သုံးရလွယ်ကူစေသည့် Link များ

မြန်မာသတင်းထောက်တွေ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ လေ့လာဖို့ရောက်


ICFJ

မကြာခင်ကျင်းပတော့မယ် အမေရိကန်ပြည်ထောင်စုရဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူပုံ ယူနည်းတွေကိုလေ့လာဖို့ မြန်မာသတင်းထောက် (၁၅) ဦးဟာ ပထမဆုံးအကြိမ် ၀ါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိနေကြပါပြီ။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ သတင်းယူကြမယ့် မြန်မာ သတင်းမားတွေကို အခု အမေရိကန်ရွေးကောက်ပွဲရဲ့ လှုပ်ရှားမှု အတွေ့အကြုံရစေဖို့ အတွက် ICFJ လို့ခေါ်တဲ့ နိုင်ငံတကာသတင်းထောက်များအဖွဲ့က ပထမဆုံးအကြိမ် စီစဉ်ပေးခဲ့တာလည်ြး စ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်ရွေးကောက်ပွဲကိုလေ့လာဖို့ ICFJ (International Center for Journalists) ကမြန်မာသတင်းထောက် (၁၅) ဦးကို ရွေးချယ် ခေါ်ယူခဲ့တာဖြစ်ပြီး ဒီသတင်းထောက်တွေဟာ တနင်္ဂနွေနေ့က ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်လာခဲ့ကြတာပါ။ လေ့လာရေးအစီအစဉ်နဲ့ပတ်သက်လို့ ICFJ ရဲ့ သင်တန်းမှူး ဒေါ်ခင်မေဇော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“သတင်းထောက်အနေနဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုတာဝန်မျိုး ရှိသလဲ၊ မဲဆန္ဒရှင်တွေ၊ မဲပေးတဲ့ပြည်သူတွေကို ဘယ်လို ဝန်ဆောင်မှုပေးရမလဲ။ ဒါတွေကို ကျမတို့က သူတို့ကို ပြထားပေးမှာပါ။ နောက်ပြီးတော့ သူတို့အနေနဲ့ကလည်း အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို ကိုယ်တိုင် ဘယ်လို သတင်းယူသလဲဆိုတာ လိုက်ပြီး လေ့လာလို့ရတယ်။ ဒီသင်တန်းက လူဝီဆီယားနားနဲ့ မြောက်ကယ်ရိုလိုင်းနားနှစ်ခုမှာ ကျင်းပတဲ့ကြားဖြတ် ရွေးကောက်ပွဲအတွက်ကို အကုန်လုံး ခရီးထွက်ကြမယ်၊ အဲဒီမှာ သူတို့ကိုယ်တိုင် လေ့လာလို့ရမယ်။ သတင်းဌာနကြီးတွေကနေပြီးတော့ပေါ့နော်၊ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေကနေပြီးတော့ ဘယ်လို သတင်းယူသလဲ၊ ဘယ်လိုသတင်းတင်ပြသလဲ၊ သတင်းကို ဘယ်လို အချက်တွေကို သတိထားရမလဲ၊ ဒါတွေကအစ အကုန်လုံး ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။”

မြန်မာသတင်းထောက် (၁၅) ဦးထဲမှာ ဒေသအသီးသီးက တိုင်းရင်းသား၊ အမျိုးသမီး၊ အမျိုးသား သတင်းထောက်တွေ ပါဝင်ပြီး နောက်ထပ်လည်း ဒီလို လေ့လာရေးအစီအစဉ်တွေ ဆက်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ လေ့လာရေးခရီးစဉ်မျိုးဟာ မြန်မာသတင်းထောက်တွေအတွက် အကျိုးရှိစေတယ်လို့ ကိုယ်တိုင် ပါဝင်သူ ဝေဖန်ရေးသတင်းတွေ ရေးသားနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“ဗမာပြည်က လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာက မရှိခဲ့ဖူးဘူး၊ ၂၀၁၀ တုန်းကဆိုရင်လည်း သူ့ဖာသာသူ ကျင်းပခဲ့တာပဲ၊ ပြီးတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တစ်ခုပဲရှိတယ်။ ပြီးတော့မှ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် တိုင်းပြည်ထဲကလူတွေ အကုန်လုံးကလည်း မျှော်လင့်နေကြတယ်။ ဒါ အရေးကြီးတဲ့ ရွေးကောက်ပွဲပေါ့နော်။ တကမ္ဘာလုံးကလည်း ဒါကြီးကို စောင့်ကြည့်နေတယ်။ …ဆိုတော့ အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တွေ သတင်းတွေ မှန်မှန်ကန်ကန် ရေးနိုင်ဖို့အတွက်၊ ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့အတွက် ဒီလို လေ့လာရေးခရီးစဉ်တွေဟာ လေ့လာဖို့ လိုအပ်တယ်လို့ ထင်တယ်လေ။”

လေ့လာရေးအစီအစဉ်မှာ နောက်ထပ်ပါဝင်သူတဦးဖြစ်တဲ့ ဧရာဝတီသတင်းထောက် မမြတ်စုမွန်ကလည်း အမေရိကန်ရွေးကောက်ပွဲမှာ ကိုယ်တိုင် လေ့လာခွင့်ရတဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲ သတင်းယူရာမှာ အထောက်အကူဖြစ်စေမယ်လို့ မြင်ကြောင်း ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းကဆိုရင်လည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲသတင်း cover လုပ်ခဲ့တယ်ပေါ့နော်။ ကာဗာလုပ်ခဲ့တဲ့အခါမှာ သတင်းထောက်တယောက်အနေနဲ့ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခုအထိ လုပ်ခွင့်မရခဲ့တာတွေ ရှိတယ်။ ဥပမာအားဖြင့် မဲရုံပတ်ဝန်းကျင်တွေမှာ သတင်းယူတာတွေက ဂျာနယ်လစ် တယောက်အနေနဲ့ လုပ်နိုင်တဲ့အတိုင်းအတာ တခုအထိ ရေးပြခွင့် မရခဲ့တာမျိုးတွေ ရှိခဲ့တယ်လေ။ ..ဆိုတော့ လာမယ့် ၂၀၁၅ မှာ ဆိုလို့ရှိရင်တော့ ၂၀၁၀ ကထက် နည်းနည်း ပိုပြီးတော့မှ ရေးလို့ရလာနိုင်မယ်လို့လည်း မျှော်လင့်တယ်။ ဒီဘက်ကနေ ရလာတဲ့ဟာတွေနဲ့ ကျမတို့ ဘယ်လောက်အထိ ဒီသင်တန်းကရသွားတာတွေနဲ့ ကျမတို့ တော်တော်များများ အသုံးချလို့ ရလိမ့်မယ်လို့ ယုံကြည်တယ်။”

မြန်မာသတင်းထောက်တွေရဲ့ အမေရိကန် ရွေးကောက်ပွဲလေ့လာရေးကာလဟာ အောက်တိုဘာလ (၂၆) ရက်ကနေ့ကနေ နိုဝင်ဘာလ (၈) ရက်နေ့အထိ နှစ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလေ့လာရေးခရီးစဉ်နောက်ပိုင်း ရွေးကောက်ပွဲ သတင်းယူနည်းနဲ့ ပတ်သက်တဲ့ မွမ်းမံသင်တန်းတွေလည်း မြန်မာပြည်မှာ ဆက်ပြီး ပေးမှာ ဖြစ်တယ်လို့ ဒေါ်ခင်မေဇော်ကပြောပါတယ်။ မြန်မာသတင်းထောက်တွေရဲ့လေ့လာရေးခရီးစဉ်ကို ရန်ကုန်အမေရိကန်သံရုံးကလည်း ပူးပေါင်းပါဝင် ကူညီခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG