သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအားကစား သမားတွေ အိုလံပစ် အတွေ့အကြုံကောင်းရ


အိုလံပစ်ဖွင့်ပွဲ မြန်မာအဖွဲ့ကိုယ်စားပြု အလံတော်ကို သယ်ဆောင်လာစဉ်။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၂။)
အိုလံပစ်ဖွင့်ပွဲ မြန်မာအဖွဲ့ကိုယ်စားပြု အလံတော်ကို သယ်ဆောင်လာစဉ်။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၂။)
မြန်မာ့ အားကစားသမားတွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ ပံ့ပိုးမှုတွေ ဒီ့ထက် လိုအပ်တယ် လို့ မြန်မာ Olympic အသင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်ဒေါင်က ပြောပါတယ်။ လန်ဒန် Olympic ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေကြတဲ့ မြန်မာ Olympic အသင်းရဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Game ပြင်ဆင်မှု အခြေအနေတွေကို VOA က မေးမြန်းရာမှာ ဦးနော်ဒေါင်က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် Olympic အားကစားပြိုင်ပွဲမှာ မြန်မာ နိုင်ငံ Olympic အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ပြေးခုန်ပစ်၊ ဂျူဒို၊ သေနတ်ပစ်၊ မြားပစ်၊ အနောက်တိုင်း လှေလှော်စတဲ့ အားကစားနည်းတွေအတွက် မြန်မာ Olympic အားကစားသမားတွေ ဝင်ပြိုင်ကြတာမှာ သေနတ်ပစ်နဲ့ မြားပစ် ပြိုင်ပွဲတွေမှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ကမ္ဘာတဝန်းက ထိပ်တန်း အားကစားသမား တွေနဲ့ ယှဉ်ပြိုင်ရတာဖြစ်လို့ ရှုံးရတာဖြစ်ပေမယ့် နောင်အတွက် အကျိုး အမြတ်တွေ ရခဲ့ပါတယ်လို့ မြန်မာ အသင်း ခေါင်းဆောင် တယောက်ဖြစ်တဲ့ အားကစားနဲ့ ကာယ ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးနော်ဒေါင်က VOA မြန်မာပိုင်းကို ပြောပါတယ်

“ဒါက ကမ္ဘာ့အိုလံပစ်လည်းပဲ ဖြစ်တော့ ရှုံးမှာပဲလေ။ လာမယ့် ပြိုင်ပွဲအတွက်ကတော့ ကျနော်တို့ အတွက် အများကြီး အတွေ့အကြုံကောင်းတွေ၊ တခြားနိုင်ငံရဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ကြုံရတဲ့ အတွက် သူတို့မှာ နောင်လာမယ့်ပွဲကျရင် ရွှေတံဆိပ်ရဖို့ မျှော်လင့်ချက်တွေ အများကြီး ရရှိခဲ့ပါတယ်။ အားတက်မိပါတယ်။ ရှုံးတယ်ဆိုတော့- ဒါက ယှဉ်လို့ မရဘူးလေ။ အာရှမှာတောင် တော်တော် ယှဉ်ရတာကိုး-နော်။”

ဟုတ်ကဲ့ပါ။ အဲဒီတော့ မြန်မာနိုင်ငံက အားကစားသမားတွေပေါ့လေ- နိုင်ငံတကာမှာ အောင်ပွဲတွေ ဒီထက် ရလာဖို့အတွက်ကော ဘယ်လို ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်လို့ ပြောနိုင်ပါလဲရှင့်။

“အားကစားဆိုတာကတော့ ကျနော်တို့ The men, money, material and moral ပေါ့လေ။ medical or the medicine ဒီအပေါ်မူတည်ပြီး အဓိက အားကစားသမားတွေ အပိုင်းကတော့ သူ့ရဲ့ အားကစား နည်း အမျိုးအစား အလိုက် ယှဉ်ပြိုင်ရမယ့် body structure in the sickness ပေါ့လေ။ ဒါကို တည်ဆောက်ရပါမယ်။ ဒီဟာ တည်ဆောက်ပြီးမှသာလျှင် သူ့ရဲ့ လိုအပ်တဲ့ skills တို့၊ technique တို့ ဒါ သွားရမယ်။ နောက်တခုကလည်း အုပ်ချုပ် စီမံ ခန့်ခွဲမှု အပိုင်းတွေနဲ့လည်း ဝန်ကြီးဌာန၊ သူ့ရဲ့ အားကစား သမားတယောက် နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲအဆင့်မီမယ့် ပြိုင်ပွဲ အသုံးအဆောင် ပစ္စည်းတွေ၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ဒါတွေကို ကျနော်တို့က ကိုက်ညီအောင် လိုအပ် မှာ ဖြစ်ပါတယ်။ ဒါတွေလည်း အတွေ့အကြုံကောင်းတွေ အဖြစ် ကျနော်တို့ ရရှိထားပြီး ဖြစ်ပါတယ်။”

ပြောချင်တာက မြန်မာနိုင်ငံက အားကစားသမားတွေ အတွက်ပေါ့လေ။ ပံ့ပိုး ထောက်ပံ့မှုတွေကို ဒိထက်ပိုပြီး တော့ ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တဲ့ သဘောပါလား။

“လိုအပ်ပါတယ်။ ပိုပြီးတော့ ကမ္ဘာမှာဆိုတော့ တပိုင်းပေါ့လေ။ အာဆီယံမှာတော့ ကျနော်တို့ လာမယ့် တနှစ်ခွဲ လောက်ပဲ လိုတော့တာပေါ့။ ကစားသမားတွေအတွက်တော့ ဒါက သူ ယုံကြည်မှု အပိုင်း၊ အထူးသဖြင့် စိတ်ပိုင်း ဆိုင်ရာပေါ့- စိတ်တည်ငြိမ်မှုလေးတွေ၊ စိတ်လှုပ်ရှားမှုလေးတွေ ဒီအပိုင်းလည်း အများကြီး တွေ့ကြုံရပါတယ်။”

မြန်မာနိုင်ငံဟာ ရှေ့နှစ် ၂၀၁၃ ခုနှစ်မှာ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ SEA Game တွေကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီတော့ အခု လန်ဒန် Olympic အားကစားပြိုင်ပွဲတွေ ကနေ ဘယ်လို အတွေ့အကြုံတွေယူပြီး ပြင်ဆင်နိုင်ပါသလဲဆိုတာကိုလဲ ဦးနော်ဒေါင်ကို မေးပါတယ်။

“သူများ World level ရောက်အောင် အားကစားသမားတွေက ဘယ်လို အသုံးအဆောင် ပစ္စည်းတွေ ကိုင် တယ်၊ ဘယ်လို စိတ်နေသဘောထားတွေပေါ့လေ- လိုအပ်တယ်၊ ဘယ်လို training တွေ ယူရမယ်၊ ဘယ်လို နိုင်ငံကနည်းပြတွေ ပင့်ဖိတ်ပြီးတော့ တခြားနိုင်ငံတွေက လေ့ကျင့်နေတယ်၊ ဒါတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒါလေးတွေ အသုံးချသွားမယ်၊ ဓနနဲ့ပေါင်းစည်းမယ် ဆိုလို့ရှိ ရင် အောင်မြင်မှုက အိမ်ရှင်ရဲ့ အားသာချက် အခွင့်အရေး ဆိုတာ ရှိပါတယ်။ ဒါနဲ့ ပေါင်းစပ်သွားရင် အခြေအနေ လက်ဝယ် ဖန်တီးခွင့်ကောင်းကောင်း ရမှာ ဖြစ်ပါတယ်။”

အား/ကာ ဒုညွှန်ချုပ် ဦးနော်ဒေါင်ဟာ 2008 ဘေဂျင်း Olympic အခု ၂၀၁၂ လန်ဒန် Olympic အားကစား ပြိုင်ပွဲတွေကို မြန်မာ Olympic အသင်းအနေနဲ့ ကိုယ်စားပြုရသူဖြစ်ပါတယ်။ ဒီလို နိုင်ငံစုံ အားကစားပြိုင်ပွဲကြီး တွေရဲ့ ပြင်ဆင်မှုကိုရော သူ့အနေနဲ့ ဘယ်လို မြင်ပါသလဲ။

“သွားခဲ့တဲ့ အတွေ့အကြုံအရဆိုရင် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သွားရေး၊ လာရေးပေါ့၊ လုံခြုံရေးက အစ အားလုံး အတူတူနီးပါး ဖြစ်ပါတယ်။ သို့သော်လည်းပဲ ပင်မအားကစားရုံကြီး တည်ဆောက်တာကတော့ ကျနော့်အထင်ပေါ့လေ- တရုတ်က Bird’s Nest ကတော့ အတွင်းပိုင်း မှာ ပိုပြီးတော့ တော်တော်လေး ကောင်းတယ်ခင်ဗျ။ နည်းနည်းထူူးခြားတာက အားကစားရုံက လန်ဒန်က ဘာထူးခြားသွားလဲ ဆိုတော့ ကိုယ့်နိုင်ငံမှာလာ ကြည့်ရှုတဲ့ ပရိသတ်တွေ၊ အားကစား သမားတွေ၊ လာရောက် ကြည့်ရှုတဲ့သူတွေ၊ နည်းပြတွေ တနေရာတည်း စုစုစည်း စည်းဖြစ် အောင် ပေါ့လေ။ Extra Gym အားကစားနည်း ၇ နည်း ကစားနိုင်တယ်ခင်ဗျ။ ပြန့်ကျဲ မနေဘူး။ compact ဖြစ်တယ်။

ဥပမာ အဲဒီမှာပဲ အလေးမ၊ ဂျူဒို၊ ဘောက်ဆင်၊ table tennis၊ တိုက်ကွမ်ဒို၊ စသဖြင့်ပေါ့လေ။ တပြိုင်တည်း ကျင်းပနိုင်တယ်။ တော်တော်လေးကောင်းတယ်၊ အဲဒီ အဆောက်အဦးက။”

London Olympic ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာ Olympic အသင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးနော်ဒေါင်ဖြစ်ပါတယ်။ အားကစား သမား ၆ ယောက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ထဲမှာ ၇၈ ကီလိုဂရမ်အောက် ဂျူဒိုပွဲ အတွက် မအေးအေးအောင်၊ ပြေးခုန်ပစ် မီတာ ၄၀၀ ပြိုင်ပွဲအတွက် ကိုသက်ဇော်ဝင်း၊ မာရသွန်အပြေးပွဲအတွက် မနီလာစန်းတို့ ပြိုင်ပွဲဝင်ကြဖို့ကျန်ပါသေးတယ်။ ကမ္ဘာ့ Olympic ပြိုင်ပွဲအဆင့် ဖြစ်တဲ့အတွက် သူတို့အနေနဲ့ တော်တော်လေး ရုန်းကန် ကြိုးစားကြရ မှာဖြစ်တယ်လို့ ဦးနော်ဒေါင်က ပြောပါတယ်ရှင်။
XS
SM
MD
LG