သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမန်မိသားစုများ ရွှေ့ပြောင်းမှု ကန့်ကွက်အဆို လွှတ်တော်မှာ ရှုံးနိမ့်


ရခိုင်ပြည်နယ် IDP စခန်းတွေထဲက အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး မိသားစုတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေရာ ချလိုက်တဲ့အပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းတဲ့ ကန့်ကွက်အဆိုကို မတ်လ(၁၄) ရက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ကမန်လူမျိုးတွေဟာ နဂိုရှိပြီးသား တိုင်းရင်းသားတမျိုး ဖြစ်တယ်လို့ NLD ပါတီအမတ်တွေက ချေပဆွေးနွေး ခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြပါမယ်။

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရာမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် တွေအတိုင်း NLD အစိုးရက လိုက်လုပ်နေပြီး ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်က ပြည်တွင်းတိမ်းရှောင် IDP စခန်းတွေမှာ ခိုလှုံနေကြတဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး မိသားစု (၅၅) စုကို ရန်ကုန်မြို့မှာ ရွှေ့ပြောင်းနေရာချထားပေးမှုအပေါ် ကန့်ကွက်ကြောင်း အဆိုကို ပြည်ခိုင်ဖြိုးပါတီရဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က တင်သွင်းခဲ့တာပါ။

ဒီအဆိုကို NLD ပါတီလွှတ်တော်အမတ် အများစုနဲ့ ရခိုင်ပါတီက ကိုယ်စားလှယ်တွေလဲ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က စွပ်စွဲပြောဆိုနေသလို၊ ဒီ ကမန် တိုင်းရင်းသားတွေကို ရန်ကုန်မှာ ရွှေ့ပြောင်းနေရာ ချထားလိုက်ရုံနဲ့ နောင်မှာ မလိုလား အပ်တဲ့ ပြသနာတွေ တက်လာမယ်ဆိုတဲ့ ယူဆချက်မျိုးကို လက်မခံနိုင်ဘူးလို့ ဆွေးနွေးသွားသူကတော့ NLD ပါတီ ရန်ကုန်တိုင်း ရန်ကင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဖြစ်ပါတယ်။

"အဆိုရှင်က ကမန်တိုင်းရင်းသား ၅၅ စုပြောင်းရွှေ့တာကို လက်ခံခြင်းအားဖြင့် ဒါဟာ နောက်ထပ်ပြောင်းရွှေ့ဖို့အတွက် IDP စခန်းတွေမှာ ဘင်္ဂါလီ ၁ သိန်းကျော်ဟာ တန်းစီပြီး စောင့်နေတယ်ဆိုတော့ တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီတွေနဲ့ နိုင်ငံသားဖြစ်ပြီးသားတိုင်းရင်းသားလို့ အသိအမှတ်ပြုပြီးသား ကမန်တွေကို အတူတူဖြစ်နေတာကို ခိုင်းနှိုင်းသွားတာကို တွေ့ရတယ်။ ဒါက လက်ခံနိုင်စရာမရှိပါဘူး။ ကျမ သေသေချာချာပြောနိုင်တာ တခုရှိပါတယ်။ တကယ်လို့များ နိုင်ငံသား မဖြစ်သေးတဲ့ဘင်္ဂါလီ ၁ သိန်း ၂ သောင်းကျော်က ကမန်တိုင်းရင်းသားများ နည်းတူ အခွင့်အရေးကို ရပြီဆိုရင် ကျမ သေသေချာချာပြောနိုင်ပါတယ်။ ဒါက ကမန်တိုင်းရင်းသား မိသားစု ၅၅ စုကို ရန်ကုန်ကို ခေါ်လာလို့မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိတည်ဆဲဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ဖြောင့်ဖြောင့်မတ်မတ် မဆောင်ရွက်လို့လည်း ဖြစ်ရမယ်။ တရားဥပဒေစိုးမိုးရေး ယန္တရားမှာ တာဝန်ရှိသူတွေ လာဘ်စားတာတို့ အကျင့်ပျက်တာကြောင့်ပဲ ဖြစ်ရမယ်။ ဒီ ၅၅ စုကို ရွှေ့လိုက်လို့ ဖြစ်တာမဟုတ်ဘူးဆိုတာကို ကျမ ခိုင်ခိုင်မာမာဆွေးနွေးလိုပါတယ်။"

NLD အစိုးရက ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်အတိုင်း လုပ်ဆောင်နေ တာဟာ တိုင်းပြည် အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိခိုက် လာနိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိုးသူဖြစ်ပါတယ်။

"နိုင်ငံတကာဖိအားများ သက်သာစေရန် ကိုဖီအာနန် ဦးဆောင်တဲ့ရခိုင် အကြံပေးကော်မရှင်ဖွဲ့ခဲ့ပြီး အကြံပြုချက်ပါအတိုင်း ကိုးကားလုပ်ဆောင်ခဲ့သော်လည်း လက်ရှိရခိုင်ပြည်နယ်အရေးကို အကြောင်းပြုပြီး အင်အားကြီးနိုင်ငံများရဲ့ ကစားပွဲတခု မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေပါတယ်။ လူ့အခွင့်အရေး လူမျိုးတုံးသတ်ဖြတ်ခြင်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ကာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးလာခြင်း ရခိုင်အရေးအပေါ် လုပ်ဆောင်ချက် မှားယွင်းပါက မိမိနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတချို့ လက်လွှတ်ဆုံးရှုံးသွားနိုင်ခြင်း၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလာနိုင်ခြင်း မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာနိုင်ခြင်း အခြေအနေများရောက်ရှိလာခြင်းကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ချရာမှာ ပြည်သူအများစုဆန္ဒကိုလည်း သိရှိလေးစားလိုက်နာပြီး ပြည်သူ့အားကိုရယူပြီး နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်နိုင်ရေး လုပ်ဆောင်သင့်ပါကြောင်း နိဂုံးချုပ်ပါတယ်။"

၂၀၁၂ ခုနှစ် ရခိုင်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ကမန် တိုင်းရင်းသား မိသားစုတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် လုံခြုံရေး အတွက် စိုးရိမ်ပြီး ၊ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDP ဒုက္ခသည် စခန်းတွေမှာ နေလာခဲ့ကြတာပါ။ IDP စခန်းထဲက ကမန်ဒုက္ခသည် တွေကို အခုလို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေရာချလိုက်တဲ့ NLD အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်မှန်ကန်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေက VOA ကိုပြောပါတယ်။

"ကမန်တိုင်းရင်းသားတွေက ကယ်ဆယ်ရေးစခန်းထဲမှာ ၅ နှစ်လောက်ကြာနေတဲ့ အခါကျတော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်အားဖြင့် ချွတ်ခြုံကျလာတယ်။ ဒီအပေါ်မှာ စိတ်ဒဏ်ရာတွေ ရလာကြတယ်။ ဆိုတော့ အခုလက်ရှိပြောင်းလာတဲ့အပေါ်မှာ အစိုးရက အသင့်တော်ဆုံးအနေအထားတခု ကိုဆောင်ရွက်ပေးတယ်လို့ မြင်ပါတယ်။ အသင့်တော်ဆုံး ဆုံးဖြတ်ချက်အပေါ်မှာ ဒါကျနော်တို့ ကမန်တိုင်းရင်းသားတွေကလည်း ကြိုဆိုပါတယ်။ လက်ခံပါတယ်။"

၂၀၁၂ ရခိုင်ပဋိပက္ခကြောင့် ရခိုင်မှာရှိတဲ့ ကမန်တိုင်းရင်းသားတွေ အားလုံး IDP ဒုက္ခသည်စခန်းတွေမှာ ခိုလှုံလိုက်ကြတာတော့ မဟုတ် ပါဘူး။ ရခိုင်ပြည်နယ် ရမ်းဗြဲ ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေမှာရှိတဲ့ IDP စခန်းတွေမှာ ကမန်တိုင်းရင်းသား ဒုက္ခသည်တွေရှိကြပြီး အခု ရန်ကုန်ကို ပြောင်းရွှေ့ခံရတယ်ဆိုတဲ့ ကမန်ဒုက္ခသည်တွေဟာ ရမ်းဗြဲ IDP ဒုက္ခသည်စခန်းထဲက အများစုဖြစ်ပါတယ်။

ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်ပေါင်း (၈၈)ချက်ရှိတဲ့ထဲက (၅၇)ချက်ကို NLD အစိုးရက အကောင်ထည်ဖေါ်နေကြောင်း လူကယ်ပြန် ဒုဝန်ကြီးက လွှတ်တော်မှာ လာရောက်ရှင်းပြသွားပါတယ်။ ကမန် မိသားစုတွေကို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေရာချတဲ့အစီအစဉ် ပေါ် ကန့်ကွက်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ အဲဒီအဆိုဟာ ရှုံးနိမ့်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG