သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်ရွေးကောက်ပွဲ မြန်မာသတင်းသမားတွေ လေ့လာ


ဗြိတိန်ရွေးကောက်ပွဲ လေ့လာနေတဲ့ မြန်မာသတင်းသမားများ။

ဒီမိုကရေစီ စံနှုန်း အပြည့်အ၀ရှိခဲ့တဲ့ ဗြိတိန်ရွေးကောက်ပွဲ လိုမျိုး မြန်မာနိုင်ငံ မှာဖြစ်လာဖို့ အလှမ်းဝေးသေးတယ်လို့ ဗြိတိန်နိုင်ငံရောက် မြန်မာ သတင်းထောက်တွေ ကပြောပါတယ်။ မြန်မာသတင်းထောက်လေးဦးဟာ ရန်ကုန် ဗြိတိသျသံရုံး အစီအစဉ်နဲ့ ဗြိတိန်ပါလီမန်ရွေးကောက်ပွဲမှာ ဗြိတိန် သတင်းမီဒီယာတွေရဲ့သတင်းတင်ပြမှုကို သွားရောက်လေ့လာနေကြ တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

မေလ (၇)ရက်နေ့က ကျင်းပတဲ့ ဗြိတိန်ရွေးကောက်ပွဲကထွက်လာတဲ့ ရလာဒ်ကို အများက အံသြတကြီးဖြစ်ခဲ့ကြတာပါ။ ရွေးကောက်ပွဲမတိုင်ခင် ဘယ်ပါတီမှ ပြတ်ပြတ်သားသားအနိုင်ရမှမဟုတ်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေဟာ မှားယွင်းခဲ့ပါတယ်။ လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် ပါတီက ပါလီမန်အမတ်နေရာစုစုပေါင်း ၆၅၀အတွက် ၃၃၁ နေရာမှာ အနိုင်ရရှိခဲ့ပြီး အတိုက်အခံ လေဘာပါတီက ၂၃၂ နေရာပဲရခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ဗြိတိန်ပါလီမန်ရွေးကောက်ပွဲကိုလေ့လာနေတဲ့ ဧရာဝတီသတင်းဌာနက မငြိမ်းငြိမ်းပြောပြတာကတော့

"အခု ရွေးကောက်ပွဲပြီးသွားတဲ့နေ့နဲ့ မနေ့ကထက်ဆိုရင် တော်တော်လေးကို အခြေအနေတွေက သတင်းတွေ သတင်းစာတွေမှာ ရေးတဲ့အရဆို အရမ်းပြောင်းလဲသွားတယ်လေ။ ဥပမာ အမရယ် ရွေးကောက်ပွဲ မတိုင်ခင်ကဆိုရင် Coalition Government ပဲဖြစ်တော့မယ်ဆိုပြီး လူတွေက အကုန်လုံး ဒီလိုပဲ ထင်ထားတယ်။ ဘယ်သူ့ကိုပဲ လိုက်မေးမေး ညီမတို့က လမ်းတွေမှာ လူတွေကို လိုက်မေးရတယ်။ တချို့ကတော့ လေဘာ၊ တချို့ကတော့ ကွန်ဆာဗေးတစ်ပေါ့နော်။ အဲ့လို အကြိုက်ချင်းတွေက မတူဘူး။ လန်ဒန်မှာ လေဘာကြိုက်တဲ့သူတွေက များတော့ လေဘာပဲ အားပေးတယ်ပေါ့နော်။

ရွေးကောက်ပွဲလည်းပြီးရော အပြတ်အသတ်က နိုင်သွားတယ်လေ။ Public Opinion Polls တွေက တခုပြီးမှ တခု ထုတ်နေပေမဲ့လို့ တကယ်တမ်း Result က Opinion Polls နဲ့ ကွာနိုင်တယ်ဆိုတဲ့ဟာလေးတော့ သတိပြုမိတယ် အမ။"

ဒီဗြိတိန်ရွေးကောက်ပွဲမှာသတင်းယူတဲ့အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ရွေးကောက်ပွဲအတွက် ဘယ်လိုအသုံးဝင်မလဲ ဆိုတာကိုတော့ The Voice ဂျာနယ်ရဲ့ အယ်ဒီတာ မသီရိဇော်ကအခုလိုပြောပါတယ်။

" ရွေးကောက်ပွဲသတင်းကတော့ အခု သူတို့ ရွေးကောက်ပွဲကတော့ မမျှော်လင့်ထားတဲ့ ရလဒ်တခု ထွက်လာတယ်ပေါ့။ Survey ကောက်ထားတဲ့ဟာနဲ့ မမျှော်လင့် ထားတဲ့ Result တွေ ရလာတယ်။ အဲ့ဒီ့အခါကျရင် ကြိုတင် သတင်းတွေ ပြင်ဆင်ထားရတာပေါ့နော်။ အကောင်းဆုံး ဘယ်လိုရေးမလဲ။ အဲ့ဒီ့အတွက် ဘက်ဂရောင်း Background အချက်အလက်တွေ ဘယ်လိုပြင်ဆင် ထားမလဲ။ ဘယ်သူတွေကို မေးမလဲဆိုတာလေးတွေ အဲ့တာလေးတွေ ကြိုတင်ပြင်ဆင် စဉ်းစားထားရ တာပေါ့နော်။ နောက်ဆက်တွဲ သတင်းလေးတွေ ဘယ်လိုဆက်ရေးမလဲဆိုတာရောပေါ့။ "

မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ ကွာခြားချက်တွေကိုတော့ 7 day သတင်းဂျာနယ်ရဲ့ အကြီးတန်း သတင်းထောက် မအိဖြူလွင်က အခုလိုပြောပါတယ်။

"ဒီကလူတွေ အကုန်လုံးက သူတို့ဆိုရင် LIVE တွေ လွှင့်နေတယ်။ တချိန်လုံး။ နောက်ပြီးတော့ ကြိုတင် မဲပေးမယ့်သူတွေကို မေးပြီးတော့ Opinion တွေ ကောက်တဲ့အခါတွေမှာ ဒီဟာတွေကတော့ ညီမတို့မှာ နည်းနည်းတော့ ခက်ခဲမယ်နဲ့တူတယ်။

၂၀၁၀ရော ၂၀၁၂ ရော Cover လုပ်ခဲ့တဲ့ အတွေ့အကြုံအရ အများကြီး အကန့်အသတ်တွေ ရှိတယ်။ ဥပမာ MP တွေကို အင်တာဗျူးလို့ ကောင်းကောင်း မရတာ။ နောက်ပြီးတော့ မဲလာပေးတဲ့သူတွေကို ကောင်းကောင်း စကားပြောလို့မရ ဘူးပေါ့နော်။ သူတို့ရဲ့ ရှေ့မှာ ဆို မပြောရဘူးဆိုတဲ့ဟာမျိုး အဲ့လိုမျိုးတွေ မမေးရဘူး ဆိုတာမျိုးတွေ လာပြီးကန့်သတ်တယ်။ အာဏာပိုင်တွေရဲ့ ရှေ့မှာဆိုရင် ။

တချို့နေရာတွေမှာ မဲရုံက အရမ်းကျဉ်းနေတာမျိုးတွေ ဆိုရင် ညီမတို့အတွက် ကိုက် ၃၀၀ သတ်မှတ်ချက်က ဓာတ်ပုံရိုက်ဖို့အတွက် အခွင့်အရေး လုံးဝ မရတဲ့အနေအထား ပေါ့။ အဲ့တော့ မဲပေးတာတွေ ဘာတွေ မြင်ရဖို့ဆိုတာ အသာထား။ မဲရုံထဲ ဝင်ရဖို့ဆိုတာ အသာထား ။ ဘာဆိုဘာမှ ဓာတ်ပုံတောင် ကောင်းကောင်းရိုက်လို့မရတဲ့ အနေအထားရှိတယ်။ "

ဗြိတိန်နိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလိုမျိုး မြန်မာနိုင်ငံ မှာဖြစ်လာဖို့ အလှမ်းဝေးသေး တယ်လို့မြန်မာတိုင်းမ်စ် သတင်းစာက နိုင်ငံရေး သတင်းထောက် ချုပ် မအိတိုးလွင်ကပြောပါတယ်။

"တွေ့တွေ့ချင်း သတိထားမိတာ က ညီမတို့က ရောက်တဲ့ အခါကျတော့ မြန်မာနိုင်ငံ လိုပဲ ဆိုင်းဘုတ်တွေရှိမလား။ ကမ်ပိန်းတွေ လုပ်နေမလားပေါ့နော်။ အဲ့လိုမျိုး ထင်မိတာပေါ့။ တနေရာ သွားရင်လည်း လိုက်ကြည့်နေတာပေါ့နော်။ ဒီမှာက ရွေးကောက်ပွဲ ရက် နီးလာပြီဆိုပေမဲ့ အားလုံးက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ အလုပ်တွေ များပေမဲ့ အားလုံးက ကိုယ့်ဘာသာကိုယ်သွားပြီး Register လုပ်ကြတယ်။ နိုးနိုးကြားကြားရှိတယ်။

သူတို့နဲ့ Vox Pops ("voice of the people") တွေ ညီမတို့ လုပ်တဲ့အခါကျတော့ သူတို့ကို မေးတဲ့အခါမှာ တခုခုဆို သူတို့က သေသေချာချာ ကို ရှင်းပြနိုင်တယ်လေ။ ဒီလိုမျိုး နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်ပါတီရဲ့မူဝါဒက ဘာဖြစ်နိုင်လို့ သူတို့က မကြိုက်ဘူး။ ဘယ်ပါတီကိုတော့ ကြိုက်တယ်။ ဘာကြောင့်ဆိုတာ ကောင်းကောင်း ရှင်းပြနိုင်တယ်။ "

မေး ။ အဲ့တော့ ဒီဗြိတိန်ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ရှုံးသွားတဲ့ ပါတီတွေပေါ့နော်။ လေဘာပါတီတို့၊ လစ်ဗရယ် ဒီမိုကရက်ပါတီတွေ ရဲ့ ခေါင်းဆောင်တွေက သူတို့ အသီးသီးနှုတ်ထွက်သွားကြတယ်။ နိုင်တဲ့ ကွန်ဆာဗေးတစ် ခေါင်းဆောင်တွေကိုလည်း ဂုဏ်ပြုစကားပြောကြတယ်ပေါ့။ ဆိုတော့ အဲ့လိုဖြစ်ရပ်မျိုး မြန်မာပြည်မှာ ဖြစ်လာမယ်လို့ ထင်လား။

"အဲ့လို သဘောထားကြီးဖို့ကတော့ ညီမတို့နိုင်ငံရဲ့ အနေအထားနဲ့ ဆိုရင် တော်တော်လေး ဝေးတယ်လို့ ထင်တယ်အမ။ ဒီလိုမျိုး ဂုဏ်ပြုစကား ပြောဖို့ ဆိုတာထက်တောင်မှ ညီမတို့ ကမ်ပိန်းတွေမှာ တွေ့လို့ရှိရင် တယောက်နဲ့တယောက် စကားများကြတဲ့ဟာတွေ တွေ့ဖူးတဲ့အခါကျတော့လေ ဒီမဲဆန္ဒနယ်တခုမှာ ပြိုင်တဲ့ Candidate နဲ့ ညီမတို့ ရွေးကောက်ပွဲ နေ့တွေမှာ သွားလို့ရှိရင် စကားများ တာတွေ တွေ့ဖူးတဲ့အခါကျတော့ ဒီလိုမျိုး ဂုဏ်ပြုစကားပြောဖို့ဆို တာကတော့ တော်တော်လေးကို အလှမ်းဝေးနေသေးတယ် ထင်တယ်။ "

ဗြိတိန်နိုင်ငံမှာရှိတဲ့ Thomson Reuters ဖောင်ဒေးရှင်းက ပို့ချတဲ့ ရွေးကောက်ပွဲသတင်း တင်ပြမှုကို မြန်မာအမျိုးသမီးသတင်းထောက်လေးဦးက တက်ရောက် လေ့လာနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG