အာဆီယံဆူဇူကီးဖလားဘောလုံးပွဲရဲ့ အုပ်စုအဆုံးအဖြတ်ပွဲစဉ်အဖြစ်နဲ့ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ မလေးရှားနိုင်ငံမှာ ဒီကနေ့ ကစားကြမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ မလေးရှားနဲ့ပွဲမှာ အနည်းဆုံးသရေ ကစားနိုင်ရင် အကြိုဗိုလ်လုပွဲကို တက်ရောက်မှာဖြစ်ပြီး အလားအလာကောင်းတယ်လို့ ဘောလုံးအကဲခတ် တွေက သုံးသပ်ကြပါတယ်။ မြန်မာနဲ့ မလေးရှားပွဲနဲ့ ပတ်သက်ပြီး ပွဲကြိုသုံးသပ်ချက်တွေကိုတော့ ကိုရန်နိုင် တင်ပြပေးထားပါတယ်။
၂၀၁၈ အာဆီယံဆူဇူကီးဖလားဘောလုံးပွဲမှာတော့ မြန်မာအသင်းဟာ ဒီကနေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ မလေးရှားအသင်းနဲ့ မလေးရှားနိုင်ငံက ကွာလာလမ်ပူမြို့မှာ ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းဘက်က ဒီပွဲမှာ ကစားသမား ၂၃ ယောက် စလုံး ပြန်ပါလာမှာ ဖြစ်သလို မလေးရှားနဲ့ ပွဲအတွက်လည်း အဆင်သင့် ဖြစ်နေပြီလို့ တယ်လို့ မြန်မာနည်းပြချုပ် Antoine Hey က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဒီပွဲအနေအထားနဲ့ ပတ်သက်ပြီး အားကစားကလောင်ရှင်ကိုဇော်မျိုးသန့်ကတော့ အခုလို သုံးသပ်ပါတယ်။
“မလေးရှားကတော့ မဖြစ်မနေ အနိုင်ကြံရမယ်ပေါ့ဗျာ၊ ဆရာပြောသလိုပဲ။ မြန်မာကတော့ သရေကျရင် တိုင်တက်မယ်ဆိုတော့ မြန်မာအနေနဲ့ကတော့ ဗီယက်နမ်နဲ့ပွဲတုံးကလိုပဲ ထိန်းပြီးကစားလို့ရှိရင်တော့ ဒါ အခြေအနေ ကောင်းနိုင်တယ်ပေါ့။ သို့သော် အဲလိုမဟုတ်ဘဲနဲ့ သူတင်ကိုယ်တင် မလေးရှားကို ဂိုးရအောင်သွင်းမယ်။ သွင်းပြီးတော့မှ အနိုင်သွားကြံမယ်ဆိုလို့ရှိရင်တော့ သိပ်မလွယ်ဘူးလို့ပဲ သုံးသပ်ရမှာပေါ့။ အခုချိန်တော့ မလေးရှားကတော့ ကစားကွက်ကော၊ ကစားပုံကတော့ မြန်မာထက်သာတယ်။ ဒါပေမယ့် သူတို့က ဘာအားနည်းချက်ရှိလဲဆိုတော့ အဆုံးသတ်ကျတော့ နည်းနည်းလေး မသေချာဘူးပေါ့။ မလေးရှားက ဘောလုံး---မှုတွေ၊ လျှင်မြန်မှုတွေ၊ အပေးအယူတွေကတော့ မလေးရှားက ကျနော်တို့အသင်းထက်သာတယ်။ ရှင်းရှင်းပြောရရင် နောက်တန်းပိုင်းက နည်းနည်းလေး ပိုပြီးအာရုံစိုက်ရမယ့် သဘောမှာ ရှိတာပေါ့ဗျာ။ အနောက်တန်းပိုင်း အာရုံစိုက်လို့ ဂိုးမပေးရဘူးဆိုလို့ရှိရင်တော့ ကျနော်တို့အသင်းက အခြေအနေ ကောင်းသွားနိုင်တယ်ပေါ့။”
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားတုန်းက မြန်မာက မလေးရှားကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနှစ် မြန်မာဘောလုံးအသင်း ကတော့ ပြီးခဲ့တဲ့ မေလကစပြီး နည်းပြသစ် Antoine Hey ကိုခန့်အပ်ခဲ့တာပါ။ အားကစားကလောင်ရှင် ဦးမြတ်သက်ကတော့ မြန်မာအသင်းဟာ လက်ရှိနည်းပြသစ်လက်ထက်မှာ တိုးတက်မှု တွေ ရှိလာတယ်လို့ ပြောပါတယ်။
“နည်းပြသစ်လက်ထက်မှာတော့ တကယ့်ကို တိုးတက်လာပါတယ်။ တွဲလုံးတွေနဲ့ကစားတာ နောက် ကွက်လပ်တွေပေါ်လာအောင် မွှေနှောက်ကစားတာ။ တော်တော်ကို တော်တော်ကို ကောင်းပါတယ်။ ဒီအတိုင်း ရှိဖူးသမျှတွေထဲမှာတော့ တော်တော်လေး တိုးတက်လာတယ်။ အရင်တုန်းကဆို ဒုတိယပိုင်းဆို ကစားအားကျတယ်ဗျ။ အရမ်းသိသာတယ်။ ဒုတိယပိုင်း ဆယ့်ငါးမိနစ်နောက်ပိုင်းဆို ကျတယ်။ အခု ကျနော်တို့ အသင်းဟာ ဒုတိယပိုင်းမှာမှ သူက ပိုကောင်းတဲ့အနေအထားမျိုးရှိတယ်။ နောက်တခုက သူက နှစ်ဂိုးနိုင်ပြီလည်း တောက်လျှောက် တိုက်စစ်ဆင်နိုင်တာပဲ။”
မြန်မာအသင်းဟာ အုပ်စု ပထမပွဲမှာ ကမ္ဘောဒီးယားကို ၄ ဂိုး ၁ ဂိုး ၊ဒုတိယပွဲမှာ လာအိုကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး ဗီယက်နမ် တတိယပွဲမှာ ဂိုးမရှိသရေ ကျထားပါတယ်။ ဒါကြောင့် အုပ်စု ၃ ပွဲကစားပြီးချိန်မှာတော့ မြန်မာ နဲ့ ဗီယက်နမ်က ၂ ပွဲ နိုင် ၁ ပွဲ သရေ နဲ့ ၇ မှတ်ရထားပြီး၊ မလေးရှားအသင်းကတော့ ၂ ပွဲ နိုင် ၁ ပွဲ ရှုံးနဲ့ ၆ မှတ် ရထားပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အကြိုဗိုလ်လုပွဲတက်ဖို့ အတွက် အနည်းဆုံး သရေကျဖို့လိုအပ်နေပြီး မလေးရှာကတော့ အနိုင်ရဖို့လိုအပ်နေပါတယ်။ ဆိုတော့ ဒီပွဲအပေါ်မှာ အားကစားကလောင်ရှင်ကိုဇော်မျိုးသန့်က ဘယ်လိုသုံးသပ်ပါသလဲ။
“ခက်ခက်ခဲခဲတော့ ကြိုးပမ်းရမှာပေါ့နော်။ ဗီယက်နမ်နဲ့ပွဲတုန်းကထက် ပိုပြီးတော့ကို သက်ဆိုင်တဲ့ ကစားသမားအားလုံးပေါ့ အားလုံး ကွင်းထဲမှာ မိနစ်ကိုးဆယ်အပြည့် လစ်ဟင်းမှုမရှိဘဲ ကိုယ့်တာဝန်ကိုယ်ကျေမှ ရနိုင်လိမ့်မယ်။ အဲလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ နည်းနည်းလေး လျော့တိလျော့ရဲဖြစ်လိုက်တာနဲ့ အရမ်းလည်း ဆိုးသွားနိုင်တယ်ပေါ့ဗျာ။ သို့သော်လည်းပဲ မလေးရှားလည်း ဒီလောက် အကောင်းကြီးမဟုတ်ဘူး။ သို့ပေမယ့် အခုနက ပြောခဲ့သလိုပဲ အနိုင်ရလိုဇောနဲ့သွားကစားလို့ရှိရင်တော့ ရလဒ်တွေ ကောင်းမှာမဟုတ်ဘူးပေါ့။ သူက ကျစ်ကျစ်လျစ်လျစ်နဲ့ ဗီယက်နမ်နဲ့ပွဲတုန်းကလိုပဲ ဘောလုံးပိုင်ဆိုင်မှုကို ကိုယ့်ဘက်က အသာစီးရအောင် ကစားမယ်ဆိုလို့ရှိရင်တော့ ရလဒ်ကောင်းရနိုင်ပါတယ်။ ပြီးခဲ့တဲ့ပွဲကထက် ပိုပြီးတော့ စေ့စေ့စပ်စပ်နဲ့ကစားမယ်ဆိုလို့ရှိရင် ကျနော်တို့အသင်း ရလဒ်ကောင်း ရနိုင်လိမ့်မယ်လို့ ကျနော်တော့ အဲလိုပဲသုံးသပ်တယ်။ အမှန်အတိုင်းဆိုရင်တော့ ဒီပွဲမှာ မြန်မာက အလွန်ဆုံးသရေလောက်ပဲ ရလိမ့်မယ်လို့ ကျနော်တော့ အဲလိုပဲ သုံးသပ်ပါတယ်။ နိုင်လောက်တဲ့အထိ ဖြစ်ဖို့ကတော့ တော်တော်လေး ဖြစ်နိုင်ခြေနည်းတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။”
အားကစားဆောင်းပါးရှင် ဆရားဦးမြတ်သက်ကရော ဒီပွဲကို ဘယ်လိုခန့်မှန်းပါသလဲ
“ပုံမှန်အနေအထားဆိုရင်တော့ သရေက ရနိုင်ပါတယ်။ သရေရတဲ့အပြင် ကျနော်ထင်တယ်။ နိုင်တောင် နိုင်နိုင်တဲ့အနေအထားမှာ ရှိတယ်လေ။ရှိလည်း ကျနော်တို့က ဗီယက်နမ်နှစ်သင်းကလွဲလို့ ရှေ့က လာအိုနဲ့ ကမ္ဘောဒီးယားနှစ်ပွဲလုံးမှာ ခံစစ်ကစားတာက တဘက်က တန်ပြန်တိုက်စစ်ဆင်တာတွေ တော်တော်ဟာတယ်ဗျ။ အဲဒါလေးတချက်ပဲ။ ဂိုးသမားကတော့ အဲဒါကို ကောင်းတယ်ဆိုတာရဲ့အထက်ကို ကျော်နေတယ်လေ။ ကျော်နေတော့ ခံစစ်ပိုင်းဟာတာရယ်၊ နောက်ပြီးတော့ ရှေ့တန်းမှာ အဆုံးသတ် မသေချာတာလေးတွေ သေချာလေး ရသွားမယ်ဆိုရင်တော့ ကျနော်ထင်တယ်။ သရေမပြောနဲ့ အနိုင်တောင် ရနိုင်ပါတယ်။ မလေးရှားခြေက ဒီလောက် အကောင်းကြီးမဟုတ်ဘူးပေါ့လေ။ သရေသားမဟုတ်ဘဲ ကျနော်တို့နိုင်မှာ။ ရှုံးတာကတော့ မရှုံးနိုင်ဘူး။”
ဆိုတော့ မြန်မာအသင်းအနေနဲ့ မလေးရှား နဲ့ ပွဲမှာ လိုချင်တဲ့ ပွဲရလဒ်ကို ရပြီး အကြိုဗိုလ်လုပွဲကို တက်နိုင်မလားဆိုတာကတော့ မကြာခင်မှာ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။