သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဘိုးကျတဲ့ဂယက် ဘယ်သူတွေက အဓိက ခံနေရသလဲ


မြန်မာနိုင်ငံ ဘဏ်တခုတွင် ငွေရေတွက်နေသည့် ဝန်ထမ်းတဦး။ ဧပြီ ၅၊ ၂၀၁၂။
မြန်မာနိုင်ငံ ဘဏ်တခုတွင် ငွေရေတွက်နေသည့် ဝန်ထမ်းတဦး။ ဧပြီ ၅၊ ၂၀၁၂။
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ ဗဟိုဘဏ် တာဝန်ရှိသူတွေဟာ နိုင်ငံခြားငွေ လဲ လှယ်ရေး လုပ်ငန်း လိုင်စင်ရပြီး လုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိက ဘဏ် တာဝန်ရှိ သူတွေ၊ ငွေလဲကောင်တာ တာဝန်ရှိသူတွေ ကို ခေါ်ယူတွေ့ဆုံ မှု ပြုခဲ့ပါတယ်။ အဲဒီ ခေါ်ယူတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဘဏ် တာဝန်ရှိသူ တယောက် ပြော တာကတော့ အထွေအထူး မဟုတ်ပါဘူး၊ ထုံးစံအ တိုင်း ဒေါ် လာဈေးတွေ တက် လာလို့၊ ဈေးမကစားကြဖို့၊ ဗဟိုဘဏ် စည်းမျဉ်းစည်းကမ်းတွေကို လိုက် နာကြ ဖို့ ပြောတာပါ လို့ ဆိုပါတယ်။ သူပြောတာ မှန်ပါတယ်။ မြန်မာနိုင်ငံ မှာ ဒေါ် လာဈေး အမြန်အဆန် တက်သွားတဲ့အခါတိုင်း၊ တနည်း အားဖြင့် မြန်မာ ကျပ်ငွေ တန်ဘိုး ထိုးကျသွားတဲ့အခါတိုင်း ဗဟိုဘဏ်က အဲလိုပဲ လုပ်လေ့ လုပ်ထရှိတာပါ။ အခြား မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်အောင် ထိထိရောက်ရောက် စွမ်းဆောင်ပေးနိုင်ခြင်းတော့ မရှိပါဘူး။ အခုတစ်ကြိမ် အစိုးရသစ် လက်ထက် မှာ မြန်မာကျပ်ငွေတန်ဘိုး ဘာကြောင့် ခုလို မြန်မြန်ဆန်ဆန် ကျဆင်းသွားရတာလဲ၊ ဒီလိုဖြစ်ရပ်မျိုးဟာ တိုင်းပြည် စီးပွားရေးကို ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတာနဲ့ ကုစားဖို့ နည်းနာတွေ မရှိတော့ဘူးလား ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြ သွားပါ့မယ်။

တကယ်တော့ မြန်မာကျပ်ငွေ တန်ဘိုးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်မလာခင်ကတည်းက တစ်ရိပ်ရိပ် ကျဆင်းနေတာပါ။ အစိုးရသစ် စ တာဝန်ယူတဲ့ ဧပြီလ ၁ ရက်နေ့မှာ အမေရိကန် တစ်ဒေါ်လာ ကို မြန်မာကျပ်ငွေ ၁၂၀၀ ဈေးပေါက်ပါတယ်။ နောက်ပိုင်း တက်လိုက်ကျလိုက် နည်းနည်းပါးပါးဖြစ်ပြီး စက်တင်ဘာ လဆန်းနဲ့ လက်ရှိ အောက်တိုဘာ ဒုတိယ အပတ်ထိ အရှိန်အဟုန်နဲ့ မြင့်တက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ ကတော့ အမြင့်ဆုံးအနေနဲ့ တစ်ဒေါ်လာ ၁၂၈၈ ကျပ် ဈေးအ ထိ ဖြစ်ပေါ် ခဲ့ပြီး နောက်ပိုင်း ဈေးနည်းနည်းကျသွားလိုက်တာ အောက်တိုဘာ ၇ ရက်နေ့ မှာတော့ တစ်ဒေါ်လာ ၁၂၇၀ ဈေးပေါက်ပါတယ်။ ဗဟိုဘဏ် ရဲ့ ငွေလဲသတ် မှတ်နှုန်းကတော့ တစ်ဒေါ်လာ ၁၂၆၀ ကျပ်ပါ။ ပြင်ပ ငွေလဲနှုန်းနဲ့ သိပ်အကွာကြီး မဟုတ်တော့ပါဘူး။

အစိုးရသစ် သက်တန်း ၆ လတာ ကာလမှာ ဒေါ်လာဈေး ကျပ် ၇၀ လောက် တက်သွားတာပါ။ မြန်မာကျပ်ငွေနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာဈေး တစ်ခုတည်း တက်တာ မဟုတ်ပဲ၊ အခြား ထိုင်းဘတ်၊ တရုတ်ယွမ်၊ စင်္ကာပူဒေါ်လာ အားလုံး အချိုးအစားအလိုက် လိုက်တက်တာမို့ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ တွက်ကြည့်ရင် ၆လ အတွင်း မြန်မာကျပ်ငွေတန်ဘိုး ၅ဒသမ ၈ ရာခိုင်နှုန်း၊ တစ်နည်း ၆ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာပါ။ ဒီငွေတန်ဘိုး မနည်းပါဘူး။ အဓိပါယ်ကတော့ ဧပြီလ တစ်ရက်နေ့တုန်းက တစ်လ လစာ ကျပ် တစ်သိန်းရသူဟာ အခု အောက်တိုဘာထဲမှာ သူ့လစာ ၉သောင်း ၄ထောင်လောက် ပဲ တန်ဘိုးရှိတော့တဲ့ သဘော သွားသက်ရောက် ပါတယ်။ ပြီးခဲ့တဲ့နှစ် အနိမ့်ဆုံး လုပ်ခ တစ်နေ့ ၃၆၀၀ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင်တော့ ခုအချိန်မှာ ၃၆၀၀ ကျပ် ထက် အများကြီး ဝယ်လိုအား နည်းသွားပါပြီ။

ခုလို မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းတဲ့အခါ ထုံးစံအတိုင်း ကုန်စည်ဈေးနှုန်းနဲ့ ဝန်ဆောင်ခ ဈေးနှုန်းတွေ လိုက်ပြီး တက်လေ့ ရှိပါတယ်။ ကုန်ဈေးနှုန်းတွေ တက်တဲ့ အခါ နိုင်ငံခြားငွေဈေးနှုန်းက ၆ ရာခိုင်နှုန်းလောက် တက်တာ၊ ခင်ဗျားတို့လည်း ၆ ရာခိုင်နှုန်းလောက်ပဲ တက်သင့်တယ်ဆိုပြီး သတ်မှတ်ပေးလို့ မရပါဘူး။ သူ့သဘော သူဆောင်ပြီး ၆ ရာခိုင်နှုန်း မက တက်မယ် ဆိုတာ နားလည်နိုင်ပါတယ်။ ဒီလို မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းလို့၊ ကုန်ဈေးနှုန်းတက်တဲ့ဒါဏ်ကို ပိုပြီး ခံစားရ တာက အောက်ခြေ ဝင်ငွေနည်း ပြည်သူတွေပါ။ သူတို့ ရတဲ့ ဝင်ငွေ တက်မလာပေ မယ့် ကုန်ဈေးနှုန်းက တက်နေတဲ့အတွက် ကောင်းကောင်း ဒုက္ခရောက်ကြရတာ ပါပဲ။

ဒေါ်လာဈေးနှုန်းတွေ မတည်ငြိမ်တော့ နောက်ထပ် ဒုက္ခရောက်ကြသူတွေ ကတော့ နိုင်ငံခြားငွေ အသုံးပြုရသူတွေ၊ နိုင်ငံခြားထွက်ရမယ့်သူတွေပါ။ အခုလို ဒေါ်လာပြင်ပဈေးဟာ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းနဲ့ ကွာခြားနေရင်၊ အတက်ကြမ်းနေရင် ငွေလဲလှယ်ရေး လိုင်စင်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေ လဲကောင်တာတွေမှာ ဒေါ်လာနဲ့ အခြားနိုင်ငံခြားငွေတွေ လွယ်လွယ် ဝယ်လို့ မရတော့ပါဘူး။ လူတစ်ယောက်ကို ဒေါ်လာ ၂၀၀၊ ၃၀၀ စသဖြင့် ကန့် သတ်ပြီး ရောင်းတာ၊ ဒေါ်လာမရှိလို့ ဆိုပြီး အရောင်းကောင်တာ ကို စောစော ပိတ်တာ စတာတွေ လုပ်တတ်လို့ပါပဲ။ ဒီအတွက် ဒေါ်လာ ရောင်းချင် သူ ပြည် သူတွေဟာ ငွေလဲကောင်တာတွေမှာ ဈေးနှိမ်တာ ခံရပြီး ဒေါ်လာ လိုအပ်သူတွေ ကတော့ ပြင်ပ မှောင်ခိုပေါက်ဈေးမှာ သွားဝယ်ရတယ် ဆိုတဲ့ ကမောက်ကမ အခြေ အနေမျိုး အမြဲလိုလို ကြုံကြရပါတယ်။

လတ်တလော မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းသွားရတဲ့ ပြသနာနဲ့ ပတ်သက်ပြီး စီးပွားရေး ပညာရှင်တွေက အမျိုးမျိုးခန့်မှန်းပြောဆိုကြပါတယ်။ ပြောဆိုရာမှာ အဓိက တူညီတဲ့အချက်က အစိုးရ ဘတ်ဂျက် လိုငွေပြတာ များလို့ လို့ ဆိုကြပါ တယ်။ နောက်တစ်ချက်က ပို့ကုန်နဲ့ သွင်းကုန်မှာ သွင်းကုန်များပြီး နိုင်ငံခြားငွေ လိုအပ်ချက်များတာကြောင့်လို့လဲ မှတ်ချက်ပေးကြပါတယ်။ ပိုပြီးဖြစ်နိုင်ချေရှိတာက လွှတ်တော်သစ်ကနေ တောင်သူလယ်သမားတွေ အတွက် စိုက်ပျိုးစားရိတ် ချေးငွေ ပမာဏ အများအပြား ချေးပေးလိုက်တဲ့ ကိစ္စကြောင့်ပါပဲ။ ဒီလို ချေးငွေ ပို ထုတ် ချေးပေးနိုင်ဖို့ လွှတ်တော်တွင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ယောက် လာပြီး တင်ပြရာမှာတော့ ပုံမှန် လှည့်လည်နေတဲ့ ငွေကြေးတွေ ထဲကနေ ချေးပေး ဖို့တော့ ငွေမရှိဘူး၊ ဒါပေမယ့် ငွေတိုက်စာ ချုပ်တွေ ရောင်းချရာ က ငွေတွေဖြစ်စေ၊ ငွေစက္ကူရိုက်ထုတ်ထားပြီး လှည့်လည်ငွေကြေးထဲ မထည့်သွင်းရ တဲ့ ငွေတွေကဖြစ်စေ ချေးပေးနိုင်ကြောင်း၊ အဲလို ချေးပေးလိုက်ရင် ကျပ်ငွေတန်ဘိုး ကျဆင်းမှုတော့ ဖြစ်ပွားနိုင်ကြောင်း ကြိုတင် သတိပေး ပြောဆိုထားပြီး ဖြစ်လို့ပါပဲ။ အခု ငွေတန်ဘိုးကျဆင်းမှု အကြောင်းရင်းထဲမှာ အဲဒီ ကိစ္စလည်း ပါနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံ မှာ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်မားနိုင်ပေမယ့် စီးပွားရေး တိုးတက်မှုကတော့ ၇ ဒသမ ၈ ရာခိုင်နှုန်းလောက် တိုးတက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုလို ငွေတန်ဘိုးဖေါင်းပွတယ် ဆိုတာဟာ စီးပွားရေးဖွံ့ဖြိုးဖို့ တာစူနေ တဲ့ နိုင်ငံတွေ အတွက် ဖြစ်တတ်တဲ့ သဘာ၀ လို့ ဆိုပေမယ့် မြန်မာနိုင်ငံလို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ် ကူးပြောင်းတဲ့ နိုင်ငံမျိုးအတွက်ကတော့ အထူးသတိထား ဖြေရှင်းပေးရမယ့် ပြသနာ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

အစိုးရသစ် တက်လာတဲ့အခါ ပြည်သူတွေ အထူးသဖြင့် အောက်ခြေက ဆင်းရဲသားပြည်သူတွေက မျှော်လင့်ချက် ကြီးကြီးမားမား ထားကြပါတယ်။ ဒါပေမယ့် ဒီကနေ့အချိန်ထိ အစိုးရသစ်ဟာ အလုပ်အကိုင် အခွင့်အလမ်း များများစားစား ဖော်ထုတ်ပေးတာ၊ အောက်ခြေ ပြည်သူတွေ အကျိုးခံစားနိုင်မယ့် စီးပွားရေး ပေါ်လစီ မချမှတ်နိုင်သေးတာ စတဲ့ ပြသနာတွေ ရှိနေတဲ့ကြား ထဲ ငွေဖေါင်းပွမှုလို၊ ကျပ်ငွေတန်ဘိုးကျဆင်း တဲ့ ပြသနာ ပါ ပေါ်ထွက်လာလေတော့ ဆင်းရဲသားပြည်သူတွေ အတွက် မြွေပူရာကင်းမှောက် ကိန်းဆိုက်မယ့် အခြေအနေ ရောက်စေပါတယ်။ လက်ရှိ အစိုးရဘတ်ဂျက် လိုငွေပမာဏ ကြီးမားနေတဲ့အောက်မှာ၊ နိုင်ငံခြား အရံငွေကြေး ရံပုံငွေနည်းနေတဲ့အောက်မှာ ဗဟိုဘဏ်ဟာ မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်အောင် မထိန်းနိုင်ပါဘူး။ ဒီအတွက် ကျပ်ငွေတန်ဘိုးကျဆင်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း လို ပြသနာမျိုး၊ အောက်ခြေ ပြည်သူလူထုအပေါ် ရိုက်ခတ်မှုနည်းသထက် နည်းအောင်၊ တစ်နည်း တိုင်းပြည် တည်ငြိမ်အောင် အစိုးရအနေနဲ့ အထူးအလေးထား အကောင်အထည် ဖော်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG