ကချင်ပြည်နယ်က သယံဇာတထွက်ရာ တနိုင်းမြို့နယ်က ရွှေမှော်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က ပြောလိုက်ပါတယ်။
ရွှေနဲ့ ပယင်းထွက်ရာ တနိုင်းမြို့နယ်၊ စံလွန်ရွှေမှော်က ဈေးထဲကို စနေနေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေတူးသမားတွေနဲ့ ဈေးသွားဈေးလာတွေ သေကျေထိခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ကချင်ပြည်နယ်မှာ မကြာသေးခင်လတွေက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေ လက်လွတ်ဆုံးရှုံး လာနေချိန်မှာပဲ လေကြောင်း တိုက်ခိုက်မှုတွေလည်း တိုးမြှင့်လာနေတာ ဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ဒါဇင်နဲ့ချီ သေဆုံးခဲ့တာကြောင့် ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း သတိပေးနေကြတာပါ။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဇန်နဝါရီလ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀ ခန့် ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။
Forum