သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နယ်မြေက ရွှေမှော်တွေ အကန့်အသတ်မရှိ ပိတ်


KIO နယ်မြေက ရွှေမှော်တွေ အကန့်အသတ်မရှိ ပိတ်

မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ရွှေမှော်တွေကို စစ်အစိုးရက ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခိုင်းလိုက်ပါတယ်။ အဲဒီ ရွှေမှော်တွေကတော့ ကချင်ပြည်နယ်က ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ရွှေမှော်တွေ ဖြစ်ပါတယ်။ အခုလို အမိန့် ထုတ်ပြန်လိုက်တဲ့အတွက် အဲဒီနယ်မြေမှာ သိန်းနဲ့ချီတဲ့ ရွှေကျင်သူတွေဟာ သူတို့လုပ်ငန်းတွေကို ပစ်ပြီး နေရပ်ကို ပြန်နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အကြီးဆုံး ရွှေမှော်ထဲမှာ အလုပ်လုပ်နေတဲ့ လူ ၂၀၀,၀၀၀ လောက်ကို စက်တင်ဘာ ၁၅ ရက်နေ့က နေရပ်ပြန်ဖို့ KIO က အမိန့်ထုတ်လိုက်တာလို့ ရွှေမှော်နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။

“KIO ဘက်က ထုတ်ပြန်တဲ့အမိန့် ဆိုပြီးမှ မြစ်ရိုးတလျှောက် မလိခအထက် ရွှေကျင်တဲ့ သူတွေရော၊ အခြားလူတွေရော၊ အားလုံး အိမ်ပြန်ရမယ်၊ မပြန်လို့ကို မရဘူး၊ အားလုံးပြန်ရမယ်။ တချို့ စက်ဆိုင်းကြီးတွေနဲ့ အလုပ်လုပ်တဲ့ သူတွေက စက်ဆိုင်းကြီးတွေ သယ်သွားဖို့လည်း မရှိတော့ ဒီတိုင်းပစ်ထားပြီးမှ ကိုယ်လွတ်ပဲ ပြန်သွားတယ်ဆိုတာ သိရတယ်။ တယောက်မှ မရှိတော့ဘူး၊ အားလုံးပြန်ပြီ။”

အခုလို ထုတ်ပြန်လိုက်တဲ့ အခါမှာတော့ မြစ်ဆုံအထက် မြစ်ရိုးတလျှောက် ရွှေကျင်နေတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူလူထု၊ အကြီးဆုံး ရွှေမှော်တွေရှိတဲ့ တနှိုင်း နမ်ဗျူ ရွှေမှော်၊ ကွမ်လင် ရွှေမှော် တလျှောက်မှာရှိတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေ မပြန်ချင်ဘဲနဲ့ ပြန်နေရတယ်လို့ ဆိုပါတယ်။

KIO အနေနဲ့ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခက ရွှေမှော်တွေ အားလုံးကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ပြည်သူတွေကို ပြန်ခိုင်းလိုက်တာ ဖြစ်တယ်လို့ KIO အရာရှိတယောက်က ကချင်လို ပြောပါတယ်။

“ပိတ်လိုက်တယ်ဆိုတာ သူတို့အမိန့်နဲ့ ဖြစ်တယ်။ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၀င်ထွက် သွားလာခွင့် မလုပ်ဖို့၊ ရိက္ခာတွေ မတင်ပို့ရဘူး ဆိုပြီး ပိတ်လိုက်တဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့လည်း ပြည်သူတွေ ဒုက္ခမတွေ့ဖို့ ဆိုတာက အချိန်မီ ကိုယ့်နေရပ်ကို ပြန်ဖို့အတွက် ပြန်ပြီး အမိန့်ထုတ်လိုက်တာပါ။ ကျနော်တို့က အရင်ပိတ်တာ မဟုတ်ပါဘူး။ အစိုးရက အရင်ပိတ်လိုက်တဲ့အတွက် အစားအသောက်တွေ၊ ဘာတွေ ပို့ဆောင်ဆက်သွယ်မယ့်လမ်း မရှိတော့တာကြောင့် ပိတ်မိနေရင် ပြည်သူတွေ ပြဿနာ ကြုံတွေ့လာမှာ ဖြစ်တဲ့အတွက် ကြိုထွက်သွားဖို့ ကျနော်တို့ကနေ အခွင့်အရေး ပြန်ဖွင့်ပေးလိုက်တာပါ။”

အဲဒီရွှေမှော်တွေမှာ မြန်မာတနိုင်ငံလုံးက လူတွေ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာပါ။ အထူးသဖြင့် ကချင်ပြည်နယ် လူထုတွေ အတွက်ကတော့ ဒီရွှေလုပ်ငန်းကိုပဲ အမှီပြုပြီး လုပ်ကိုင် စားသောက်နေတာ ဖြစ်တဲ့အတွက် ရွှေမှော်လုပ်ငန်း ရပ်ဆိုင်းသွားတဲ့ အခါမှာ မိသားစု စားဝတ်နေရေး ခက်ခဲလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“အခု သူတို့ပိတ်ပင်တာက ရွှေကျင်တာပဲ ပိတ်ချင်တာ မဟုတ်ဘူး။ အဲဒီဘက်ကို လူကို လာကို မလာရဘူးလို့ သူတို့ အမိန့်ထုတ်ပြန်ချက်က အဲဒီလို ရှိနေတယ်။ ပြောဖို့တော့ အစုံပဲ၊ မြစ်ရိုးတလျှောက်ကို မှီခိုပြီး မိသားစု ဝမ်းရေးကို သူတို့က ဖြေရှင်းနေကြတယ်၊ အခုတော့ အဲဒီဘက်ကို ရွှေကျင်တဲ့အလုပ် မလုပ်ရတော့ဘူးဆိုတော့ သူတို့ အခက်အခဲက ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ မိသားစုထဲမှာ သူတို့ ဒုက္ခရောက်သွားမယ် ထင်တယ်။”

KIO ဘက်ကတော့ အခုလို တင်းကျပ်မှုတွေ လုပ်လာတာကြောင့် သူတို့မှာပဲ ထိခိုက်တာ မဟုတ်ဘဲ ပြည်သူလူထုတွေ အားလုံးမှာ အခက်အခဲ၊ ပြဿနာတွေ ကြုံတွေ့စေတယ်လို့ KIO အရာရှိက ကချင်လို ဆက်ပြောပါတယ်။

“နစ်နာသွားစေတဲ့ အချက် ၂ ချက် ရှိပါတယ်။ ၁ က ကျနော်တို့ကို ဒီလိုလုပ်လိုက်တဲ့အတွက် ကားနဲ့ စက်လှေနဲ့ သွားလာခွင့် မရတော့ဘူး။ ၂ က ၀င်ငွေဘက်က နစ်နာမှု ရှိတာကို KIO တခုတည်း မဟုတ်ဘဲနဲ့ ပြည်သူအများကလည်း ထိခိုက်မယ်။ မြို့ပေါ်မှာနေတဲ့ သူတွေလည်း မြို့မှာပဲ ၀မ်းစာလုပ်ငန်း ရှိကြတာ မဟုတ်ဘူး။ တောမှာ အလုပ်လာလုပ်ပြီး မြို့ကလူတွေကို ရှာကျွေးနေကြတာ ဖြစ်တဲ့အတွက် တောဘက်ကို ပိတ်လိုက်မယ်ဆိုရင် KIO တွေလည်း ဒုက္ခရောက်တာပေါ့။

“ဒါပေမဲ့ ပြည်သူလူထုကလည်း အများပိုင်း ဒုက္ခတွေ့မှာ အမှန်ပဲ။ ကျနော်တို့ကတော့ အကောင်းဘက်က လုပ်ဆောင်သွားချင်တယ်။ ငြိမ်းချမ်းစွာနဲ့ လုပ်သွားချင်တယ်။ မြန်မာအစိုးရကမှ အဲဒီလိုမျိုး လုပ်သွားတဲ့အတွက် ငြိမ်းချမ်းတယ်၊ မငြိမ်းချမ်းဘူး ဆိုတာက နိုင်ငံတော် အစိုးရမှာပဲ ပိုမူတည်လိမ့်မယ် ဆိုတာကိုပဲ မြင်ပါတယ်။”

စစ်အစိုးရကနေပြီး KIO နယ်မြေထဲက စီးပွားရေး၊ ခရီးသွားလာရေး၊ ရိက္ခာတွေ ဖြတ်တောက်လာတာဟာ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ချဖို့ ဖိအားပေးခဲ့တာကို ငြင်းဆန်ခဲ့တဲ့နောက် အခုလို တဆင့်ပြီးတဆင့် လုပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG