သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အကြောင်း သိသူနည်းပါး


<span class="short_text" id="result_box" lang="zh-TW"><span title="2013年5月16日,在龙卷风扫过德克萨斯州的格兰伯里后,救援人员在废墟中搜索。">2013年5月16日,在龍捲風掃過德克薩斯州的格蘭伯里後,救援人員在廢墟中搜索。</span></span>
<span class="short_text" id="result_box" lang="zh-TW"><span title="2013年5月16日,在龙卷风扫过德克萨斯州的格兰伯里后,救援人员在废墟中搜索。">2013年5月16日,在龍捲風掃過德克薩斯州的格蘭伯里後,救援人員在廢墟中搜索。</span></span>

ဒီကနေ့ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတာ ၆၄ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ဝန်ကြီးများရုံးမှာ လွတ်လပ်ရေးအတွက် တိုင်ပင် ဆွေးနွေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင် အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေနဲ့အတူ သက်တော်စောင့် ရဲဘော် ကိုထွေးတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတဲ့ အဖြစ်ဟာ သမိုင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ ဒီအဖြစ်ကို ဒီနေ့ လူငယ်တွေကြား သိပ်မသိကြတော့ဘူးလို့ ပြောတဲ့သူကတော့ ကျဆုံး အာဇာနည် ဦးရာဇတ်ရဲ့ မြေးဖြစ်သူ ဒေါ်ညိုမီရာဇတ် ဖြစ်ပါတယ်။ ဒါဟာ နောက်ပိုင်း မြန်မာအစိုးရတွေက အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အလေးအနက် မထားတော့တဲ့ အတွက်ကြောင့်ပါလား။

“အရင်ခေတ်တုန်းက ဥသြဆွဲကြတယ်၊ နောက် အလံကို တဝက်ထူတယ်၊ အဲဒါမျိုးအတွက်လည်း လှုံ့ဆော်ခဲ့ကြတာပေါ့။ အခုကျတော့ အလံထူတာလည်း သိပ်မရှိတော့ဘူး၊ ဥသြဆွဲသံလည်း မရှိတော့ဘူး။ အဲဒီအခါကျတော့ အဲဒါတွေကို စိတ်မကောင်းဘူးပေါ့။ တိုင်းပြည် လွတ်လပ်ရေးရဖို့ အကုန်လုံး လုပ်လာခဲ့တယ်။ ဒီဥစ္စာတွေကို အခုခေတ် လူတွေဆိုရင် ပိုပြီးတော့ မသိကြတော့ဘူး၊ အာဇာနည်နေ့ဆိုတာ။ ရုံးမှာလည်း ကလေးတွေကို မေးကြည့်တယ်၊ သူတို့တွေက သိပ်မသိကြဘူး။ အာဇာနည်ကုန်း ရှိတယ်ဆိုတာလည်း သူတို့ သိပ်မသိဘူး။ အဲဒီ ၉ ဦး ရှိတယ်လို့ သိတဲ့သူကလည်း ၉ ဦးဟာ ဘယ်သူလဲလို့ မသိတော့ဘူး။”

အခုလိုဖြစ်ရတာဟာ မြန်မာ့သမိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ လွတ်လပ်ရေးအတွက် ဘယ်သူတွေက ဘယ်လောက် စွန့်လွှတ်ပြီး ကြိုးစားခဲ့ကြသလဲ ဆိုတာကို စိတ်မဝင်စားကြတော့လို့ပါလား။ ဦးရာဇတ်ရဲ့သား ဦးလှကြည်ကတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“စိတ်ဝင်စားတယ်၊ စိတ်မဝင်စားတာ မဟုတ်ဘူး၊ လူတန်းစား အဆင့်ဆင့်ပေါ့၊ လူလတ်တွေ၊ လူငယ်တွေ၊ လူကြီးတွေ။ တချို့ မသိဘူးဆိုတဲ့ ကျောင်းသားလေးတွေပေါ့။ အဲဒီ ကျောင်းသားလေးတွေကအစ အာဇာနည်နေ့ဆိုတာ သူတို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ သိပ်တော့ မသိကြတော့ဘူး။ အာဇာနည် ဘယ်နှစ်ဦး ကျဆုံးသွားလဲဆိုတာ သူတို့ မသိကြတော့ဘူး။ အာဇာနည်ကြီးတွေရဲ့ နာမည်ဆိုရင်တော့ ပြောမနေကြနဲ့တော့။ သူတို့ မမှတ်မိကြတော့ဘူး။ ဒါပေမဲ့ အာဇာနည်နေ့တော့ စိတ်ဝင်စားတယ်။”

ဒါဆိုရင် ဘာကြောင့် အာဇာနည်ကြီးတွေရဲ့ နာမည်ကိုတောင် မသိကြတော့ဘူးလို့ ထင်ပါသလဲ။

“တဖြည်းဖြည်း နိုင်ငံတော်အစိုးရ အနေနဲ့က သိပ်ပြီးတော့ မထင်ပေါ်စေချင်လို့လား ဘာလို့လဲ မသိဘူး။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ကလေးတွေအနေနဲ့က အူကြောင်ကြောင် ဖြစ်သွားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူကြီးတွေ၊ မိဘတွေ၊ ဆရာသမားတွေကတော့ အာဇာနည်နေ့ အကြောင်းကို ကြုံရင် ကြုံသလို အမြဲတမ်း ပြောပြပါတယ်။”

မြန်မာနိုင်ငံ လွတ်လပ်ရေး ရလုချိန်မှာ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အတွက် တတိုင်းပြည်လုံး ယူကြုံးမရ ဖြစ်ခဲ့ကြတာကို အဲဒီအချိန်က ကိုယ်တွေ့ကြုံခဲ့ရသူတွေက ပြန်ပြီး ပြောပြကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း သူတို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရချိန် မနက် ၁၀ နာရီ ၃၇ မိနစ်ရောက်ရင် တနိုင်ငံလုံး ဥသြဆွဲပြီး အထိမ်းအမှတ် လုပ်တာတွေ၊ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ အလေးပြုတဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဥသြဆွဲသံ ကြားရင်လည်း ပြည်သူတွေဟာ လုပ်လက်စ အလုပ်တွေ ရပ်ပြီး မတ်တပ်ရပ် ဦးညွှတ် အလေးပြုခဲ့ကြသလို အိမ်မှာရှိနေသူတွေကလည်း ရေဒီယိုဖွင့်ပြီး အလေးပြုဖို့ စောင့်နေခဲ့ကြပါတယ်။

တခါ ကျောင်းတွေမှာလည်း အာဇာနည်နေ့ နီးပြီဆိုတာနဲ့ အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ နံရံကပ်စာစောင် ပြိုင်ပွဲတွေ၊ စာစီစာကုံး ပြိုင်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဒါတွေကို မှီခဲ့တဲ့သူတွေကတော့ အာဇာနည်ကြီးတွေရဲ့ နာမည်တင်မက သူတို့ ဘယ်လို ကျဆုံးခဲ့သလဲ ဆိုတာကို ရင်ထဲမှာ စွဲနေတယ်လို့ ပြောပြကြပါတယ်။

အာဇာနည်နေ့ အခမ်းအနားတွေကို အကျဉ်းချုံး စလုပ်ခဲ့တာကတော့ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်ထက်က စခဲ့တယ်လို့ ပြောရမှာပါ။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မဆလအစိုးရ ပြုတ်ကျပြီး နောင်တက်ခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်မှာတော့ အာဇာနည်နေ့ အခမ်းအနားတွေကို မလုပ်မဖြစ် လုပ်ရတဲ့ ပွဲတခု အနေနဲ့သာ ကျင်းပတဲ့အထိ ဖြစ်ခဲ့ပါတယ်။

“တနှစ်ထက် တနှစ်ကတော့ ရိုးရိုးပဲ ပြောရမယ်ဆိုရင် ညံ့ညံ့လာတာပေါ့လေ။ အရင်တုန်းက သမ္မတကြီး မန်းဝင်းမောင် လက်ထက်တုန်းကတော့ သမ္မတကိုယ်တိုင် လာတာကိုး။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌတုန်းက ဗိုလ်ချုပ် နေဝင်းက ကိုယ်တိုင်လာတယ်။ သူကိုယ်တိုင် အာဇာနည်ကြီးတွေရဲ့ ဇနီးတွေကို လက်ဆွဲ နှုတ်ဆက်ပြီးတော့ အားပေးစကား ပြောတယ်၊ လိုတဲ့အကူအညီတောင်း ဘာညာပေါ့။

“အဲဒီနောက်ပိုင်းကျတော့ ဗိုလ်ချုပ် အောင်ကြီးတို့၊ ဝန်ကြီးချုပ် မောင်မောင်ခတို့၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် သောင်းဒန်တို့၊ နောက်ဆုံး ကျနော်မှတ်မိတာ ဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဗိုလ်ချုပ်ကြီး ဘုန်းမြင့် နောက်ပိုင်းကျတော့ သိပ်မသိတော့ဘူး။”

ကျဆုံးအာဇာနည်ကြီး ဦးရာဇတ်ရဲ့သား ဦးလှကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ကုန်းမှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ကြီးတွေရဲ့ ပေးဆပ်မှုကို သိနားလည်သူတွေကတော့ အာဇာနည်နေ့ကို မှေးမှိန်အောင် ဘယ်သူတွေက ဘယ်လိုပဲလုပ်လုပ် ရင်ထဲမှာ ရှိနေကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG