သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကချင်လယ်သမားပြန်လွှတ်ပေးဖို့ စစ်တပ်ကို လူထုအခြေပြုအဖွဲ့တွေ တောင်းဆို


ကချင်ပြည်နယ်တနေရာ
ကချင်ပြည်နယ်တနေရာ

မြန်မာစစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လယ်သမားတဦး အချိန် တလကျော်ကြာလာတဲ့အထိ ဘာသတင်းမှစုံစမ်းလို့ မရပဲ ပျောက်ဆုံးနေလို့ သူ့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ ကချင်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ ပျောက်ဆုံးနေတဲ့လယ်သမားရဲ့ မိသားစုဝင်တွေက အာဏာပိုင်တွေကို အသိပေးတိုင်ကြားထားပေမဲ့လည်း ဘာမှ အကြောင်းမပြန် ဘူးလို့ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ကချင်ပြည်နယ် ကာမိုင်းဒေသ အရှေ့ဘက်လီဒိုလမ်းမပေါ်မှာ ကချင်လယ်သမား အင်လမ်းဘောက်နော်ကို ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က မြန်မာစစ်တပ်က ရိုက်နှက်ထိုးကြိတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတာကို ရွာသူရွာသားတွေ မြင်တွေ့ခဲ့တဲ့ အကြောင်း ဖမ်းဆီးခဲ့တဲ့တပ်ဖွဲ့တွေထဲမှာ တပ်ရင်း ၂၉၇နဲ့၂၉၈တို့ပါဝင်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကချင်လူထု အခြေပြုအဖွဲ့အစည်း ၁၆ဖွဲ့ရဲ့ပူးတွဲကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

ဦးအင်လမ်းဘောက်နော်အဖမ်းမခံရခင် အဲဒီနေရာ တဝိုက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။ အဖမ်းခံရတဲ့ အချိန်မှာ ဦးအင်လမ်းဘောက်နော်က အရက်မူးနေတယ်လို့လည်း ကြေညာချက်ထဲမှာတွေ့ရပါတယ်။ အသက်၅၀ အရွယ် ဦးအင်လမ်းဘောက်နော်ဟာ ကလေး၅ဦးရဲ့ဖခင် မုဆိုးဖိုတဦးဖြစ်ပြီး သူ့ရဲ့သားသမီးတွေက သူအဖမ်းခံခဲ့ရတဲ့ ကိစ္စကိုသိနိုင်ဖို့ တပ်ရင်း ၂၉၈ကိုသွားပြီးစုံစမ်းမေးမြန်းခဲ့ပေမဲ့လည်း တပ်စခန်းထဲကို ဝင်ခွင့်မရခဲ့ဘူး လို့ဆိုပါတယ်။ သူတို့ရဲ့ဖခင် အဖမ်းခံရတဲ့ကိစ္စကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ကို သားသမီးတွေက တိုင်ကြားစာပေးပို့ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌတွေ ဆီကိုလည်း မိတ္တူ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ ဘယ်အဖွဲ့အစည်းကမှ အကြောင်းပြန်တာမရှိလို့ မိသားစုတွေ စိုးရိမ်မှုတိုးနေရတယ်လို့ ကချင်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် ကချင် မဟာမိတ်များအဖွဲ့ရဲ့ ဥက္ကဌ N Sang Gun Sanကတော့ အာဏာပိုင်တွေဘက်က တုံ့ပြန်မှုတွေမလုပ်တဲ့ကိစ္စကို အပြစ်တင်ဝေဖန်ပါတယ်။

“ဒီဟာက တရားဥပဒေစိုးမိုးမှု လုံးဝမရှိတာကို ပြသနေတာပါ။ အဓိက ကိုယ့်အစိုးရတပ်ပါ။ အစိုးရတပ်ကနေပြီးတော့ ဒီလိုလူဖျောက်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုရှိနေတာက စိုးရိမ်စရာကောင်းတယ်။ ဒါက အရေးယူသင့်တဲ့ကိစ္စပါ လျှင်လျှင်မြန်မြန်ကိုင်တွယ်သင့်တဲ့ အရာတခုဖြစ်ပါတယ် အစိုးရဘက်က နေပြီးတော့ စစ်တပ်နဲ့ ပြဿနာမဖြစ်ချင်လို့ လစ်လျူရှုတယ်ဆိုရင်တော့မကောင်းပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံက တိုင်းရင်းသားပေါင်းစုံများစွာနေထိုင်တဲ့နိုင်ငံ ဆိုတော့ ဒီလိုမျိုးတွေကတော့ အရမ်းဆင်ခြင်သင့် တဲ့အရာတွေပါခင်ဗျ။”

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် Seng Mai က လည်း ကချင်လယ်သမား အင်လမ်းဘောက်နော်အဖမ်းခံခဲ့ရတဲ့ကိစ္စဟာ အမှန်ပဲလို့ပြောပါတယ်။

“ကျနော်တို့ ဒီသတင်းကိုလိုက်ဖူးပါတယ်။ ဒီအကြောင်းအရာက ခိုင်လုံတယ်လို့ပြောလို့ရပါတယ်။ ကားမိုင်းအထွက် စစ်ကြောင်းသွားတဲ့လမ်းတလျှောက်မှာ သူက ညနေ ၃ နာရီလောက်မှာ အရက်မူးပြီးမှ လဲနေတယ်ပေါ့နော် သူတို့စစ်ကြောင်းက မသကာၤလို့ဆိုပြီးမှ ဒီလူကို ရိုက်နက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒါက ဘယ်သူပြောသလဲဆိုရင် အုပ်ချုပ်ရေးမှူးရယ် ၊ သူ့သမီးရယ် သူ့သမီးနဲ့ ကျနော်တို့ အဆက်အသွယ်ရပါတယ်။ ဒီလိုလုပ်သွားတာကိုလည်း မျက်မြင်သက်သေရွာသားတွေလည်းရှိတယ်။”

ဘာကြောင့် စစ်တပ်က ဖမ်းဆီးခဲ့တာလဲဆိုတာနဲ့ အဖမ်းခံထားရတဲ့သူရဲ့ အခြေအနေတွေကိုသိနိုင်အောင် သတင်းသမားတွေစုံစမ်းဖို့ ကချင်ပြည်နယ်မှာ သိပ်ခက်ခဲတယ်လို့လည်း အယ်ဒီတာချုပ် Seng Mai ကပြောပါတယ်။

“ကျနော်တို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Confirm လုပ်ဖို့ ကျနော်တို့ ဘယ်လိုမှ စစ်တပ်ကို မေးမြန်းလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကကျနော်တို့ကို ပြန်ကြားရေးမထားပေးပါဘူး။ ကျနော်တို့ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့သတင်းတွေကို ယူဖို့ အရမ်းကို ခက်ခဲပါတယ်။ ပိုဆိုးတာက ဦးသိန်းစိန်လက်ထက်မှာ သတင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ကျနော်တို့ ကချင်ပြည်နယ်မှာ ပြောဆိုဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာဆိုရင် မီဒီယာကို သူတို့လုံးဝပိတ်ထားပါတယ်။ ဆိုတော့ စစ်တပ်ပဲမဟုတ်ပါဘူး အခုအချိန်မှာ NLD အစိုးရလက်ထက်မှာ ကျနော်တို့ သတင်းယူဖို့ အများကြီးအခက်အခဲရှိပါတယ်။”

ကချင်ပြည် နယ်မှာ အခုလို ဘာကြောင့်မှန်းမသိပဲ အဖမ်းခံရတဲ့အဖြစ်အပျက်တွေ မကြာခဏဆိုသလိုရှိနေတတ်ပြီး အဖမ်းခံရသူ တွေရဲ့ အခြေအနေတွေကိုလည်း စုံစမ်းလို့မရနိုင်ပဲဖြစ်နေတာ နှစ်အတော်ကြာခဲ့ပါပြီ။ အဲဒါကြောင့်သတင်းအမှန်တွေ ထွက်ပေါ် လာအောင် အာဏာပိုင်တွေဘက်ကပွင့်လင်းမြင်သာမှုတွေထားဖို့သတင်းသမားတွေဘက်ကနေ တိုက်တွန်း နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG