သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ ခမ်းပတ်စခန်းသိမ်းတိုက်ပွဲပုံ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ ခမ်းပတ်စခန်းသိမ်းတိုက်ပွဲပုံ

စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက ခမ်းပတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ကလေးမြို့ဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲပါ။ ကလေး - တမူး အာရှလမ်းမပေါ်က ခမ်းပတ်မြို့ အခြေအနေတွေကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ အိန္ဒိယနယ်စပ် တမူးမြို့ကြားက ခမ်းပတ်မြို့နဲ့ ဝိတုတ် ကျေးရွာက စစ်တပ် တပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ ခမ်းပတ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက VOA ကို ပြောပါတယ်။

“၃ ရက်နေ့စတာပေါ့ ဝိတုတ် (ရွာ) နဲ့ ခမ်းပတ်ကို တိုက်တာပေါ့ ဝိတုတ်ကို ၃ ရက်နေ့မှာ တိုက်ပြိး ၅ ရက်နေ့မှာ ရတယ်ပေါ့နော်။ ခမ်းပတ်ကိုက ဒီနေ့ ၇ ရက်နေ့မှ ရတယ်။ ခမ်းပတ်မြို့တခုလုံးမှာ စစ်တပ်လည်းမရှိတော့ဘူး စစ်သားလည်း မရှိတော့ဘူး။ ဒေသခံတွေတော့ နေရပ် အမြန်ပြန်ရမှာပါ။ ဒေသခံတွေကို ဘေးလွတ်ရာနေရာတော့ သေချာလေးရွှေ့ထားပေးတယ်။ တိုက်နယ် ပကဖတွေ မြို့နယ် ပကဖ တွေ စစ်ဘေးရှောင်ကိစ္စတွေ လုပ်နေပါတယ်။”

နိုဝင်ဘာ ၃ ရက်ကစလို့ စစ်တပ် တပ်စွဲထားတဲ့ ခမ်းပတ်မြို့ စစ်တပ် စခန်းကုန်းနဲ့ ဝိတုန်ကျေးရွာက စစ်တပ် တပ်စွဲထားတဲ့ နေရာတို့ကို ပူးပေါင်းတပ်ဖွဲ့တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာတော့ ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ ခမ်းပတ်စခန်းသိမ်းတိုက်ပွဲပုံ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ ခမ်းပတ်စခန်းသိမ်းတိုက်ပွဲပုံ

တိုက်ပွဲပြင်းထန်ခဲ့တဲ့ နိုင်ဝင်ဘာ ၃ ရက်ကနေ ၅ ရက်အတွင်း စစ်တပ်ဟာ လေကြောင်းကနေ ခမ်းပတ်မြို့ကို ၁၀ ကြိမ် ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် နေအိမ် ၂၀ ထက်မနည်းလည်း မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။ အရင်က တိုက်ပွဲတွေ ဖြစ်ပွါးရင် ကလေးမြို့ဘက်ကို စစ်ရှောင်လေ့ရှိတဲ့ ဒေသခံတွေဟာ အခု ကလေးမြို့ဘက်မှာ လည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခမ်းပတ်မြို့ နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ စစ်ဘေးရှောင် ဒေသခံတဦးက ပြောပါတယ်။

“ဟိုဘက်လည်း ထွက်မရဘူး လမ်းပိတ်သွားတာ ဆိုတော့ ကလေးမြို့ဘက်လည်း ရှောင်လို့ မရတော့ဘူး။ အဲ့လိုဖြစ်နေတာ ရာဇဂြိုလ်ဘက်မှာလည်း စစ်ဖြစ်နေတယ်ဆိုပြီးတော့မှ စားရေးသောက်ရေး ကတော့ ရှောင်တဲ့အိမ်က ကျွေးတဲ့ဟာပဲ စားရတော့တာ။ ကျွန်တော်တို့ ဘာမှလည်း မပါတော့ဘူး။ ကျွန်တော်တို့ ချက်ခြင်း ပြေးရတော့တာပဲ။ မယူဖြစ်တော့ဘူး ကိုယ်ပေါ်က အဝတ်အထည်နဲ့ အိပ်ယာလိပ်တွေ ဘာတွေလည်း ရှာချိန်မရှိတော့ဘူး။ ဒီလိုပဲ သွားကြတော့တာ။”

အရင်လက ခမ်းပတ်မြို့မှာ တိုက်ပွဲဖြစ်ချိန်မှာ ကလေးမြို့နဲ့ အိန္ဒိယဘက်ကို တိမ်းရှောင်ကြပေမယ့် အခုအခါမှာတော့ ကလေးမြို့ဘက် မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး အိန္ဒိယဘက်ကလည်း အဖမ်းအဆီးတွေ ရှိတဲ့အတွက် နီးစပ်ရာကျေးရွာတွေမှာပဲ တိမ်းရှောင်နေရ တယ်လို့လည်း ပြောပါတယ်။

ခမ်းပတ်မြို့ဟာ ကလေး - တမူး အာရှလမ်းမ ပေါ်မှာရှိတဲ့ မြို့တမြို့ဖြစ်ပြီး မြန်မာ- အိန္ဒိယ ကုန်စည် စီးဆင်းမှုရဲ့ အဓိက လမ်းမပေါ်မှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ အခု ဒေသခံ ကာကွယ်ရေး တပ်တွေ တိုက်ခိုက်ခဲ့တဲ့ စစ်တပ် စခန်းကုန်း ဟာ ခမ်းပတ်မြို့က နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး ထိန်းသိမ်းတဲ့ စခန်းကုန်းတခုလည်းဖြစ်ပါတယ်။

ခမ်းပတ်မြို့ စစ်တပ် စခန်းကုန်းကို ဇူလိုင် လအလည်ပိုင်းကလည်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ အခုနိုဝင်ဘာလ ဒုတိယအကြိမ် တိုက်ခိုက်ချိန်မှာ တော့ မြို့ကို ထိန်းချုပ် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG