သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအခွင့်အရေးအဆိုးဆုံးနိုင်ငံစာရင်းမြန်မာပါဝင်လာ


(zawgyi/unicode)

အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။
ITUC က မကြာသေးခင်ကထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်း အစီရင်ခံစာထဲမှာ မြန်မာနဲ့ ဘဲလာရုရှ်နိုင်ငံတို့ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းသတ်မှတ်လိုက်တာပါ။ အဆိုးဆုံး ၁၀ နိုင်ငံထဲမှာပါတဲ့ ကျန်နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တူရကီ၊ ဘရာဇီးလ်၊ ကိုလုံဘီယာ၊ အီဂျစ်၊ ဟွန်ဒူးရပ်စ်နဲ့ ဇင်ဘာဘွေတို့ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အတွက် အခွင့်အရေးဆိုင်ရာ အာမခံချက်မရှိတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့် ငြင်းပယ်ခံရ ဒါမှမဟုတ် ထိန်းချုပ်ခံရတာ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ ဖမ်းဆီးခံရတာ စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတယ်လို့ ITUC ကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြသူတွေကို အပြင်းအထန် အကြမ်းဖက် ဖြိုခွဲပြီးတော့ ဥပဒေမဲ့ ဖမ်းဆီးတာတွေကိုလည်း ITUC က ထောက်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းခဲ့တဲ့ ဆိုင်ဘာဥပဒေအရ လူထုတရပ်လုံးဟာ စောင့်ကြည့်ခံနေရတဲ့ အခြေအနေအောက်ကို ရောက်သွားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လုံးဝပယ်ဖျက်ပစ်လိုက်တယ်လို့ ITUC အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဘယ်လောက်ထိ လေးစားလိုက်နာသလဲဆိုတာ နိုင်ငံပေါင်း ၁၄၉ နိုင်ငံကို စစ်တမ်းကောက်ယူပြီးတော့ အညွှန်းကိန်းထုတ်ထားတာဖြစ်ပြီး ဆိုးရွားမှုအဆင့် ၁ ကနေ အပေါင်း ၅ အထိ သတ်မှတ်တာမှာ မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် အပေါင်း ၅ အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ITUC ဟာ သက်ဆိုင်ရာ နိုင်ငံတခုချင်းစီက အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ထားတဲ့ သမဂ္ဂအဖွဲ့ချုပ်တခုဖြစ်ပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံက အလုပ်သမားအရေအတွက် သန်း ၂၀၀ ကို ကိုယ်စားပြုတယ်လို့ ITUC ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


+++


XS
SM
MD
LG