သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက်


သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက်
သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက်

နယူးယောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား နိုင်ငံတွေမှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရမှု ပိုများလာသလို သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ အထဲမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးစာရင်း နံပါတ် ၄ မြောက်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ပြည်ပသတင်းဌာနတွေအတွက် သတင်းယူပေးနေသူတွေသာ မကဘဲ ပြည်တွင်း သတင်းဂျာနယ်တွေမှာ သတင်းယူနေသူတွေပါ ထောင်ကျ တန်းကျ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

CPJ ရဲ့ ထုတ်ပြန်ချက်ထဲ သတင်းသမားတွေ အကျဉ်းချ ဖမ်းဆီးခံရမှု အဆိုးဆုံး နိုင်ငံတွေကတော့ အီရန်နဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထဲမှာတော့ အီရန်နဲ့ တရုတ်ပြီးရင် မြန်မာက ၄ နိုင်ငံမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်နေတဲ့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှု သတင်းတွေကို လိုက်လံသတင်းယူ ဖော်ပြဖို့ ကြိုးစားကြသူတွေကို ဖမ်းဆီး ထောင်ချခဲ့တယ်လို့ ဆိုထားပါတယ်။

CJP အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ ဘော့ဘ် ဒီးယက်ဇ် (Bob Dietz) က သူတို့စာရင်းအရ မြန်မာနိုင်ငံအတွင်း သတင်းထောက် ၁၃ ဦးဟာ လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ အခြေအနေက အရင်နှစ်တွေကလိုပဲ မပြောင်းလဲပါဘူး။ မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကြောင့်တော့ ပြောင်းလဲလာလိမ့်မယ် မမျှော်လင့်ပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတင်းမီဒီယာတွေအပေါ် ဆန့်ကျင်တာမျိုးတွေ ပိုပြီးတော့ ရှိလာမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံတွင်းကနေ ပြည်ပ သတင်းဌာနတွေအတွက် သတင်းရေးသား ပေးနေသူတွေဟာ ပိုပြီး အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုရမှာပါ။ ထောင်ချခံရသူ အများစုက သူတို့ပါ။ ဒါပေမဲ့ ပြည်တွင်း ဂျာနယ်တွေအတွက် သတင်းရေးသားသူတွေမှာလည်း ခြိမ်းခြောက်ခံရတာမျိုးတွေ အပြင် ဖမ်းဆီးချုပ်နှောင် ခံရတာမျိုးတွေ ရှိတယ်လို့ ရန်ကုန်မြို့က သတင်းသမား ကိုမြင့်ကျော်က ပြောပါတယ်။

“သတင်းသမားတွေက အမြဲတမ်း ကိုယ်သတင်းယူတဲ့ နေရာမှာလည်း သူများနိုင်ငံလို ယူခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးမျိုး၊ Right မျိုး မြန်မာပြည်မှာ အခုချိန်ထိကို မရှိသေးဘူးဗျ။ အစိုးရဌာနတို့ ဘာတို့ဆို ကျနော်တို့က အောက်တဆင့်ကနေ သူတို့ကို၊ တန်းတူဆက်ဆံလို့ မရဘူးပေါ့ဗျာ။ ကျနော်တို့က အောက်ကျို့ရတဲ့ သဘောမျိုးလည်း ရှိတယ်။ ဒါ သူများနိုင်ငံတွေ သွားတဲ့အခါကျရင် အဲဒီဟာမျိုးနဲ့ အများကြီး ကွာတယ်ဆိုတာ တွေ့ရတယ်။ ဒါက ပြည်တွင်း သတင်းထောက်တွေ အတွက်ပါ။

“တခါ ပြည်ပ သတင်းဌာနတွေအတွက် လုပ်ပေးနေတဲ့သူ၊ ဒါလည်း မီဒီယာပဲလေ၊ ပြည်ပ သတင်းဌာနကို အစိုးရက တရားမဝင်ဘူး ဆိုလို့သာ ဒါ တရားမဝင် အန္တရာယ်ရှိတာပေါ့ဗျာ။ အဲဒါကတော့ အချိန်မရွေး သိရင်၊ ဘယ်အချိန်သိသိ၊ သိတဲ့အချိန်မှာ ချက်ချင်း ဖမ်းဆီးပြီး ထောင်ချ၊ အဲဒီလို ထောင်ချခံရတဲ့၊ အခုလက်ရှိ ထောင်ထဲမှာ ရောက်နေတဲ့ သူတွေလည်း ရှိတာပဲ။ အဲဒီလို လူမျိုးကတော့ ပိုပြီး အန္တရာယ်ရှိတယ်။ သူတို့က နေ့စဉ်နဲ့အမျှ ဓာတ်ပုံရိုက်တာပဲဖြစ်စေ၊ သတင်းယူတာပဲဖြစ်စေ၊ မေးတာပဲဖြစ်စေ၊ ဗွီဒီယိုရိုက်ရင်တော့ ပိုဆိုးတာပေါ့ဗျာ၊ ဗွီဒီယိုဆိုရင် ပိုပြီးတော့ သူတို့ မျက်စိစူးတော့ အမြဲတမ်း အဲဒီလူတွေ အတွက်လည်း အန္တရာယ်က နေ့စဉ်နဲ့အမျှ ရှိနေတာပါ။”

လက်ရှိ ပြည်တွင်း သတင်းဂျာနယ်တွေမှာ လုပ်နေတဲ့သူတွေ အတွက်ကရော ဘယ်လောက်အထိ အန္တရာယ်ကြီးလဲ၊ ထောင်ကျ တန်းကျ ခံရတဲ့ အခြေအနေထိပါ။

“အဲဒီမှာဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖြစ်တဲ့ အဖြစ်အပျက် တခုကိုတောင် ပြောလို့ရတယ်။ ၂၀၀၈ ခုနှစ်မှာ ရန်ကုန်တိုင်းမ်က သတင်းထောက် တယောက်ပေါ့ဗျာ၊ သင်္ဃန်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သူ သတင်းယူတယ်။ နောက် ရဲကပြောတဲ့ဟာကိုပဲ အပြည့်အစုံ ရေးရသလား ဆိုပြီးတော့ ခေါ်ပြီးကြိမ်းတယ်၊ ရန်ကုန်တိုင်း ရဲရုံးက။ အဲဒီလိုကြိမ်းတဲ့ကိစ္စက ပြည်ပဝက်ဘ်ဆိုက်မှာ တက်လို့ဆိုပြီးတော့ နောက်ဆုံး သူ့ကို ဖမ်းဆီးတဲ့အထိ ဖြစ်လာတယ်။ သူ အချုပ်ထဲမှာ တော်တော်ကြာကြာ နေလိုက်ရတယ်ဗျ။ သီတင်း ၂ ပတ်၊ ၃ ပတ်လောက်တောင် နေလိုက်ရတယ်။

“အဲဒါမျိုးက သူ ပြည်ပအတွက် လုပ်တာလည်း မဟုတ်ဘူး။ သို့ပေမဲ့ ပြည်ပ ဝက်ဘ်ဆိုက်မှာ ထွက်တာနဲ့၊ ဘယ်ကထွက်တယ် ဆိုတာလည်း ဘယ်သူမှ သက်သေမပြနိုင်ဘဲနဲ့ သူ့ကို ဖမ်းတာပဲ။ အဲဒါမျိုးလည်း ရှိတယ်။ သူလုပ်တာလည်း မဟုတ်ဘူး၊ ပြည်ပ ဝက်ဘ်ဆိုက်အတွက် သူလုပ်တာ မဟုတ်ဘဲနဲ့ကို အဖမ်းခံရတဲ့ အဖြစ်အပျက်မျိုးလည်း ရှိပါတယ်။”

နိုင်ငံခြား သတင်းထောက်များ ကလပ်တို့ ဘာတို့လည်း မြန်မာနိုင်ငံထဲမှာ ရှိပါတယ်။ ရှိတော့ တချို့ သတင်းထောက် အဖွဲ့အစည်းတွေ ဘာတွေကရော အခုလို အရေးယူခံရတဲ့ သတင်းထောက်တွေ အတွက် တစုံတရာ လုပ်ပေးနိုင်တာမျိုးရော ရှိလား၊ လုပ်ပေးရော လုပ်ပေးနိုင်ရဲ့လားခင်ဗျ။

“အခုချိန်ထိ သိရသလောက်ကတော့ အဲဒီလို အဖွဲ့အစည်းနဲ့ လုပ်ပေးတဲ့ဟာမျိုး မရှိဘူးဗျ။ ကျနော်တို့ ပြည်တွင်း သတင်းထောက်တွေဆို စာနယ်ဇင်း အဖွဲ့ဝင် တချို့တလေတော့ ဖြစ်ကြတာပေါ့၊ အများစုက မဖြစ်ကြဘူး။ အဲဒီလို စာနယ်ဇင်း အဖွဲ့ဝင် မဖြစ်ရင် ကျန်တဲ့ အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းမှ တရားမဝင်ဘူးလေ။ သူ့ဂျာနယ်တိုက်ရဲ့ ပိုင်ရှင်ကသာ သူ့တိုက်ကလူအတွက် သူက သွားပြီးတော့ ပြောဆို လုပ်ဆောင်ပေးတာ၊ အဲဒါမျိုးပဲ ရှိတယ်။ အဖွဲ့အစည်း အနေနဲ့တော့ ဘယ်အဖွဲ့အစည်းကမှ လောလောဆယ် အခြေအနေမှာ ကျနော်တို့ကို လုပ်ပေးတာ မရှိဘူးဗျ။”

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို အထိန်းချုပ်ဆုံး၊ သတင်းသမားတွေကို အန္တရာယ် အပေးဆုံး နိုင်ငံတခု အဖြစ်နဲ့ နှစ်အတန်ကြာ ကတည်းက သတင်းမီဒီယာဆိုင်ရာ အစီရင်ခံစာတွေမှာ ရေးသား ဖော်ပြခံရပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းရေးသား ဖော်ပြမှုတွေမှာ အမှားအယွင်း မခံပါဘူး။

ဒါကြောင့်လည်း ပြည်တွင်းမှာ သတင်းဂျာနယ်တွေ နောက်ပိုင်း အတော်များများ ထုတ်ဝေရေးသားခွင့်တွေ ရတယ်ဆိုပေမဲ့ မကြာခဏဆိုသလို ယာယီထုတ်ဝေခွင့် ပိတ်ခံရတာ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူသတိပေး ခြိမ်းခြောက်တာမျိုးတွေ ရှိနေပါတယ်။

XS
SM
MD
LG