သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အာဇာနည်နေ့ကို အမေရိကန်နဲ့ ဗြိတိန်သံရုံး အောက်မေ့ ဂုဏ်ပြု


အာဇာနည်နေ့အခမ်းအနား (ယခင်ပုံဟောင်း)
အာဇာနည်နေ့အခမ်းအနား (ယခင်ပုံဟောင်း)

ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၆ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန် ပြောဆိုပါတယ်။ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကနေ မျိုးဆက်သစ်တွေရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုတွေ အတွက် ခွန်အားအဖြစ် ဆက်လက် တည်တံ့နိုင်ဖို့လည်း ဆုမွန်ကောင်းတောင်းတဲ့အကြောင်း ဒီကနေ့ အမေရိကန်သံရုံးက Facebook စာမျက်နှာပေါ်မှာ ရေးသားထားတာပါ။

အလားတူ ဗြိတိသျှ သံရုံးကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဏာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကို မြန်မာပြည်သူတွေနဲ့အတူ အောက်မေ့ ဂုဏ်ပြုပါကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်တုန်းကလိုပဲ ခုချိန်မှာ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ အခြေအနေက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိသလို၊ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေကို လေးစား ဂုဏ်ပြုကြောင်းလည်း ဗြိတိသျှသံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီ အနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိဖို့ ဗြိတိန်အစိုးရက ဆက်လက် ဖိအားပေး တိုက်တွန်း သွားမယ့်အကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး ဆန္ဒတွေ ပြည့်ဝလာတဲ့အထိ ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ့်အကြောင်းလည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့အတူ စစ်အာဏာရှင်လက်အောက် ကျဆုံးခဲ့ကြသူတွေကို အောက်မေ့ဘွယ် ဂုဏ်ပြု အလေးပြုတာ၊ ဆန္ဒပြသပိတ် ဆင်နွှဲတာတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ မြို့ကြီး တချို့ အပါအဝင် နေရာအတော်များများမှာ ဒီကနေ့ တက်ကြွလှုပ်ရှားသူတွေ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေနဲ့ စုဝေး ဆန္ဒပြတာတွေ လုပ်ခဲ့ကြတာပါ။

XS
SM
MD
LG