သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ်ရုံးတချို့ တရုတ်နယ်စပ်အနီး ရွှေ့


တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ အခြေစိုက် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရဲ့ အရေးကြီးတဲ့ ရုံးတချို့ကို တရုတ်နယ်စပ်နဲ့ ပိုနီးတဲ့ အရင်ဌာနချုပ်ဟောင်း လိုင်ဇင်ဘက်ကို ပြောင်းရွှေ့နေပါတယ်။ KIO နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ တိုးလာနေတာကြောင့် လုံခြုံရေးအရ ပြောင်းရွှေ့နေတာလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIO) က လက်နက်ချဖို့ ထပ်မံငြင်းဆိုပြီးနောက် KIO အပါအ၀င် တခြား လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနဲ့ စစ်အစိုးရ တင်းမာမှုတွေ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ကချင်နိုင်ငံရေးသမားတွေကို ပါတီဖွဲ့ခွင့် မပေးတဲ့အပြင် တသီးပုဂ္ဂလ ၀င်ပြိုင်ဖို့ လျှောက်ထားတာကိုလည်း ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း KIO နဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ မလုပ်ဖို့ ကြေညာခဲ့ပါတယ်။

အခုလို တင်းမာမှုတွေ ရှိနေတဲ့ အခြေအနေမှာ KIO အနေနဲ့ ဌာနချုပ်ထားတဲ့ နေရာထက် တရုတ်ပြည်နယ်နဲ့ တဆက်တည်း ဖြစ်နေတဲ့ အရင်ဌာနချုပ်ဟောင်း လိုင်စင်ဘက်ကို အရေးကြီးတဲ့ ပစ္စည်းတွေ ရွှေ့ထားတာ ဖြစ်တယ်လို့ KIO အဖွဲ့ဝင် တယောက်က ပြောပါတယ်။

“အရေးကြီးတဲ့ရုံးတွေ၊ ဟိုအရင်တုန်းက လိုင်စင်ဘက်မှာလေ၊ တကယ့် အရွှေ့အပြောင်း နည်းနည်းလုပ်တာပဲ။ အရေးကြီးတဲ့ရုံးတွေ လိုင်စင်ဘက်မှာ ရွှေ့သွားတယ်၊ တပတ်ကျော်ကျော်လောက် ရှိပြီ။ စစ်ဘက်ဆိုင်ရာ ဌာနတွေလေ၊ အရေးကြီးတဲ့ ရုံးပစ္စည်းတွေပေါ့။”

အခုလို ပြောင်းရွှေ့နေတာကို နယ်စပ် စစ်ရေးအကဲခတ် လေ့လာနေတဲ့ ကိုအောင်ဝါက လက်နက်စွန့်ရေး KIO ငြင်းပယ်လိုက်တဲ့အပေါ် စစ်အစိုးရနဲ့ တင်းမာမှုတွေ ရှိလာတဲ့အတွက် လုံခြုံရေးအရ ပြောင်းရွှေ့ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“KIO အနေနဲ့ လိုင်စင်တောင်ဘက်ကို ရွှေ့ပြောင်းရတဲ့ အဓိက အကြောင်းကတော့ လုံခြုံရေးပါပဲ၊ အဓိက လုံခြုံရေးက လိုင်ဇင်ဘွမ့်မှာတောင် သူတို့ရဲ့ အမာခံ၊ Headquarter လွန်ခဲ့တဲ့ Ceased Fire မယူခင်အထိ အဲဒီဒေသမှာဆိုရင် သူတို့ရဲ့ ဌာနချုပ်ကို တည်ဆောက်ထားခြင်း ဖြစ်တယ်။ အဲဒါကြောင့် ဒီမှာရှိတဲ့ ပစ္စည်း ပစ္စယ၊ သူတို့ရဲ့ အဓိကပစ္စည်းတွေ အဲဒီဘက်ကို ပြောင်းရွှေ့သွားပုံရတယ်။ စစ်ဖြစ်ဖို့ မဖြစ်ဖို့ကတော့ ခန့်မှန်းဖို့ ခက်ပါတယ်။

“ဒါပေမဲ့ အဓိကတော့ ဒီ နအဖ အနေနဲ့တော့ KIO ကို ကန့်သတ်တဲ့ သဘောမျိုးတော့ တွေ့နေရတယ်။ အထူးသဖြင့် ခရီးသွားလာခွင့်တွေကို ကန့်သတ်လာတယ်။ နောက်တခု ရိက္ခာ အသွားအလာတွေကို ကန့်သတ်လာတယ်။ နောက်တခုက ဒီ တောင်ပေါ် ဒေသမှာရှိတဲ့ ကျေးရွာဘက်မှာ အသွားအလာတွေကို ကန့်သတ်လာတဲ့ သဘောမျိုးကို တွေ့နေရတယ်။ ဒါကြောင့်မို့ အဲဒီဟာတွေရဲ့ နောက်ဆက်တွဲတော့ တင်းမာလာတဲ့ သဘောမျိုးတော့ တွေ့နေရတယ်။”

ဒါပေမဲ့ လိုင်ဇာနဲ့ အနီးတ၀ိုက် ဒေသခံတွေကတော့ အခုလို စစ်တပ်က ပစ္စည်းပြောင်းရွှေ့မှု လုပ်နေတာဟာ အစိုးရနဲ့ တင်းမာမှုတွေ ဖြစ်လာတိုင်း မကြာခဏ လုပ်နေကျ ဖြစ်တဲ့အတွက် အထူးအဆန်းတော့ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

စစ်အစိုးရက စက်တင်ဘာလ ၁ ရက်နေ့က KIO ကို လက်နက်စွန့်ရေး ရာဇသံပေးခဲ့တာကို ငြင်းပယ်ပြီးနောက်ပိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIO အဖွဲ့ဝင်တွေရဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်လိုက်ပြီး ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေပါတယ်။

KIO ဌာနချုပ် အနေနဲ့ အခုလို အရေးကြီးတဲ့ ဌာနချုပ်ရုံးတွေကို ပြောင်းရွှေ့နေတာ သိရပေမဲ့ ဌာနချုပ်တခုလုံး ရွှေ့တယ်၊ မရွှေ့ဘူး ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG