သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုသတင်း ကန့်သတ်မှုကြောင့် ဂျာနယ် ၉ စောင် ယာယီပိတ်ခံရ


ဒေါ်စုသတင်း ကန့်သတ်မှုကြောင့် ဂျာနယ် ၉ စောင် ယာယီပိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကို ဖော်ပြရာမှာ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်း မရှိတဲ့အတွက် ဆိုပြီး ပြည်တွင်းထုတ် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲအပြီး သတင်းနဲ့ စာနယ်ဇင်း လုပ်ကိုင်ခွင့်တွေ လွတ်လပ်လာနိုင်မလားဆိုတဲ့ ခန့်မှန်းချက်တွေဟာ လုံးဝ ဖြစ်လာနိုင်စရာ မရှိတော့တာကို ပြလိုက်တာပဲလို့လည်း ပြည်တွင်း သတင်းသမားတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အပတ်စဉ် ထုတ်ဝေနေတဲ့ First Eleven အားကစားဂျာနယ်နဲ့ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ရပ်နားခဲ့ပြီး လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နဲ့ The Voice နဲ့အတူ 7 Days၊ Venus ၊ Myanmar Newsweek ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၁ ပတ်စီ ရပ်နားခဲ့ပါတယ်။ ဒီဂျာနယ်တွေ အားလုံးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့သတင်း ဖော်ပြရာမှာ စာပေစိစစ်ရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ယာယီ ပိတ်ပင်ခံရတာလို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“သောကြာနေ့မှာ ဂျာနယ် ၁၀ စောင်နဲ့ စိစစ်ရေး ညွှန်ကြားရေးမှူး ဦးတင့်ဆွေနဲ့ အစည်းအဝေး လုပ်ကြသေးတယ်။ အဲဒီတုန်းကတော့ ဘာမှ အခြေအနေ ထူးထူးခြားခြား မပြောပြဘူး။ ဒီတနင်္ဂနွေနေ့ကမှ ၉ စောင်ကို ပိတ်လိုက်ပြီလို့ ထွက်လာပြီး ဒီနေ့မှာတော့ စိစစ်ရေးက ၉ စောင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းတယ် ဆိုပြီးတော့ စာထုတ်ပြန်တာပေါ့။ သူတို့ ဒီဟာ ခွင့်ပြုပြီးသားပဲ။ သူတို့ ခွင့်ပြုပြီးလို့ပဲ ပုံနှိပ်ကျတာ။”

အခုလို ထုတ်ဝေခွင့် ခေတ္တရပ်နားတဲ့ အရေးယူမှုမျိုးကို မကြာခဏဆိုသလို ပြည်တွင်းဂျာနယ်တွေမှာ ကြုံနေရပေမဲ့ အခုလို ဂျာနယ် ၉ စောင်ကို တပြိုင်တည်းဆိုတော့ ဒါ စံချိန်တင်တဲ့ အရေအတွက်လို့ ဆိုရမှာပါ။ အထူးသဖြင့် ဒီလို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံရတဲ့ ဂျာနယ်တွေမှာ ငွေကြေးဆိုင်ရာ ထိခိုက်မှုအပြင် ၀န်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း အတော်ဖြစ်စေတယ်လို့ ပြောပါတယ်။

“ပရိသတ် လက်ခံတဲ့ တန်းဝင် ဂျာနယ်တစောင်ဆိုရင် သူ့ရဲ့ တပတ်စာ ကြော်ငြာဝင်ငွေက သိန်း ၄၀ လောက် ရှိပါတယ်။ အဲဒီဟာ မထုတ်လိုက်ရတဲ့၊ ရပ်ဆိုင်းလိုက်ရတဲ့အတွက် အဲဒီပမာဏ နစ်နာဆုံးရှုံးတာပေါ့။ ဆက်ပြီးတော့ ၀န်ထမ်းတွေရဲ့ အလုပ်အပေါ်မှာ စိတ်ပျက် အားလျော့သွားတဲ့ ဟာမျိုးတွေ ကျနော်တို့ ရှေ့မှာ ကြုံခဲ့ဖူးတယ်။ နောက်တခါ ပြန်ထုတ်ခွင့်ရလို့ ပြန်စမယ်ဆိုရင် Team ကို ပြန်ပြီးTeam Work မိအောင် ပြန်လုပ်ရတာက တော်တော်လေး ခဲယဉ်းပါတယ်။

“လူတွေက စိတ်ဓာတ်ကျသွားတယ်၊ ဂျာနယ် ထုတ်ဝေခွင့် မရတော့ဘူး၊ ပိတ်သွားတယ် ဆိုပြီးတော့။ ဘာမှ မလုပ်ချင်၊ မကိုင်ချင်စိတ် ဖြစ်သွားတယ်။ အဲတော့ တခါ ပြန်ရဖို့ ပြန်ထုတ်ရမယ့် အချိန်မှာ ဒီအဖွဲ့ကို ပြန်ပြီး မောင်းတင်ရတယ်၊ ဦးဆောင်ရတယ်၊ အဲဒီအခက်အခဲလေးတွေ ရှိတာပေါ့။ နောက် ပရိသတ်က ကင်းကွာသွားတယ်။ ပရိသတ်က သူတို့ စွဲတဲ့ဂျာနယ်၊ ဒီရက်မှာ ဒီဂျာနယ် ထွက်ရမယ် ဆိုပြီးတော့ အစွဲနဲ့ထားတယ်။ မထွက်နိုင်ရင် အဲဒီဂျာနယ်ကို နောက်တပတ်ကြရင် သိပ်ပြီးတော့ စိတ်ထဲ မထားတော့ဘူး။ စာဖတ်ပရိသတ်လည်း လျော့သွားတဲ့ အခြေအနေမျိုးတွေ ကြုံရတာပေါ့။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ကြည့်ရင် မြန်မာပြည် သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဟာ အရင်ကလို ဖိနှိပ်မှုတွေထဲမှာ ရှိနေသေးတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

တချို့ကတော့ ရွေးကောက်ပွဲ ပြီးသွားရင် နောင်ဖြစ်လာမယ့် အစိုးရထဲမှာ သတင်းလုပ်ငန်းတွေ လုပ်ရကိုင်ရ အနည်းငယ် ပွင့်လင်းလာမလားလို့ မျှော်လင့်ခဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီမူ ဒီလူတွေ ဘာမှ မပြောင်းလဲသွားတော့ ဘာမှ ထူးလာစရာ မရှိသလို မျှော်လင့်ချက်တွေလည်း ဘာမှ ဖြစ်လာနိုင်စရာ မရှိဘူးလို့ ကာတွန်းဆရာ အော်ပီကျယ်က သုံးသပ်ပါတယ်။

“ကျနော်တို့က ဒါ ပိုဆိုးလာတယ်လို့ မမြင်ပါဘူး။ နဂိုကတည်းက ဒီအတိုင်းပဲဗျ။ တချို့ကတော့လည်း ရွေးကောက်ပွဲပြီးရင် အခြေအနေ ကောင်းလာမယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာဘူး၊ အရင်အတိုင်းပဲပေါ့ဗျာ။ အဲတော့ စာနယ်ဇင်းသမားတွေမှာကတော့ အတော်ပင်ပန်းပါတယ်။ နောက်ပြီးတော့ သူတို့မှာ ဓာတ်ပုံတွေလည်း ကြိုစားပမ်းစား ရိုက်ကြ၊ သတင်းတွေလည်း ကြိုးစားပမ်းစား လိုက်ကြ၊ ရွေးကောက်ပွဲတုန်းကလည်း မဲရုံတွေမှာ သူတို့ ကြိုးစားပမ်းစား သတင်းယူကြ။

“ဒါပေမဲ့လည်း သူတို့ရဲ့ သတင်းတွေက ဖော်ပြခွင့် မရတာတို့ ဘာတို့ ကြားရတဲ့အခါမှာ ထုတ်လုပ်ရတဲ့ လုပ်အားတွေ ဆုံးရှုံးသွားတာပေါ့ဗျာ၊ စိတ်အားတွေ၊ ခွန်အားတွေ။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ အလုပ်လေး အကောင်အထည် မပေါ်ဘူး ဆိုတော့လည်း စိတ်ဆင်းရဲကြတာပေါ့။ ကျနော် ခဏခဏ ပြောဖူးတဲ့စကား ရှိပါတယ်၊ မနေ့ကအတိုင်း နေလို့ရှိရင်တော့ မနက်ဖြန်ရမယ့် ရလဒ်ကလည်း ဒီနေ့အတိုင်းပဲ ဆိုတာလေ။”

ကာတွန်းဆရာ အော်ပီကျယ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ စာဖတ်ပရိသတ် စိတ်အ၀င်စားဆုံး သတင်းတွေ ဖြစ်နေပြီး ဈေးကွက်ထဲမှာ ဆိုရင်လည်း ဒီသတင်းပါတဲ့ ဂျာနယ်တွေဟာ စောင်ရေ ပြတ်သွားတဲ့အထိကို ရောင်းအားကောင်းနေတယ်လို့ ထုတ်ဝေသူတွေက ပြောပါတယ်။

XS
SM
MD
LG