သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ သတင်းသမား တဦး Lorenzo Natali ဆု ချီးမြှင့်ခံရ


ကိုထက်ခေါင်လင်းကို EU ဥရောပသမဂ္ဂ မှ ပေးအပ် ချီးမြှင့်တဲ့ "EU Lorenzo Natali Prize" မီဒီယာဆု ရရှိမှု အတွက် ဂုဏ်ပြု။ ( Photo Credit to- European Union Delegation to Myanmar)
ကိုထက်ခေါင်လင်းကို EU ဥရောပသမဂ္ဂ မှ ပေးအပ် ချီးမြှင့်တဲ့ "EU Lorenzo Natali Prize" မီဒီယာဆု ရရှိမှု အတွက် ဂုဏ်ပြု။ ( Photo Credit to- European Union Delegation to Myanmar)

EU ဥရောပသမဂ္ဂက ဂုဏ်ပြုချီးမြင့်တဲ့ ၂၀၁၅ ခုနှစ်အတွက် Lorenzo Natali ဆုတဆုကို မြန်မာနိုင်ငံက သတင်းထောက်တဦး ပထမဆုံးအကြိမ် ရရှိသွားပါတယ်။ ရန်ကုန်မြို့မှာ ပြည့်တန်ဆာအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ မိန်းကလေးငယ် တယောက်ရဲ့ အကြောင်းကို အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသက် ၁၈ နှစ်အောက် ကလေးပြည့်တန်ဆာတွေအကြောင်းကို Myanmar Now အကြီးတန်း သတင်းထောက် ကိုထက်ခေါင်လင်းက သတင်းဆောင်းပါးရေးသားခဲ့ပြီး အခုလို Lorenzo Natali နိုင်ငံတကာဆုကို ရရှိလိုက်တာပါ။

ဒီဆောင်းပါးကို Myanmar Now အင်တာနက်အော်လိုင်း သတင်းမှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က Poverty drives Myanmar girls into underage sex work ဆင်းရဲမွဲတေမှုကြောင့် အသက်မပြည့်တဲ့ မြန်မာ မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်ငန်းထဲရောက်ရတယ် ဆိုပြီး ရေးသားခဲ့တာပါ။

သတင်းသမားတွေနဲ့တွေ့ဆုံ
သတင်းသမားတွေနဲ့တွေ့ဆုံ

ဒီကနေ့ ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးမှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံခဲ့တဲ့ ကိုထက်ခေါင်လင်းက မြန်မာနိုင်ငံက သတင်းထောက်တွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းခဲ့သလို၊ နောက်တတ်လာမယ့် အစိုးရလက်ထက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေရတဲ့ သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး များများ ဖန်တီးပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

ဥရောပသမဂ္ဂက ချီးမြင့်တဲ့ Lorenzo Natali ဆုဟာ အာဖရိက၊ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ်ဒေသတွေ အပါအဝင် ဥရောပနဲ့ လက်တင် အမေရိကား နိုင်ငံတွေမှာရှိတဲ့ သတင်းထောက်တွေရဲ့ သတင်းဆောင်းပါးတွေထဲကနေ ဒေသတခုချင်းအတွက် ပရောဖက်ရှင်နယ်ဆုနဲ့ အပျော်တမ်းဆု ၂ ဆုစီ ပေးအပ် ချီးမြှင့်တာပါ။

ဒီအထဲမှာ ကိုထက်ခေါင်လင်းကတော့ အာရှနဲ့ ပစိဖိတ်ဒေသအတွက် ပရောဖက်ရှင်နယ် ဆုကို မြန်မာသတင်းထောက် တယောက်အနေနဲ့ ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ Lorenzo Natali ဆုရသူတွေကို ဒီလ အစောပိုင်းက ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ကို ဖိတ်ခေါ် ချီးမြှင့်ခဲ့ပြီး၊ ဆုကြေးငွေကတော့ ယူရို ငါးထောင်စီဖြစ်ပါတယ်။

XS
SM
MD
LG