုကို ကျနော်တို့က ဖြစ်နိုင်မယ်ဆိုရင် သတင်းမီဒီယာ ဥပဒေအရ ဖြေရှင်းဆောင်ရွက်လိုပါတယ်။ ညှိနှိုင်းပေးလိုပါတယ်။ နံပတ် ၂ အချက်ကတော့ တကယ်လို့ ဒီသတင်းသမား ၂ ယောက်ကို ရုံးတင်မယ်ဆိုရင် ကျနော်တို့က ရုံးတော်မှာ Expert Witness လို့ခေါ်တာပေါ့ ကျွမ်းကျင်သူ အသိသက်သေအဖြစ် ပါဝင်စေချင်ပါတယ်၊ ပါဝင်ခွင့်ပေးပါ ဖြစ်နိုင်မယ်ဆိုရင်။ နံပါတ် ၃ ကတော့ သူတို့ကို ရုံးတင်ခဲ့မယ်ဆိုရင် ကျနော် တို့က ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးချင်ပါတယ်။ ရှေ့နေရှေ့ရပ်တွေ ငှားတာ တို့ဘာတို့ပေါ့ ။ အဲဒီ ၃ ချက်ပါပဲ အဓိကတော့ ။ နောက်တခု ကျနော်တို့ ထောက်ပြသွား တာက ဒီကျနော်တို့တင်ပြချက်ဟာလက်ရှိအခြေအနေမှာ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ တော်တော်ကို ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။ ဘယ် လောက်အထိ ပြင်းထန်တယ်ပြောလို့ရသလဲဆိုရင် ကျနေ်ာတို့နိုင်ငံရဲ့ sovereignty ပေါ့ နော်၊ အချုပ်အခြာအာဏာကိုတောင်မှ ခြိမ်းခြောက်နိုင်တဲ့ အလားအလာရှိတယ်။ အဲဒီ အနေအထားမှာ ကျနော်တို့အခုလုပ်လိုက်တာဟာ ဒီ ၃ ခုဟာ အကောင်းဆုံး အနေအထား ဖြစ်စေပါလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရပြီး တပတ်အကြာမှာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပြီး ဖမ်းဆီးခံ ထားရတဲ့ သတင်း ထောက် နှစ်ဦးကို တရားရုံတင် စစ်ဆေးမယ်ဆိုရင်လည်း သတင်း မီဒီယာကောင်စီအနေနဲ့ Expert Witness ကျွမ်းကျင်သူ အသိသက်သေအနေနဲ့ ဆောင် ရွက်ပေးလိုသလို ဥပဒေရေးရာ အကူညီတွေ လိုအပ်ရင်လည်း ပေးသွားမယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မြန်မာသတင်း မီဒီယာသမားတွေဘက်ကတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ သဘောထား ထုတ်ပြန်ချက်ဟာ အားရစရာမရှိဘူးလို့ ဝေဖန်နေကြတာပါ။ သတင်းမီဒီယာ ကောင်စီတခုအနေနဲ့ ဖမ်း ဆီးခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ တောင်းဆိုမယ်လို့ မေ ျှာ်လင့်ထားပေမယ့် ဖြစ်မလာတဲ့အပေါ် စိတ်ပျက်မိတယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ ဦးဆောင် ကော်မတီဝင် ကိုသာလွန် ဇောင်းထက်က ပြောပါတယ်။

“ကျနော်တို့ သတင်းသမား ၂ ယောက်က တရားခံတွေမဟုတ်ဘူး အပြစ်ကျူး လွန်ထားတဲ့ လူတွေမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က အပြစ်မရှိဘူး၊ ချက်ချင်း လွှတ်ရ မယ် ဆိုပြီးတော့ တောင်းဆိုမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တာပေါ့။ အဲဒီတော့ ကျနော်တို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တောင်းဆိုထားတာရှိတယ်။ ဒီ သတင်းသမားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရမယ်ဆိုပြီးတော့ ဆိုတော့ ကျနော်တို့ ဒီသတင်းမားတွေက သူပုန်တွေမဟုတ်ဘူး။ သူလျိုတွေမဟုတ်ဘူး။ နိုင်ငံတွေ ဖျက်ဆီးတဲ့ သူတွေမဟုတ်ဘူး။ သူတို့သတင်းအလုပ်လုပ်ရင်းနဲ့ အစိုးရက သူတို့ကို ထိခိုက်နိုင်မယ်လို့ ယူဆပြီးတော့ သူတို့ကို စွဲတာလို့ ကျနော်တို့ယူဆတယ်။ ကျနော်တို့ပြောနိုင်တာက ကျနော် တို့ လူတွေမှာအပြစ်မရှိဘူး အဲဒါကြောင့် ချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ အမြဲပြောထား တာ ရှိတယ်။ ဒါပေမယ့် ဒီနေ့ စာနယ်ဇင်းကောင်စီက ထုတ်ပြန်ချက် ၃ ခုကို ဖမ်းဆီးခံရ သူများကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းခွင့်ပေးလျင် ဖြေရှင်းပေးမည်ဆိုတော့ ၊ ဖြေရှင်းခွင့်ပေးမှ ဖြေရှင်းပေးမှာလားဆိုတာ မေးခွန်းထုတ်စရာပေါ့နော်။ ကျနော်တို့ ဒါက ဖြေရှင်းခွင့်ပေးစရာကို မလိုဘူး။ ကိုယ့်လူက အပြစ်မရှိဘူးဆိုတာ သိလို့ရှိရင် ကိုယ်က လွှတ်ပေးလို့ ပြောရမှာပေါ့နော်။ ဒါက အခုက အဲလိုမျိုးမဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်ကြီးကို စိတ်ပျက်ဖို့ကောင်းတယ်။”

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကို ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို ဒီကနေ့ အချိန်ထိ မိသားစုရော ရှေ့နေပါ တွေ့ခွင့် မရသေးသလို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတာမို့ ဖမ်းဆီးခံ သတင်းထောက် ၂ ဦးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ အပါ အဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေက စိုးရိမ်နေကြတာပါ။

သီတင်းတပတ်ကြာတဲ့အထိ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးရဲ့ အခြေအနေကို မသိရတာမို့ မြန်မာ ဂျာနယ်လစ်ကွန်ယက်ကတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ဒီကနေ့ ဒီ ဇင်ဘာ ၂၀ ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ အစိုးရလ ျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ အရ နိုင်ငံတော် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေဖို့ရည်ရွယ်ပြီး တရားမဝင် သတင်းရ ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂအပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုနေ ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG