သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာဥပဒေမူကြမ်း အမျိုးသားလွှတ်တော် ပယ်ချဖို့ RSF တိုက်တွန်း


ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ နိုင်ငံတကာ သတင်းမီဒီယာ စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် အမျိုးသားလွှတ်တော်က ပယ်ချလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က တိုက်တွန်းလိုက်ပါတယ်။

ပြည်တွင်း သတင်းမီဒီယာသမားတွေရဲ့ ကန့်ကွက်မှုတွေကြားက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းကို ပြင်ဆင်သုံးသပ် ရေးဆွဲဖို့လည်း အကြံပေးခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြည်တွင်း ပြည်ပ သတင်းသမားတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေက ကန့်ကွက်ထားတဲ့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၄ ရက်နေ့ကပဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြန်ကြားရေးဌာနက ရေးဆွဲ တင်သွင်းထားတဲ့ ဒီဥပဒေမူကြမ်းဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို ထိန်းချုပ် ကန့်သတ်ထားဆဲ ဖြစ်ပြီး နိုင်ငံတကာ သတင်းမီဒီယာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ဝေဖန်လိုက်ပါတယ်။

“မြန်မာပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ကိစ္စကို နယ်စည်းမထား သတင်းထောက်များအဖွဲ့အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီမူကြမ်းကို အမျိုးသားလွှတ်တော်က ပယ်ချဖို့ ကျမတို့ မျှော်လင့်နေပါတယ်။ ဒီမူကြမ်းဟာ နိုင်ငံတကာ သတင်းမီဒီယာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဥပမာ - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်ခွင့် တားမြစ်ထားသလို၊ ပုံနှိပ်မီဒီယာ ထုတ်ဝေခွင့် မှတ်ပုံတင်မှုတွေကိုလည်း ကန့်သတ်ထားတုန်း ဖြစ်ပါတယ်။ ဒါကြောင့် သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ သတင်းမီဒီယာတွေကို ထိန်းချုပ်ခွင့် ရစေမှာဖြစ်ပါတယ်။”

နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF ရဲ့ ဝါရှင်တန်ဒီ တာဝန်ခံ Delphine Halgand ပြောသွားတာပါ။ ပြည်သူ့လွှတ်တာ်မှာ အတည်ပြုလိုက်တဲ့ ဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ကပါ အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရင်တော့ ဒီဥပဒေ အတည်ဖြစ်လာမှာပါ။

ဒါပေမဲ့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြည်တွင်း သတင်းသမားတွေ ကတော့ ဒီဥပဒေကို အပြင်းအထန် ကန့်ကွက်နေတာ ဖြစ်ပါတယ်။ သမ္မတခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သဘောတူညီမှုနဲ့လည်း မီဒီယာဥပဒေတရပ် ရေးဆွဲနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုလို ရေးဆွဲနေချိန်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာနကလည်း သီးသန့် မူကြမ်းတရပ် ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာစာနယ်ဇင်းကောင်စီ ကတော့ ပြန်ကြားရေးဌာနက တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းကို လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ပြန် ကန့်ကွက်ထားသလို၊ ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီ အကြား အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့တာတွေကို ပြန်ကြားရေးဝန်ကြီးဌာနဘက်က ပစ်ပယ်ခဲ့တယ်လို့လည်း ပြောဆိုထားတာပါ။

ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနကဘက်တော့ မြန်မာစာနယ်ဇင်းကောင်စီနဲ့ သူတို့ကြားမှာ ညှိနှိုင်းဆွေးနွေးမှု တကြိမ်သာ ရှိခဲ့ပြီး သဘောတူညီချက် တိတိကျကျ ရယူခဲ့တာတွေလည်း မရှိတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

RSF က Delphine Halgand ကတော့ မြန်မာအစိုးရအနေနဲ့ မီဒီယာဥပဒေရေးဆွဲရာမှာ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သတင်းသမားတွေရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“သတင်းမီဒီယာ ဥပဒေတရပ် ပြင်ဆင်ပြဌာန်းဖို့ ဆိုတာဟာ အစိုးရအဖွဲ့အစည်းတွေ၊ မြန်မာ့သတင်းမီဒီယာ အဖွဲ့အစည်းတွေ အားလုံး ပါဝင်ပြီးတော့ အချိန်ယူ ညှိနှိုင်းဆောင်ရွက်ရတဲ့ ကိစ္စတခု ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ဒီဥပဒေမူကြမ်း ရေးဆွဲရာမှာ သတင်းထောက်တွေ၊ မီဒီယာသမားတွေရဲ့ အကြံပြုချက်တွေကို နားထောင်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ နယ်စည်းမထား သတင်းထောက်များ အဖွဲ့အနေနဲ့လည်း သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ရေးဆွဲမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အကြံပြုတင်ပြတာတွေ ရှိပါတယ်။ ဒီလို အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတယ်လို့ ပြောနေတဲ့ မြန်မာအစိုးရအနေနဲ့ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အမှန်တကယ် လုပ်ဆောင်ပြသဖို့ လိုတယ်လို့လည်း Delphine Halgand က ပြောသွားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက အဆိုပြု တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းအရဆိုရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဝေဖန် ထောက်ပြတာ၊ ဒါမှမဟုတ် သတင်းရေးသားတာ အပါအဝင် အကြောင်းအရာ အတော်များများကို တင်ပြခွင့် ကန့်သတ်ထားသလို၊ အစိုးရထံမှာ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြု လက်မှတ် မရှိဘဲနဲ့ ထုတ်ဝေခဲ့ရင် ထောင်ဒဏ် ၆ လပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီ ဥပဒေမူကြမ်းဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ ပုံနှိပ်ထုတ်ခွင်ခြင်း ဆိုင်ရာ ဥပဒေနဲ့ ကွာခြားမှု သိပ်မရှိဘူးလို့ သတင်းမီဒီယာ သမားတွေက ဝေဖန်ထောက်ပြနေကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG