သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ 


၇၇ကြိမ်မြောက် အာဇာနည်နေ့မှာ‌ အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဝန်ကြီးဦးရာဇတ်နဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားရာ ဂူသင်္ချိုင်းကို လာရောက်ဂါရဝပြုကြသူများ (ဇူလိုင် ၁၉၊ ၂၀၂၄)
၇၇ကြိမ်မြောက် အာဇာနည်နေ့မှာ‌ အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဝန်ကြီးဦးရာဇတ်နဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားရာ ဂူသင်္ချိုင်းကို လာရောက်ဂါရဝပြုကြသူများ (ဇူလိုင် ၁၉၊ ၂၀၂၄)

ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းက နေရာတချို့မှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။ ကျဆုံးသွားတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အာဇာနည် ခေါင်းဆောင်ကြီးတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ တချိန်တည်းမှာ မြန်မာစစ်အာဏာရှင် လက်အောက် ကျဆုံးခဲ့ကြသူ အားလုံးကို အောက်မေ့ ဂုဏ်ပြု အလေးပြုတာ၊ ဆန္ဒပြသပိတ် ဆင်နွှဲတာတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း အပြည့်စုံကို တင်ပြပေးပါမယ်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ၇၇ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အာဇာနည်နေ့ အခမ်းအနားတွေကို ဒီကနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် နေရာ ဒေသတချို့မှာ ကျင်းပကြခဲ့ကြတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တောက်လျှောက် ရှိလာခဲ့တဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာတော့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့အတူ စစ်အာဏာရှင် တိုက်ထုတ်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ ကိုရှင်းသန့်က ပြောပါတယ်။

"ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင် ၉ဦးအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအရေးတော်ပုံတိုက်ပွဲတွေမှာ အသက်ပေးသွားကြတဲ့ အာဇာနည်တွေဟာ သူတို့အသက်တောင်ပေးခဲ့ပြီ ကျနော်တို့က သူတို့ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုဖို့ အလေးအနက်ပြုဖို့အတွက် ဘာကြောင့်တွန့်ဆုတ်ပြီးရှောင် နေရမှာလဲ။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် စစ်အာဏာရှင်တွေကြောင့် ခေတ်အဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေ ကြိုးစားအားထုတ်မှု အသက်ပေးဆပ်မှုကို အလဟဿ မဖြစ်အောင် ကျနော်တို့ တိုင်းပြည် အနာဂါတ်ကောင်းစားဖို့ စစ်အာဏာရှင်ကို ဖြိုချ ဖျက်ဆီးမှသာ တိုင်းပြည်ကောင်းလာမှာ ဖြစ်တယ်။ ပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့ သွေးတွေ ချွေးတွေ အလကားမဖြစ်အောင် ဆက်လက် တိုက်ပွဲဝင်ဖို့ တိုက်တွန်းချင်ပါတယ်။"

လုံခြုံရေး တင်းကျပ်ထားတဲ့ကြားကပဲ ရန်ကုန် အပါအဝင် နေရာတချို့မှာ အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာတမ်းတွေ ချိတ်ဆွဲတာ၊ ကျဆုံးသူတွေကို အလေးပြု ဂုဏ်ပြုတာတွေ လုပ်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အဓိက နှိုးဆော်ခဲ့ကြပါတယ်။

ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူးဝါလရှီးလကလည်း ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေ အပြင် ခေတ်အဆက် ဆက် ဒီမိုကရေစီအရေး အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်တွေကို မမေ့လျော့ကြဘဲ ဒီမိုကရေစီရေးအတွက် ပြည်သူနဲ့ တသားထဲ ဆက်လက် ရပ်တည်မယ် လို့ ဒီကနေ့ အွန်လိုင်းပေါ်က ကျင်းပတဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

"လူငယ်လူရွယ်တွေထဲမှာလည်းတိုင်းပြည်နဲ့လူထုအတွက် ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ အမြောက်အမြား ရှိနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပ ပြုလုပ်တဲ့ အာဇာနည် အခမ်းအနားမှာ အတိတ်သမိုင်းနဲ့ လက်ရှိပစ္စုပ္ပန်အတွင်းက အာဇာနည် သူရဲကောင်းအားလုံးကို တပေါင်းတစည်းထဲ အလေးနက်ပြုကြဖို့ လိုပါတယ်။ ဒီနေ့အာဇာနည်အခမ်းအနားမှာ ကျနော်တို့ဟာကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ကျေးဇူးတရားကို အောင့်မေ့သတိရပြီး အာဇာနည်ခေါင်း ဆောင်တွေမျှော်မှန်းခဲ့တဲ့ တိုင်းပြည်နဲ့နိုင်ငံသစ်ကိုအောင်မြင်အောင်တည်ဆောက်နိုင်ကြဖို့ ခွန်အားယူကြရမှာဖြစ်ပါတယ်"

၇၇ကြိမ်မြောက် အာဇာနည်နေ့မှာ‌တွေ့ရတဲ့ ရန်ကုန်မြို့ဆူးလေဘုရားအနီး မြင်ကွင်းတခု (ဇူလိုင် ၁၉၊ ၂၀၂၄)
၇၇ကြိမ်မြောက် အာဇာနည်နေ့မှာ‌တွေ့ရတဲ့ ရန်ကုန်မြို့ဆူးလေဘုရားအနီး မြင်ကွင်းတခု (ဇူလိုင် ၁၉၊ ၂၀၂၄)

ရန်ကုန် အာဇာနည်ဗိမာန်မှာ စစ်ကောင်စီကလည်း ဒီကနေ့ နိုင်ငံတော် အခမ်းအနား ဦးဆောင်ကျင်းပပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရခဲ့ပါဘူး။ အာဏာသိမ်းပြီးထဲကဆိုရင် အာဇာနည်နေ့အခမ်းအနားကို မတက်နိုင်တာ ၄နှစ်ရှိပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသားအကြီး ဦးအောင်ဆန်းဦး တက်ရောက် လွမ်းသူပန်းခွေချခဲ့သလို၊ အခြား အာဇာနည် ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ သခင်မြ၊ အတွင်းဝင် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်တာကိုလည်း တွေ့ရပါတယ်။

ဒီပွဲကို စစ်ကောင်စီ အရာရှိတွေ၊ အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုတွေ၊ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ နိုင်ငံခြား သံတမန် တချို့ တက်ရောက်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တချို့ တက်ရောက်လာပါတယ်။ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ အမြင့်ဆုံးရာထူးနဲ့ သူ့အနေနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အာဇာနည်နေ့ ထုံးစံအတိုင်း အာဇာနည်ကုန်း၊ ဝန်ကြီးများရုံးနဲ့ ဗိုလ်ချုပ်ပြတိုက်တို့လာရောက်လေ့လာနိုင်ဖို့ခွင့်ပြုထားပေ မယ့် လာရောက်သူတွေ နည်းပါးတယ်လို့ အဲနေရာအနီးက ဒေသခံတွေကပြောပါတယ်။ အာဏာမသိမ်းခင်တုန်းကလို အခမ်းအနားတွေ စုဝေးကျင်းပပြီး အာဇာနည်ဗိမာန် သွားရောက် ဂုဏ်ပြုတာ၊ ရန်ကုန်လို မြို့ကြီးတွေက လမ်းမတွေပေါ်မှာ ကားတွေကို ရပ်တန့် ဟွန်းတီးတာတွေ ကလည်း အနည်းအကျဉ်း လောက်သာ ရှိခဲ့ပါတယ်။

ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံး နဲ့ ဗြိတိသျှ သံရုံးတွေကလည်း ဒီကနေ့ အသီးအသီး ထုတ်ပြန် ပြောဆိုကြပါတယ်။

ဒီနှစ်မှာပဲ တာဝန်ထမ်းဆောင်ဖို့ ရောက်နေတဲ့ အမေရိကန် သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် ကိုယ်တိုင် ဝန်ကြီးများရုံးကို သွားရောက်ဂါရဝ ပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ကျဆုံးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ရဲ့အဆုံးစွန်ပေးဆပ်ခဲ့တဲ့ စိတ်ဓါတ်ကို အမှတ်ရဆင်ခြင်မိသလို မြန်မာပြည်သားတိုင်း အမှတ်ရနေဖို့ ဆုမွန်ကောင်းတောင်းကြောင်း ဒီကနေ့ အမေရိကန်သံရုံးက Facebook စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

အလားတူ ဗြိတိသျှ သံရုံးကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဏာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကို မြန်မာပြည်သူတွေနဲ့အတူ အောက်မေ့ ဂုဏ်ပြုပါကြောင်း နဲ့ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်တုန်းကလိုပဲ ခုချိန်မှာ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ အခြေအနေက ဘယ်လိုမှ လက်ခံနိုင်စရာကြောင်း ဒီကနေ့ ဗြိတိသျှသံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး ဆန္ဒတွေ ပြည့်ဝလာတဲ့အထိ ဆက်လက် ကူညီပံ့ပိုးပေးသွားမယ့်အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG