သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်


မန္တလေး ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်
မန္တလေး ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်

မန္တလေးမြို့မှာ ရေကြီးနေတဲ့အတွက် ဒုက္ခသည်စခန်းတွေဖွင့်ပြီး မြို့ခံတွေက ကူညီထောက်ပံ့ပေးနေရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် တခုတည်းမှာတင် အိမ်ခြေ ၁,၄၀၀ လောက် ရေမြုပ်သွားတာမို့ ရေကင်းလွတ်ရာ ဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီ ပေးနေကြရပါတယ်။ အာဏာပိုင်တွေနဲ့ NGO တွေဘက်ကတော့ ဘာအကူအညီမှ မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မန္တလေးမြို့မှာ မိုးဆက်တိုက် ရွာလိုက်တာကြောင့် ရပ်ကွက်တချို့မှာ ရေကြီးလို့ မိသားစုတချို့ ရေဘေးတွေ့နေကြပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဃ ရပ်ကွက် တခုတည်းမှာတင် ရေဘေးဒုက္ခသည် မိသားစုပေါင်း ၁,၄၀၀ က အခု ဒုက္ခသည်စခန်း ၉ ခုမှာ နေနေကြရပါတယ်။ ရင်ခေါင်းလောက်အထိ ရေတွေ တက်လာတာကြောင့် လူတွေက နေအိမ်တွေစွန့်ပြီး ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မန္တလေးမြို့ခံ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးအောင်ခိုင်က အခုလို ပြောပြပါတယ်။

“ပြည်ကြီးတံခွန်မြို့နယ် ဃ ရပ်ကွက်ထဲမှာ အိမ်ခြေ ၁,၄၀၀ လောက် ရေမြုပ်သွားတယ်ဗျ။ ကျနော်တို့ ဒုက္ခသည်စခန်း ၃ စခန်း ဖွင့်ထားတယ်ဗျ။ ဓမ္မာရုံတွေဗျ။ ကျနော့်ပါတီရုံးမှာလည်း တခုဖွင့်ထားတယ်။ အားလုံး မိသားစုဝင် ၉၄ ဦးကို ထမင်းချက်ကျွေးနေပါတယ်ဗျာ။”

ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ် တွေမှာလည်း ရေကြီးလို့ ကူညီကယ်ဆယ်ရေး လုပ်နေကြရပါတယ်။ ဒုက္ခသည်စခန်းတွေလည်း ဖွင့်ထားကြရပါတယ်။

“ပုသိမ်ကြီးမှာတော့ ဒုက္ခသည်စခန်း မဖွင့်ဘူး။ ပုသိမ်ကြီးမြို့နယ်ထဲက ရွှေစာရံဘက်၊ ဆည်တော်လေးဘက်၊ အဲဒီမှာတော့ ဒုက္ခသည်စခန်း ဖွင့်ထားပါတယ်။ ဆည်တော်လေး ဘူတာမှာလည်း ဖွင့်ထားတယ်။ မဟာအောင်မြေမြို့နယ် အနောက်တိုက် ၃၊ အဲဒီနားမှာလည်း ရေကြီးပါတယ်။”

မန္တလေးမြို့အတွင်း ရေကြီးတာကြောင့် လမ်းတွေပျက်သွားလို့ သွားလာရေးလည်း ခက်ခဲသွားပါတယ်။ နေအိမ်တွေ ရေမြုပ်လို့ ထွက်ပြေးလာကြရတာ ဖြစ်လို့ ရေဘေးဒုက္ခသည်တွေကတော့ စေတနာရှင် အကူအညီတွေကို အားထားနေကြရတာပါ။

“၇ ရက်နေ့ညက စဖြစ်တာပေါ့၊ ရေကကြီးလာတော့ မနက် ၂ နာရီခွဲလောက်မှာ ကိုယ့်အိမ်တွေ စွန့်ခွာပြီး ပြေးလာတာ။ ကျနော်တို့ ဇိနက်ချောင်းက လူတွေကတော့ လက်လုပ်လက်စားတွေ များတယ်ဗျ။ အလုပ်အကိုင် ပျက်တာပေါ့ဗျာ၊ ကိုယ့်မိသားစုနဲ့ ပျာယာခတ်ပြီးတော့ ထမင်းထုပ်ပဲ စားနေရတာပေါ့။”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ရက်ကွက်အတွင်း ရေကြီးလို့ ထွက်ပြေးလာကြရပြီး ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ ၃ ရက်ရှိသွားပြီ ဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က စားဝတ်နေရေး၊ ကျန်းမာရေး အကူအညီ ဘာမှ မရကြသေးပါဘူး။

“အကူအညီကတော့ လောလောဆယ် NGO ပုံစံမျိုးနဲ့ ပြင်ပဝန်ထမ်းတွေက ထမင်းထုပ်ပေးတာ ရှိတယ်။ နိုင်ငံတော် ပံ့ပိုးတဲ့ အစီအစဉ် ဘာမှ မရှိသေးပါဘူး။”

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ အကြီးအကဲဟောင်း ဒေါက်တာထွန်းလွင်ကတော့ ရေကြီးမှုလို သဘာ၀ ဘေးဒဏ်တွေကို ပြည်သူလူထု ကြိုတင် ကာကွယ်နိုင်အောင်၊ ပြင်ဆင်နိုင်အောင် ဘယ်ဒေသတွေမှာ ကျရောက်နိုင်တယ် ဆိုတာကို ကြိုတင် သတိပေးထားမယ် ဆိုရင်တော့ ရနိုင်ပါတယ်လို့ ပြောပါတယ်။

“ဘယ်အရာမဆို မရဘူးဆိုတာတော့ မရှိပါဘူး။ လုပ်လို့ရပါတယ်။ ကြိုတင်သတိပေးချက် လုပ်လို့ရပါတယ်။ ဒါပေမဲ့ Ready ဖြစ်မဖြစ် ဆိုတာတော့ အချက်အလက်တွေ အားလုံး ပြည့်စုံရင်တော့ လုပ်လို့ရတာချည်းပါပဲ။ အခုတော့ ကျနော်တို့က ယေဘုယျ သဘောကတော့ ကျနော်တို့မှာလည်း ဘယ်လိုနေရာတွေမှာ Flood Risks များတယ်၊ ဘယ်လိုနေရာ နည်းတယ်ဆိုတာတော့ ကျနော်တို့ ဌာနတွေမှာလည်း ရှိပါတယ်။ ဒါကြောင့် လုပ်မယ်ဆိုရင်တော့ လုပ်လို့ရနိုင်ပါတယ်။”

မန္တလေးမှာ ရေကြီးတာ နှစ်တိုင်းဖြစ်ပေမဲ့ ဒီနှစ်လို ရေကြီးတာကတော့ နည်းနည်း ထူးခြားပါတယ်။

“ဒီနှစ်မှာ မေလတုန်းက မုန်တိုင်း တလုံးဖြစ်တယ်။ မိုးတွင်း ၄ လလုံး ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ တလုံးမှ မဖြစ်ဘူး။ ဒီတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာ မုန်တိုင်း ဖြစ်မယ်လို့ ကျနော် မှန်းထားပါတယ်ခင်ဗျာ။ ဒါ ပထမတလုံး စဖြစ်တာပါပဲ။ တကယ်တော့ Land Cross ကတော့ ဘင်္ဂလားဒေ့ရှ် ဖြစ်ပေမဲ့ တိမ်တိုက်ကြီးက ကျနော်တို့ဘက်ထိ ဆက်လာပြီးတော့ မြန်မာပြည် တပြည်လုံးကို အလယ်ပိုင်းတွေရော အကုန်လုံး ဖုံးလွှမ်းသွားပါတယ်။

“ဒီနေ့မနက်မှာတော့ အဲဒီ အလယ်ပိုင်းမှာဖုံးတဲ့ တိမ်တွေက တော်တော် လျော့သွားပါပြီခင်ဗျ။ အရင်ရက်တွေလောက်တော့ မိုးများစရာအကြောင်း သိပ်မရှိတော့ပါဘူး။ ထူးခြားတာကတော့ လာနီညာ ဖြစ်တာရယ်၊ မုန်တိုင်း ဖြစ်တာရယ်ပေါ့။ အဲဒီနှစ်ခုကတော့ တခြားနှစ်တွေထက် မတူဘူးလို့ ပြောနိုင်တယ်။

“နောက်တခုက ရေကြီးတာလည်း ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ ပြောရရင် တနှစ်ကို ၃ ကြိမ် ရေကြီးတာမှာ မိုးလွန်က နောက်ဆုံးအကြိမ်ပဲ။ မုန်တိုင်းက နောက်ဆုံးလို့ ကျနော် မပြောနိုင်သေးပါဘူး။ အောက်တိုဘာ၊ နိုဝင်ဘာ ၂ လလုံးကတော့ ဘာပြောပြော ကျနော်တို့ သတိထားဖို့တော့ လိုပါတယ်။”

ဒေါက်တာထွန်းလွင် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG