သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Edinburgh Freedom ဆု ဒေါ်အောင်ဆန်းစုကြည်ထံက ပြန်ရုပ်သိမ်းဖွယ်ရှိ


Royal College of Surgeons of Edinburgh ကချီးမြှင့်တဲ့ ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့စဉ် ( February 10, 2015)
Royal College of Surgeons of Edinburgh ကချီးမြှင့်တဲ့ ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့စဉ် ( February 10, 2015)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Edinburgh ဆုကို ချက်ချင်း ပြန်ရုပ်သိမ်းဖို့ စကော့တလန်၊ Edinburgh မြို့တော်ကောင်စီမှာ ဒီကနေ့ ကြာသာပတေးနေ့မှာ တရားဝင်ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

ကျင့်ဝတ္တရား၊ သတ္တိနဲ့ လူ့အခွင့်အရေးမှာ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကိုကန့်ကွက်ပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မြို့တော်ကောင်စီက ဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက် တင်ပြမှာပါ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် ၂၀၀၅ခုနှစ်က ချီးမြှင့်ခြင်းခံခဲ့ရတဲ့ Freedom of Edinburgh ဆုကို အခု NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်မှာ ပြန်ရုပ်သိမ်းဖို့ ဖြစ်လာခဲ့တာပါ။

ဒီဆုကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက် လွန်ခဲ့တဲ့နှစ်ကစပြီး နိုင်ငံတကာ အထင်ကရ ဆုတွေရုပ်သိမ်းခံရတဲ့ ၇ ခုမြောက် ဖြစ်လာမှာပါ။ ဗြိတိန် နိုင်ငံ Oxford မြို့ရဲ့ ဂုဏ်ထူးဆောင် Freedom of Oxford ဆု အပါအဝင် Glasgow နဲ့ Newcastle မြို့တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု တွေကို အသီးသီး ပြန်ရုပ်သိမ်းပြီးနောက်မှာ Edinburgh မြို့ကလည်း ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေ လုံလုံခြုံခြုံ ပြန်နိုင်ရေး ခွင့်ပြုဖို့ Edinburgh မြို့တော်ကောင်စီဥက္ကဌ Frank Ross ကနေ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စီကို စာရေးသားပေးပို့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း လုံးလုံးမရှိခဲ့တဲ့နောက်မှာ ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ဥက္ကဌ Frank Ross က ဆု ပြန်ရုပ်သိမ်းမယ့် သူ့ အဆိုကို မြို့တော်ကောင်စီ အစည်းအဝေးမှာ တင်သွင်း ဆုံးဖြတ်မှာပါ။

လွန်ခဲ့တဲ့ ၁၃ နှစ် ဆုချီးမြှင့်ချိန် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှူး Mark Farmaner ကလည်း ဆုကိုရုပ်သိမ်းဖို့ ဖြစ်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ထားတဲ့ တခြားဆုတွေကို ပြန်လည် ရုပ်သိမ်းနေချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က ဒီလို လုပ်ဆောင်ဖို့ စတင်ခဲ့တာပါ။ Edinburgh က အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန် ပြစ်တင်မှုတွေနဲ့ပတ်သက်လို့ ဖြေရှင်း တုန့်ပြန်ဖို့ သူ့ကို အခွင့်အလန်း ပေးခဲ့တာပါ။ အဲဒီနောက်မှာ အခုလို ဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ထံက ပြန်စာ မရရှိခဲ့တဲ့အတွက် ကောင်စီက ချီးမြင့်ခဲ့တဲ့ ဒီဆုကို ပြန်ရုပ်သိမ်းဖို့ ဆက်လက် လုပ်ဆောင်ခဲ့တာပါ။”

Edinburgh မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုဟာ သိပ်အရေးပါပြီး မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်စစ်အစိုးရကို ဖိအားပေးဖို့ နိုင်ငံတကာရဲ့ပံ့ပိုးမှု အစိတ်အပိုင်း ဖြစ်ခဲ့တယ်လို့ Mark Farmaner က ပြောပါတယ်။

“ Edinburgh ဟာ ယူကေမှာ ထင်ရှားတဲ့ မြို့ကြီးဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ထင်ပေါ် ကြော်ကြားပါတယ်။ ဒါကြောင့် Edinburgh မြို့တော်ရဲ့ လွတ်မြောက်မှုဆုကို ချီးမြင့်ခံရတာ သိပ်ကို ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဒီဆုကို ချီးမြင့်ရခြင်း အကြောင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထောက်ခံအားပေးဖို့ ဖြစ်ပါတယ်။ Edinburgh မြို့တော်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိဘူးဆိုတာကို လက်ခံ သဘောပေါက်ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာဘဲ သူ့မှာ လူ့ကျင့်ဝတ် သိက္ခာပိုင်းအရ လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်၊ ထုတ်ဖော် ပြောကြားနိုင်ပါတယ်၊ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအပေါ် ပြောနိုင် ဆိုနိုင်စွမ်း ရှိတယ်ဆိုတာကိုလည်း Edinburgh မြို့တော်ကောင်စီက ခံယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန် ချိုးဖောက်မှုတွေအကြောင်းကို သူက မေးခွန်းထုတ်မယ်၊ မှားတယ်လို့ ဝေဖန် ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် သူ့အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆိုခဲ့တယ်၊ ရိုဟင်ဂျာတွေဟာ မြန်မာပြည်က မဟုတ်ဘူးလို့ ပြောခဲ့တဲ့အတွက် သူကိုယ်တိုင်က ဒီပြဿနာရဲ့ တစိတ်တပိုင်း ဖြစ်နေပါတယ်။”

၂၀၀၅ခုနှစ် ဆုပေးပွဲချီးမြှင့်တဲ့ အခမ်းအနားမှာ မြို့တော်ကောင်စီဥက္ကဌကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နယ်လ်ဆင်မန်ဒဲလားနဲ့ နှိုင်းယှဉ်ပြီး ဖိနှိပ်မှုကို ရင်ဆိုင်ရာမှာ ငြိမ်းချမ်းစွာ ခုခံတော်လှန်မှုရဲ့ သင်္ကေတအဖြစ် ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အခုလို ဂုဏ်ပြုဆုတွေ ပြန်ရုပ်သိမ်းခဲ့ရတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ တုန့်ပြန်မှုကို နိုင်ငံတကာ စောင့်ကြည့်နေကြောင်း Mark Farmaner က အခုလိုပြောပါတယ်။

“အခုလို ချီးမြင့်ထားတဲ့ ဆုတွေပြန်ရုပ်သိမ်းခံရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားတယ်ဆိုတာကို ကျနော်တို့ မသိပါဘူး။ သူ့အနေနဲ့ ဘယ်လိုမှ မခံစားရဘူးလို့ဆိုရင်တော့ အံ့အားသင့်စရာပါဘဲ။ အကြောင်းကတော့ ဒီဆုတွေဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ ဆုတွေ ဖြစ်လို့ပါ။ ဒါကြောင့် ဆုတွေကို ပြန်ရုပ်သိမ်းခံရတဲ့အပေါ် ကျနော်တို့ မသိပေမယ့် သူ့ပေါ်လစီ ချမှတ်မှုတွေ အပေါ်မှာတော့ ဘယ်လိုမှ သက်ရောက်မှု မရှိတာကို တွေ့ရပါတယ်။ နိုင်ငံတကာ စိုးရိမ်မှုတွေနဲ့ ဖိအားပေးမှုတွေအပေါ် သူ့ရဲ့ တုန့်ပြန်မှုတွေကို ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဦးဆောင်တဲ့ နအဖ စစ်အစိုးရလက်ထက်မှာတောင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံ လာခွင့်ပြုတာ စတဲ့လုပ်ရပ်တချို့ ကို တခါတလေမှာ လုပ်ပြခဲ့တာမျိုး တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် Freedom of Edinburgh ဆု ချီးမြှင့်ထားတာကို ပြန်ရုပ်သိမ်းခဲ့မယ်ဆိုရင် Edinburgh မြို့တော်ရဲ့ နှစ်ပေါင်း ၂၀၀ အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်လာလိမ့်မယ်လို့ မြို့တော်ကောင်စီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲဖို့ ငြင်းဆန်ထားသလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံမှာ ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူများ လို့ပဲ သုံးနှုန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေအကြမ်းဖက်ဖိနှပ်ခဲ့မှုကို အချိန်မှီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက် ပြောဆိုထောက်ပြခြင်း မရှိတာ စတာတွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ ထင်ရှားတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆု တချို့ ပြန်ရုပ်သိမ်းခံရတဲ့အထဲ မတ်လက အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ၂၀၁၂ခုနှစ် က ပေးအပ်ခဲ့တဲ့ Elie Weisel ဆုလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG